ဘနာဇီယာဘူတို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Benazir Bhutto.jpg

အမျိုးသမီးနိုင်ငံရေးခေတ်အစ[ပြင်​ဆင်​ရန်​]

ဘနာဇီယာဘူတို (Banazir Buhtto) ကို ၁၉၅၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကရာချိမြို့၌ဖွားမြင်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ ကိုလိုနီခေတ်အလွန် မူဆလင်နိုင်ငံတည်ထောင်ပြီးခေတ်တွင် ပထမဦးဆုံး အမျိုးသမီးနိုင်ငံရေးသမားအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူလည်းဖြစ်သည်။ ဘူတိုကို ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။ ပထမဦးဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် ၁၉၈၈ ခုနှစ်တွင်ရွေးချယ်ခြင်းခံရပြီး လပေါင်း ၂၀ အကြာတွင် သမ္မတဂူလန်အီရှက်ခန်း (Ghulam Ishaq Khan) က အကျင့်ပျက်ခြစားမှုများကြောင့် ရာထူးမှဖယ်ရှားပစ်ခဲ့သည်။ ဘူတိုသည် ၁၉၉၃ ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရပြန်သည်။ အလားတူ အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကြောင့် ၁၉၉၆ ခုနှစ်တွင် နောက်တစ်ကြိမ် သမ္မတဖာရွတ်လီဂါရီ (Farooq Leghahi) ကဖြုတ်ချခဲ့ပြန်သည်။

ဘူတိုသည် မိမိကိုယ်ကို အပြစ်ပေးသည့်အနေဖြင့် ၁၉၉၈ ခုနှစ်တွင် ဒူဘိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ထိုနိုင်ငံတွင် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ ပါကစ္စတန်သို့ ပြန်မလာမီအထိ နေထိုင်ခဲ့သည်။ ပြန်မလာမီ လက်ရှိ နိုင်ငံတော်ကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် (General Musharraf) နှင့် အပြစ်များမှ လွတ်ငြိမ်းခွင့်ပြုရန် သဘောတူခဲ့သောကြောင့် ဌာနေသို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲဖြစ်သူ မူရှာရက်ဖ်က နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်ဝေဖန်ခဲ့သည်။ ၂၀၀၇ ခုနှစ် နိုင်ဝင်ဘာ ၉ ရက်နေ့တွင် မူရှာရက်ဖ်သည် သူမအား အိမ်တွင်းအကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရန် အမိန့်ထုတ်ခဲ့သည်။ အခြေအနေအရ နိုင်ငံရေးလှုံ့ဆော်မှုများမပြုနိုင်ရန် ထိုသို့တားမြစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းပြည် အခြေအနေများ ပိုမိုရှုပ်ထွေးနိုင်သောကြောင့် ထိုသို့ထိန်းသိမ်းရခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့သည်။ အရေးပေါ် အခြေအနေထုတ်ပြန်စဉ်ကာလတွင် နိုင်ငံရေးအရ လှုပ်ရှားမှုများကို ထိန်းသိမ်းရန်ဖြစ်သော်လည်း အမိန့်ထုတ်ပြီး မကြာမီ ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးလိုက်သည်။

သူမသည် ယခင်ဝန်ကြီးချုပ်ဟောင်း ဇူဖီကာအလီဘူတို (Zulfikar Ali Bhutto) နှင့် နူးစရက်ဘူတို (Nusrat Buhtto) တို့၏ သမီးအကြီးဖြစ်သည်။ ဘနာဇီယာသည် အောက်စ်ဖို့ဒ် (Oxford) တက္ကသိုလ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေးပညာရပ်များ လေ့လာသင်ကြားခဲ့ပြီး ဟားဗတ် (Harvard) တက္ကသိုလ်မှဘွဲ့ရရှိခဲ့သည်။ သူမ၏ အဖိုးဖြစ်သူမှာ ဆာဘွဲ့ရ ဆာရှားနဝပ်ဇ်ဘူတို (Sir Shah Nawaz Buhtto) ဖြစ်သည်။

ဘဝနှင့်ပညာရေး[ပြင်​ဆင်​ရန်​]

မူလတန်းမှ အထက်တန်းအဆင့်အထိပညာရပ်များကို ပါကစ္စတန်နိုင်ငံတွင် သင်ယူခဲ့သည်။ A-Levels စာမေးပွဲကို ကရာချိဂရမ်မာ ကျောင်းမှအောင်မြင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ အမေရိကန်နိုင်ငံသို့သွားရောက်ပညာသင်ယူခဲ့သည်။ တက္ကသိုလ်ပညာကို ရက်ဒ်ကလစ်ဖ်ကောလိပ်တွင် စတင်သင်ယူခဲ့ပြီး နောက်ပိုင်း ဟားဗတ်တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။ ဟားဗတ်တွင် ဘီအေဘွဲ့ကိုရရှိခဲ့သည်။

၁၉၇၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ဗြိတိန်သို့ပြောင်းကာ ဒဿနိက၊ နိုင်ငံရေးနှင့် စီးပွားရေးဘာသာရပ်များကို အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် သင်ကြားလေ့လာခဲ့သည်။ အောက်စ်ဖို့ဒ်တွင် နိုင်ငံတကာဥပဒေနှင့် သံတမန်ဆက်ဆံရေး ဘာသာရပ်များကို လေ့လာခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် အောက်စ်ဖို့ဒ်ကျောင်းသားသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ဩဇာကြီးမားသည့်ကျောင်းသားသမဂ္ဂတွင် ပထမဦးဆုံးအာရှတိုက်၏ အမျိုးသမီးခေါင်းဆောင်ဖြစ်လာခဲ့သည်။

၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အာဆစ်ဖ်အလီဇာဒါရီ (Asif Ali Zardari) နှင့် ကရာချိတွင် လက်ထပ်ခဲ့သည်။ ဘီလာဝါလ်၊ ဘာခက်ဝါ၊ အာဆီဖာဆိုသည့် သားသမီးသုံးဦးထွန်းကားခဲ့သည်။

မိသားစုသမိုင်းကိုပြန်ပြောင်းသုံးသပ်ကြည့်ခြင်း[ပြင်​ဆင်​ရန်​]

ဘနာဇီယာဘူတို၏ ဖခင်ဖြစ်သူ ယခင်ဝန်ကြီးချုပ်ဟောင်း ဇူလ်ဖီကာအလီဘူတိုသည် ၁၉၇၅ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်သည်။ ဘမျိုးဘိုးတူဆိုသည့်အလား သမီးဖြစ်သူမှာ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံနိုင်သော်လည်း ရာထူးဖြုတ်ချခြင်းကို ခံခဲ့ရသူဖြစ်နေသည်။ ၁၉၇၇ ခုနှစ်နှောင်းပိုင်းတွင် အလီဘူတိုသည် အစိုးရဆန့်ကျင်သူနိုင်ငံရေးသမား အာမက်ရာဇာကာစူရီ၏ဖခင်ဖြစ်သူကို သတ်မှုတွင် ပူးပေါင်းကြံစည်မှုဖြင့် တရားရုံးမှသေဒဏ်ချမှတ် ခြင်းခံရသည်။

အလီဘူတိုအပေါ်စွပ်စွဲချက်များသည် ပြည်သူများက မည်မျှသံသယရှိနေသည်ဆိုစေ၊ နိုင်ငံတကာခေါင်းဆောင်များက တောင်းပန်နေသည့် ကြားမှ အလီဘူတိုအား ၁၉၇၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ ထိုစဉ်က သမ္မတမှာ ဗိုလ်ချုပ်ကြီး မိုဟာမက် ဇီယာအူဟတ်ဖြစ်သည်။ ဘနာဇီယာဘူတိုနှင့် သူမမိခင်တို့ကို ကြိုးပေးပြီးသည့် မေလအထိအစိုးရကရဲစခန်းတစ်ခုတွင် ထိန်းသိမ်းထားခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဘနာဇီယာဘူတို၏မောင်ဖြစ်သူ ရှာနာဝပ်ဇ်သည် ပြင်သစ်နိုင်ငံတွင် အသတ်ခံရသည်။ ထိုအမှုမှာလည်း လုပ်ကြံခံရခြင်း ဖြစ်ဖွယ်ရှိကြောင်း သံသယများစွာဖြစ်ခဲ့ရသည်။ ဘနာဇီယာ ဒုတိယအကြိမ်သမ္မတအဖြစ် ပြန်လည်အရွေးခံပြီး မတည်မငြိမ် ဖြစ်နေချိန်တွင် အခြားမောင်တစ်ဦးဖြစ်သူ မီမူတာဇာလည်း လုပ်ကြံခံရပြန်သည်။

အမျိုးသမီးဝန်ကြီးချုပ်ဘဝ[ပြင်​ဆင်​ရန်​]

ဘနာဇီယာဘူတိုသည် ပါကစ္စတန်နိုင်ငံသို့ ပညာစုံသော် ပြန်လာခဲ့သည်။ ထိုစဉ်ဖခင်ဖြစ်သူသည် ကွပ်မျက်ခံလိုက်ရပြီး သူမလည်း အကျယ်ချုပ်ဖြင့်အိမ်တွင်နေခဲ့ရသည်။ ၁၉၈၄ ခုနှစ်တွင် ဗြိတိန်သို့ပြန်ခွင့်ပြုလိုက်သောကြောင့် ပြည်ပရောက် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သွားခဲ့ရသည်။ ပါကစ္စတန်ပြည်သူ့ပါတီသည် သူ့ဖခင်၏ပါတီဖြစ်ပြီး ဘူတိုသည် ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ် ကွယ်လွန်ချိန်အထိ ပါကစ္စတန်ပြည်သူတို့၏မျက်မှောက်သို့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေဖြင့် ရောက်ရှိမလာခဲ့ပေ။ မိခင်ဖြစ်သူကို ပါကစ္စတန်ပြည်သူ့ပါတီ၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် ထောက်ခံပေးနေပြီး၊ ဒီမိုကရေစီလိုလားထောက်ခံ၍ ဇီယာအူလ်ဟတ်ကို ဆန့်ကျင်သူ တစ်ဦးအနေဖြင့်သာ နိုင်ငံခြားတွင်သွားရောက်နေထိုင်ခဲ့သည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဆယ်စုတစ်စုအကြာ ထိန်းသိမ်းထားရာမှ လွတ်လပ်သောရွေးချယ်တင်မြှောက်ပွဲတစ်ခုကို လမ်းဖွင့်ပေးလိုက်သဖြင့် ဘနာဇီယာ၏ ပါကစ္စတန်ပြည်သူ့ပါတီသည် အမျိုးသားလွှတ်တော်တွင် အမတ်အများဆုံးရရှိသည့်ပါတီတစ်ခု ဖြစ်လာသည်။ ဘနာဇီယာဘူတိုကို ဝန်ကြီးချုပ်အဖြစ် ညွန့်ပေါင်းအစိုးရတွင်တာဝန်ပေးအပ်ကြခြင်းကြောင့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့ရသည်။ အသက် ၃၅ နှစ်သာရှိသေးသဖြင့် အသက်အငယ်ဆုံးနှင့် ပထမဦးဆုံးပါကစ္စတန်သမိုင်းတွင် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ရသည်။ ခေတ်သစ်တွင် မူစလင်အများဆုံးရှိသည့်နိုင်ငံ၏အစိုးရခေါင်းဆောင် တစ်ဦးသည် အမျိုးသမီးဖြစ်လာသဖြင့် သမိုင်းဆိုင်ရာပြောင်းလဲချက်တစ်ရပ်အနေဖြင့် အမျိုးသမီးထုကြီးက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။ ထိုနှစ်ထုတ် People Magazine ကြီးကလည်း မစ္စဘူတိုကိုအလှဆုံးအမျိုးသမီး ၅၀ ဦး စာရင်းတွင်တင်သွင်းပြီးဂုဏ်ပြုခဲ့သည်။

ဘူတို၏အစိုးရကို ၁၉၉၀ ပြည့်နှစ်တွင် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် လွှတ်တော်မှဖယ်ရှား ခြင်းခံလိုက်ရသည်။ ဘူတိုကတော့ ထိုကိစ္စများကို မလုပ်ကြောင်းငြင်းဆိုခဲ့သည်။ ဇီယာအူဟတ်နောက်ဆက်ခံသည့် နဝပ်ဇ်ရှရစ်ဖ်သည် ထိုအချိန်တွင်အာဏာရလာသည်။ ၁၉၉၃ ခုနှစ်တွင် ဘူတိုပြန်လည်အရွေးခံရပြန်သည်။ သုံးနှစ်သာခံပြီး အဂတိလိုက်စားသည့်အပုပ်နံ့များထွက်လာပြန်သဖြင့် သမ္မတ ဖာရွတ်လက်ဟာရီက ဖြုတ်ချလိုက်ရပြန်သည်။ အစိုးရအနေဖြင့်ကိုယ်တိုင်မလုပ်ဟု မည်မျှငြင်းဆိုနေသည်ဆိုစေ ပတ်သက်ရာပတ်သက်ကြောင်း ကိစ္စများတွင် ခေါင်းရှောင်၍မရနိုင်သဖြင့် အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သည်အထိဖြစ်ခဲ့ရသည်။ ဘူတိုနှင့် သူ့ခင်ပွန်းတို့သည်အပြစ်ရှိကြောင်း လွှတ်တော်တွင် ၆ မဲ ၁ မဲဖြင့်ဆုံးဖြတ်ခံရပြီး ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည်။ ၂၀၀၆ ခုနှစ်တွင် Interpol မှ ဘူတိုနှင့် သူမခင်ပွန်းတို့ အဘယ်ကြောင့်အထုတ်ပယ်ခံရကြောင်း ထုတ်ပြန်ခဲ့သည်။

ဘူတိုအားဝေဖန်ဆန့်ကျင်မှုများသည် ပန်ချာပီအထက်တန်းလွှာနှင့် မြေရှင်အုပ်စုတို့တွင်ပိုမိုပြင်းထန်လာသည်။ သူတို့က ဘူတိုသည် ပါကစ္စတန်ကိုအမျိုးသားရေးဝါဒီများ၏ပြန်လည်ပြုပြင်ပြောင်းလဲမှုဆီသို့တွန်းပို့နေသည်ဟု ဝေဖန်ကြသည်။ ပါကစ္စတန်မြေပိုင်ရှင်တို့ကလည်း ဘူတိုသည် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်ပြုနေသည်ဟု ဝေဖန်ကြသည်။

မူရှာရက်ဖ်၏ အရည်အသွေးနည်းမှု[ပြင်​ဆင်​ရန်​]

၂၀၀၇ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဘနာဇီယာဘူတိုသည် ပါဗက်ဇ်မူရှာရက်ဖ်နှင့် အပေါင်းအပါများကို ပါကစ္စတန်နိုင်ငံအား အကျပ်အတည်းဖြစ်အောင်လုပ်နေသည်ဟု ဝေဖန်စွပ်စွဲလိုက်သည်။ မူရှာရက်ဖ်သည် ဒီမိုကရေစီနည်းကျကျ ပြန်လည်ပြုပြင်ပြောင်းလဲခွင့် လည်းမပေး၊ အာဏာကိုလည်းခွဲဝေပေးရန် ငြင်းဆိုခဲ့သည်ဟုဆိုသည်။ နိုင်ငံတော်တရားရုံးချုပ်မှ တရားသူကြီးအဖွဲ့ဝင် ၉ ဦးတို့သည် တင်သွင်းလာ သည့် ပန်ကြားလွှာ ၆ စောင်ကို ကြားနာပေးခဲ့ရသည်။ ထိုပန်ကြားလွှာများထဲတွင် ပါကစ္စတန်နိုင်ငံ၏အစ္စလမ်အုပ်စုကြီး တစ်စုဖြစ်သည့် Jamaat-e-Islami မှတစ်စောင်လည်းပါဝင်ခဲ့သည်။ သူတို့အများစုပန်ကြားလွှာတွင် မူရှာရက်ဖ်သည် ပါကစ္စတန်နိုင်ငံ၏ သမ္မတရာထူးနှင့် မထိုက်တန်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ဘူတိုက သူမပါတီသည် အခြားအတိုက်အခံအုပ်စုထဲမှတစ်စုနှင့်ပူးပေါင်းမည်ဟုဆိုလိုက်သည်။ နဝပ်ဇ်ရှာရစ်နှင့်ပူးပေါင်းရန် အဖြစ်နိုင်ဆုံးဟုဆိုကြသည်။ ရှေ့နေချုပ် မာလစ်မိုဟာမက်ကေယမ်းက သမ္မတသစ် ရွေးချယ်ရေးအတွက် သဘောတူသော်လည်း ရွေးချယ်တင်မြှောက်ရေးကော်မရှင်ကမူ သဘောမတူခဲ့ပေ။ ဘူတို၏ပါတီက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မူရှာရက်ဖ်သည် အတားအဆီးတစ်ခုဖြစ်နေသည်ဟု ဝေဖန်ကြသည်။ အဘယ်ကြောင့်ဆိုသော် မူရှာရက်ဖ်သည် တပ်မတော်စစ်ဦးစီးချုပ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်အနေဖြင့် အရည်အချင်းမပြည့်၀ဟုဆိုစေကာမူ လက်ရှိအနေအထားအရ ရွေးချယ် တင်မြှောက်ရေးကော်မရှင်အပေါ် လွှမ်းမိုးနိုင်သည့်အနေအထားတွင်ရှိနေသည်။ ပါကစ္စတန်နိုင်ငံ၏ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မည်သို့ဆိုစေ အစိုးရသာဖြစ်နေသောကြောင့် အတိုက်အခံတို့ လုပ်ဆောင်ရခက်ခဲ့သည့် အနေအထားတွင်ဖြစ်နေသည်။

အမျိုးသမီးများအတွက်မူဝါဒများ[ပြင်​ဆင်​ရန်​]

ရွေးချယ်တင်မြှောက်ပွဲအတွက် စည်းရုံးလှုပ်ရှားစဉ်က ဘူတိုသည် အမျိုးသမီးများ၏လူမှုရေးနှင့် ကျန်းမာရေးကိစ္စများအပြင် အမျိုးသမီးများ ကို ခွဲခြားဆက်ဆံမှုခံနေရသည့်အရေးများကို အလေးပေးစည်းရုံးနိုင်သဖြင့် အောင်မြင်မှုများရရှိခဲ့သည်။ သူမက အမျိုးသမီးရဲတပ်ဖွဲ့၊ တရားရုံး၊ ဖွံ့ဖြိုးရေးဘဏ်စသည်တို့ကို သီးခြားထားခွင့်ရှိရမည်ဟုဆိုခဲ့သည်။ အမျိုးမျိုးသောကတိများကိုပေးခဲ့သော်လည်း နိုင်ငံရေးသမားများ၏ ထုံးစံအတိုင်း အာဏာသာရလာသည် ဘာတစ်ခုမျှဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိခဲ့ပေ။ မဲဆွယ်စဉ်က ပြဿနာဖြစ်ကာ အငြင်းပွား နေသည့်ဥပဒေအချို့ကို ဖျက်သိမ်းပစ်မည်ဟု ကတိတွေအမျိုးမျိုးပေးခဲ့သေးသည်။ သို့သော် အမျိုးသမီးများအတွက်အခွင့်အရေးကို ထင်သလောက် မစောင့်ရှောက်ပေးနိုင်ခဲ့ပေ။ သူမဝန်ကြီးချုပ်ဖြစ်ချိန်အထိ ရာထူးရရှိသည့်သက်တမ်းတစ်လျှောက်တွင်လည်း ပြောသလောက် အလုပ်မဖြစ်ခဲ့ရုံမျှမက၊ အစိုးရကိုအတိုက်အခံလုပ်ခဲ့သမျှ ပြန်ပြီးအတိုက်အခံလုပ်ခြင်းခံနေရမှုများကို ရင်ဆိုင်ဖြေရှင်းရင်း မရှူနိုင်မကယ်နိုင်ဖြစ်နေခဲ့ရသည်။

တာလီဘန်တို့အပေါ်သဘောထား[ပြင်​ဆင်​ရန်​]

၁၉၉၆ ခုနှစ်တွင် ကာဗူးလ်၌ တာလီဘန်တို့အာဏာရခဲ့သည်။ ဘူတိုအာဏာရနေစဉ် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ထင်ရှား လာခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် တာလီဘန်တို့သည် အာဖဂန်နစ္စတန်ကို တည်ငြိမ်စေမည့်အုပ်စုဖြစ်သည်ဟု ရှုမြင်ထားသည်။ ထို့ပြင်ဗဟိုအာရှ နိုင်ငံများနှင့်ဆက်သွယ်ရာတွင် ကုန်သွယ်မှုအတွက်အထောက်အကူပြုနိုင်လိမ့်မည်ဟုလည်းခံယူထားသည်။ သို့ဖြစ်ရာ တာလီဘန်တို့ကို စစ်ရေးနှင့် ဘဏ္ဍာရေးများ အထောက်အကူပေးထားရုံမျှမက ပါကစ္စတန်တပ်အနည်းငယ်ကိုပင် အာဖဂန်နစ္စတန်သို့ စေလွှတ်ပေးထားသေးသည်။ လက်ရှိ အနေအထားတွင် သူမသည် တာလီဘန်တို့ကို ဆန့်ကျင်နေရုံမျှမက တာလီဘန်တို့အား အထောက်အပံ့ပေးသူမှန်သမျှကို အကြမ်းဖက်သမားများ ဟုပြစ်တင်ဝေဖန်ခဲ့သည်။

ပြည်နှင်ဒဏ်ခံရဘဝ[ပြင်​ဆင်​ရန်​]

ဘူတိုကို အဂတိလိုက်စားမှုများ၊ လာဘ်စားမှုများကြောင့် ရာထူးမှချလိုက်ချိန်တွင် အောက်တိုဘာရွေးချယ်တင်မြှောက်ပွဲ၌လည်း သူမပါတီကရှုံးနိမ့်သွားခဲ့ရသည်။ အတိုက်အခံပါတီ ခေါင်းဆောင်တစ်ယောက်အဖြစ်ရပ်တည်နေရသည်မှလွဲ၍ နောက်သုံးနှစ်အတွင်း နဝပ်ဇ်ရှရစ်ဖ် သည် ဝန်ကြီးချုပ်သစ် ရာထူးကိုဆက်ခံခဲ့သည်။ ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် ရွေးချယ်တင်မြှောက်ပွဲပြန်လည်လုပ်ခဲ့သည်။ သူမ၏ PPP ပါတီသည် ယာယီညွန့်ပေါင်းအစိုးရအဖွဲ့၌ ပါဝင်ခွင့်ရသွားသဖြင့် ဘူတိုလည်းအာဏာပြန်ရသွားသည်။ ၁၉၉၆ ခုနှစ်တွင် သူမ၏အစိုးရသည် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် တစ်ဖန်ပြန်လည်ပြီး အစိုးရအဖွဲ့မှ ထုတ်ပယ်ခြင်းခံရပြန်သည်။

အမျိုးသမီးဝန်ကြီးချုပ်ဘဝ အဂတိလိုက်စားမှုများကို ပြန်လည် သုံးသပ်ကြည့်ခြင်း[ပြင်​ဆင်​ရန်​]

ဘူတိုနှင့် သူမခင်ပွန်းတို့၏ အဂတိလိုက်စားမှုများကို ဖွင့်ဟဖော်ထုတ်ခဲ့သူများတွင် ပြင်သစ်၊ ပိုလန်၊ စပိန်၊ ဆွစ်နိုင်ငံအစိုးရတို့ပါဝင်ပြီး သက်သေအထောက်အထားများ ပြသဖော်ထုတ်ခဲ့သည်။ ဘူတိုနှင့် သူမခင်ပွန်းတို့ရင်ဆိုင်ကြရသည့် ပြဿနာများတွင် ဆွစ်ဘဏ်တွင် ငွေမည်းကို ခဝါချသည့် ကိစ္စများလည်းပါဝင်သည်။ သူမ၏ခင်ပွန်း အလီဇာဒါရီသည် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရသည်။ ဇာဒါရီသည် ၂၀၀၄ ခုနှစ်တွင် ထောင်မှလွတ်လာသည်။ သူက ထောင်သွင်းအကျဉ်းချခြင်းခံရစဉ် နှိပ်စက်ခြင်းများကိုခံရသည် ဟုဖော်ထုတ် ရှုတ်ချခဲ့သည်။ အခွင့်ကောင်းကိုစောင့်နေသည့် လူ့အခွင့်အရေးအဖွဲ့ကလည်း ဇာဒါရီဘက်မှကူညီကာ အသံကောင်းဟစ်ပေးကြသည်။

၁၉၉၈ ခုနှစ် ပါကစ္စတန်စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာတွင် ဘဏ်စာရင်းများကို ဖော်ထုတ်ပြထားသည်။ ထိုစာရင်းများသည် ဆွစ်ဇာလန်နိုင်ငံရှိ မိသားစုရှေ့နေနှင့် အားလုံးချိတ်ဆက်မှုရှိနေကြောင်းတွေ့ရသည်။ ဇာဒါရီသည် ဘဏ်စာရင်းနှင့် ရှယ်ယာအားလုံးကို ချုပ်ကိုင်ထားသည့် ပိုင်ရှင်ဖြစ်နေသည်။ ပြင်သစ်အာဏာပိုင်များကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဇာဒါရီသည် ပြင်သစ်လေယာဉ် ထုတ်လုပ် သည့်ကုမ္ပဏီတစ်ခု ဖြစ်သော Dassault နှင့်ပတ်သက်နေကြောင်းကိုလည်းတွေ့ရသည်။ လေကြောင်းဌာနအတွက် ဖိုက်တာဂျက်လေယာဉ်များကို လဲလှယ်ရာတွင် ဆွစ်ကော်ပိုရေးရှင်းတစ်ခုက ဇာဒါရီကို ကော်မရှင် ၅ ရာခိုင်နှုန်းပေးရသည်ဟုဆိုသည်။

ဇာဒါရီသည် ဒူဘိုင်းကုမ္ပဏီတစ်ခုမှ ပါကစ္စတန်နိုင်ငံသို့ ရွှေတင်သွင်းခွင့် အထူးလိုင်စင်ရရှိသွားသည်။ ထိုလိုင်စင်ရရှိရေးအတွက် ဒူဘိုင်း အခြေစိုက်စီတီးဘဏ်ရှိ ဇာဒါရီငွေစာရင်းအတွင်းသို့ ဒေါ်လာ ၁၀ သန်းကျော် ဝင်လာသည်ကိုလည်း စစ်ဆေးတွေ့ရှိရသည်။ ရွှေတင်သွင်းခွင့် ရရှိသည့်ကုမ္ပဏီက ဇာဒါရီသို့ငွေပေးရခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။ စာတန်းတစ်ခုတွင် ဇာဒါရီ၏မိဘများသည် ဘူတိုနှင့် သားဖြစ်သူတို့လက်ထပ်စဉ်က သာမန်မျှသာအဆင့်ရှိသော်လည်း ယခုလန်ဒန်တောင်ပိုင်းတွင် မြေ ၃၅၅ ဧကကိုပိုင်ဆိုင်နေပြီဟုဆိုသည်။ ထိုခြံကြီးကို တရားရုံးအမိန့်ဖြင့် လေလံတင်ခဲ့သည်။

ဘူတိုက သူမနှင့် ခင်ပွန်းဖြစ်သူတို့သည် ရိုးရိုးသားသား နိုင်ငံရေးလုပ်စားပါသည်ဟု ပြောဆိုကြသည်။ နိုင်ငံတကာ အစီရင်ခံစာများသည် လုပ်ကြံစွပ်စွဲချက်များဖြစ်ပါသည်ဟု ဘူတိုကငြင်းဆိုခဲ့သည်။ သို့သော် ခင်ပွန်းဖြစ်သူနှင့်ဘူတို နှစ်ဦးစလုံးသည် အစိုးရကန်ထရိုက်လုပ်ငန်းများနှင့် တင်ဒါများတွင် ကော်မရှင်ရကာ အပွကြီးပွခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ မည်သို့ဆိုစေ ဘူတို၏ဘဏ်စာရင်းတွင် ပေါင် သန်း ၇၄၀ (ဒေါ်လာ ၁.၅ ဘီလီယံ) နှင့် Tudor Surrey တွင် အိပ်ခန်း ၁၀ ခန်းပါအိမ်ကြီးတစ်လုံးရှိနေသည်ကိုတော့ မငြင်းနိုင်ပေ။

၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဆွစ်အစိုးရသည် ပါကစ္စတန်အစိုးရထံသို့ သက်သေခံအထောက်အထားများလွှဲပေးခဲ့သည်။ ထိုသက်သေခံများမှာ ဘူတိုနှင့်သူ့ခင်ပွန်း ဖြစ်သူတို့၏ အဂတိလိုက်စားမှုများနှင့် ဇာဒါရီ ငွေမည်းခဝါ ချထားမှုများဖြစ်သည်။ ပါကစ္စတန် အစိုးရသည် ၁၉၉၇ ခုနှစ်တွင် ဆွစ်ဘဏ်၌ ဘူတိုနှင့် ခင်ပွန်းဖြစ်သူတို့ထားခဲ့သည့် ဒေါ်လာ ၁၃.၇ သန်းကို ဆိုင်းငံ့တားမြစ်ထားလိုက်သည်။ ထို့ပြင် ပါကစ္စတန်အစိုးရသည် ကုမ္ပဏီများထံမှ လာဘ်ယူထားသည့် ဒေါ်လာ ၁.၅ ဘီလီယံအတွက် ဘူတိုနှင့် သူမခင်ပွန်း တို့ကို အရေးယူ ထားခဲ့သည်။ ဇာဒါရီထံမှ ခဝါချထားသည့်ငွေဖြင့် ဘူတိုကလည်း ဒေါ်လာ ၁၇၅၀၀၀ တန် စိန်လည်ဆွဲတစ်ခုကိုဝယ်ထားပြန်သည်။

ပါတီတစ်ခုအပေါ်တွင် ဘဝများကိုပုံအပ်ထားသည့် အညံ့စားလူတန်းစားတို့များနေသည့်အတွက် PPP ပါတီကလည်း ပြောသမျှမယုံ ငါတို့ခေါင်းဆောင်အကုန်မှန်သည်ဆိုပြီး မျက်စိမှိတ်ထောက်ခံနေကြသည်။ ဆွစ်အစိုးရသည် အစ္စလန်မာဘတ်တို့ထံမှရရှိသည့် သတင်းမှားများကို အခြေခံပြီး သူတို့ပါတီနှင့် ခေါင်းဆောင်အပေါ် မတရားစွပ်စွဲထားသည်ဟုဆိုကြသည်။

၂၀၀၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင်လည်း ဆွစ် ရာဇဝတ်တရားသူကြီးမှ ဘနာဇီယာဘူတိုနှင့် ခင်ပွန်းတို့ကို ငွေမည်းခဝါချမှုဖြင့် အပြစ်ရှိသည်ဟုအမိန့်ချလိုက်သည်။ သူတို့ကိုဆိုင်းငံ့ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ တစ်ဦးလျှင် ဒေါ်လာ ၅ သောင်းစီပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပါကစ္စတန်အစိုးရသို့လည်း ဒေါ်လာ ၁၁ သန်းပြန်လည်ပေးအပ်စေရန် အမိန့်ချလိုက်သည်။ ၆ နှစ်မျှအမှုကိုစစ်ဆေးခဲ့ရပြီးနောက် ဘနာဇီယာနှင့် ဇာဒါရီတို့ကို ဆွစ်နိုင်ငံစာရင်းသို့ ဒေါ်လာ ၁၀ သန်းအာမခံ ပေးဆောင်ရမည်ဟု အမိန့်ချသည်။ ဆွစ်ကုမ္ပဏီတစ်ခုမှ ပါကစ္စတန်နိုင်ငံနှင့် ကန်ထရိုက်စာချုပ်တစ်ခုအတွက် လာဘ်ပေးခဲ့ရစသည်ဆိုမှုဖြင့် ထိုသို့တရားစွဲခံရခြင်းဖြစ်ပြီး လင်မယား နှစ်ဦးစလုံးက အယူခံဝင်ခဲ့သည်။ ပါကစ္စတန်မှ စုံစမ်းစစ်ဆေးသူများက ဇာဒါရီသည် ဂျနီဗာနိုင်ငံရှိ Citybank စာရင်းတွင် ၁၉၉၅ ခုနှစ်၌ ဒေါ်လာ သန်း ၄၀ ဘဏ်စာရင်း ဖွင့်ထားသည်ဟုဆိုသည်။ ထိုငွေများသည် နိုင်ငံခြားကုမ္ပဏီများထံမှ စီးပွားရေးလုပ်ငန်းများအတွက် လာဘ်ယူထားသည့် ဒေါ်လာ သန်း ၁၀၀ ထဲမှဖြစ်သည်။

ပိုလန်အစိုးရကလည်း စာမျက်နှာ ၅၀၀ ပါရှိသည့် ဘူတိုနှင့် သူမခင်ပွန်းတို့၏ အဂတိလိုက်စားမှုများကို ပါကစ္စတန်အစိုးရသို့ ပေးပို့ လိုက်သည်။ ၁၉၉၇ ခုနှစ်တွင် လယ်ထွန်စက်အစီး ၈၀၀၀ တင်သွင်းမှုနှင့်ပတ်သက်နေသည်။ ဒေါ်လာ ၂ သန်းအိပ်ထဲရောက်သွားစေသည့် လာဘ်စားမှု ဖြစ်သည်။

ဇာဒါရီသည် ပြင်သစ် Dassault Aviation ထံမှလည်း ဖိုက်တာဂျက်လေယာဉ်တင်သွင်းမှုတွင် ကော်မရှင် ၅ ရာခိုင်နှုန်းရယူလိုက်သေးသည်။ ဆွစ်ဇာလန်ကော်ပိုရေးရှင်းတစ်ခုမှ ထိုငွေများကို ရယူခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းမှ ပါကစ္စတန်နိုင်ငံအတွင်းသို့ ရွှေချောင်းများတင်သွင်းရာတွင် ကြိုတင်စဘော်ငွေအဖြစ် ဒေါ်လာ ၁၀ သန်း အစိုးရထံသို့ပေးသွင်းရသည်။ ထိုငွေအားလုံးသည် ဒူဘိုင်းလ်ရှိ ဇာဒါရီ၏ Citybank ငွေစာရင်း အတွင်းသို့ရောက်သွားသည်။

၂၀၀၂ ခုနှစ်ရွေးကောက်ပွဲကာလ[ပြင်​ဆင်​ရန်​]

ဘူတိုခေါင်းဆောင်သည့် PPP ပါတီသည် ၂၀၀၂ ခုနှစ် အောက်တိုဘာလ အထွေထွေရွေးကောက်ပွဲတွင် ၂၈.၄၂ ရာခိုင်နှုန်းမဲရရှိပြီး အမတ်နေရာ ၂၃.၁၆ ရာခိုင်နှုန်းရရှိခဲ့သည်။ PML-N (Pakistan Muslim League-Nawaz) သည် အမတ်နေရာ ၈ နေရာသာရရှိခဲ့သည်။ PPP သည်အဖွဲ့ခွဲအနေဖြင့် PPP-Patriots ကိုထူထောင်ပြန်သည်။ ဦးဆောင်သူမှာ ဖိုင်ဇယ်ဆာလာဟာရက်ဖြစ်သည်။ ဟာရက်သည် ယခင်ဘူတို ခေါင်းဆောင်သည့် PPP ပါတီ၏ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဟာရက်၏ပါတီသည် မူရှာရက်ဖ်၏ ပါတီ PML-Q နှင့် ပူးပေါင်းသွားသည်။

မူရှာရက်ဖ်အစိုးရနှင့် အပေးအယူ[ပြင်​ဆင်​ရန်​]

၂၀၀၄ ခုနှစ်တွင် ဘူတိုနှင့် မူရှာရက်ဖ်တို့တွေ့ဆုံဆွေးနွေးကြသည့်ရလဒ်အဖြစ် ခင်ပွန်းဖြစ်သူဇာဒါရီ ထောင်မှလွတ်သွားသည်။

၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ဘူတို၏ထိန်းသိမ်းထားသည့် ငွေများကို ပြန်လည်ထုတ်ယူခွင့်ပြုလိုက်သည်။ သို့သော် ဘူတိုအနေဖြင့် အဂတိလိုက်စားမှုအတွက် အမှုရင်ဆိုင်နေရသည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကနေဒါ အသံလွှင့်ဌာနတစ်ခုနှင့် ဘူတိုတွေ့ဆုံ ဆွေးနွေးခန်းတွင် ၂၀၀၈ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအမီ သူမပြန်ချင်သည်ဟု ပြောလိုက်သည်။ မူရှာရက်ဖ်အနေဖြင့် သမ္မတရာထူးဆက်ခံ နေသမျှ သူမသည်လည်း ဝန်ကြီးချုပ်ဖြစ်နေဆဲဆိုသည့် အသံတွေထွက်လာသည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဘူတိုက မူရှာရက်ဖ်ကို တပ်မတော်အကြီးအကဲတာဝန်မှ နုတ်ထွက်ပေးရန်တောင်းဆိုလိုက်သည်။ စက်တင်ဘာ ၁ ရက်နေ့ တွင် ဘူတိုသည် ပါကစ္စတန်နိုင်ငံသို့ ပြန်လာမည်ဖြစ်ပြီး မူရှာရက်ဖ်နှင့် အာဏာပြန်လည်ခွဲဝေယူလိုကြောင်း၊ သူမပြန်မလာမီ အဆင်သင့်လွှဲအပ်ပေးရန် ပြင်ဆင်ထားစေလိုကြောင်း ပြောကြားသွားခဲ့သည်။

အကဲခတ်လေ့လာသူများက ဘူတို၏တောင်းဆိုမှုများသည် မဖြစ်နိုင်ဟုဆိုကြသည်။ ၂၀၀၂ ခုနှစ် နွေရာသီတွင် မူရှာရက်ဖ်သည် ဝန်ကြီးချုပ်ရာထူးသက်တမ်း ၂ နှစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ဘူတိုနှင့် မူရှာရက်ဖ်တို့၏ အဓိကပြိုင်ဖက် နဝပ်ဇ်ရှရစ်ဖ်သည် ၂ နှစ်ဆက်တိုက်ဝန်ကြီး ချုပ်ရာထူးရသွားသည်။ မူရှာရက်ဖ်သည် ပါလီမန်နှင့်ပူးပေါင်းပြီး ဝန်ကြီးချုပ်ရာထူးကို တတိယအကြိမ် ထပ်မံ အရွေးမခံရရန် စီစဉ်ခဲ့သည်။ သူရည်ရွယ်ခဲ့သူများမှာ ဘူတိုနှင့် ရှရစ်ဖ်တို့ကို ဖြစ်သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ပါဗက်ဇ်မူရှာရက်ဖ်သည် ကာကွယ်ရေးဒုဦးစီးချုပ် ရာထူးကို အရှ်ဖက်ကာရာနီသို့လွှဲပြောင်းပေးလိုက်သည်။ အကယ်၍ သူသမ္မတရာထူးကို ဆက်လက်ရရှိလျှင်ကာရာနီကို စစ်ဦးစီးချုပ်အဖြစ် လွှဲပြောင်း ပေးနိုင်ရန်ဖြစ်သည်။ ထိုအချိန်တွင် ဝန်ကြီးရှိတ်ရာရှစ်အာမက်သည် ဘူတိုအား အဂတိလိုက်စားမှုများနှင့်ပတ်သက်သည့် စွပ်စွဲချက်များကို ကင်းလွတ်ခွင့်ပေးမည်ဟုကြေညာလိုက်သည်။ တိုင်းပြည်သို့ပြန်လာချင်လျှင် ပြန်လာနိုင်သည် သို့သော် နိုင်ငံသူနိုင်ငံသားများလိုက်နာရမည့် ဥပဒေကို လေးစားလိုက်နာရမည့်အပြင် မူရှာရက်ဖ်အား ယူနီဖောင်းချွတ်ပါဟုဝေဖန်ခဲ့ခြင်းကိုလည်း တောင်းပန်ရမည်ဟုဆိုသည်။

၂၀၀၇ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် မူရှာရက်ဖ်သည် အမျိုးသားရင်ကြားစေ့ရေးအမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်အရ ဘူတိုအပါအဝင် နိုင်ငံရေး ခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ သို့သော် ထိုလွတ်ငြိမ်းခွင့်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ်ရှရစ်ဖ်တော့မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် အဂတိ လိုက်စားမှုများတွင် အဓိကတရားခံဖြစ်နေသောကြောင့်ဟု အကြောင်းပြသည်။ အတိုက်အခံဘူတို၏ PPP ပါတီနှင့် လက်ရှိအာဏာရ PMLQ ပါတီတို့ ကြိုတင်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကြသည်။ ဘူတိုပြန်ရောက်ရှိလာပါက PPP ပါတီသည် သမ္မတရွေးချယ်တင်မြှောက်ပွဲကို သပိတ်မမှောက်ပါဟု သဘောတူထားခဲ့ကြသည်။

၂၀၀၇ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် မူရှာရက်ဖ်သည် သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ အနိုင်ရခဲ့သည်။ သို့သော် နိုင်ငံတော် တရားရုံးချုပ်က စစ်တပ်၏ဦးစီးချုပ်ရာထူးကိုယူထားသမျှကာလပတ်လုံး နိုင်ငံတော်သမ္မတရာထူးကို မကြေညာပေးဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ဘူတို၏ PPP ပါတီသည် ရွေးချယ်တင်မြှောက်ပွဲကို သပိတ်မှောက်နေသည့် အခြားအတိုက်အခံပါတီများနှင့် မပူးပေါင်းခဲ့ပေ။ သို့သော် မဲမပေးဘဲကြားနေအဖြစ်နေခဲ့သည်။ နောက်ပိုင်းဘူတိုက သူမလုံခြုံရေးအတွက် သမ္မတကိုတောင်းဆိုခဲ့ရုံမျှမက သူမကို ကာကွယ်ရန် နိုင်ငံခြား ကုမ္ပဏီကြီးတစ်ခုနှင့် စာချုပ်များ ချုပ်ဆိုခဲ့သည်။

ပြည်တော်ပြန်ဘူတို[ပြင်​ဆင်​ရန်​]

ဒူဘိုင်းနှင့် လန်ဒန်တို့တွင် ၈ နှစ်ခန့် ပြည်နှင်ခံနေရပြီးနောက် ဘူတိုသည် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကရာချိမြို့သို့ ပြန်လာခဲ့သည်။ ၂၀၀၈ ခုနှစ်ရွေး ချယ်တင်မြှောက်ပွဲသို့ဝင်ရန် ပြင်ဆင်လာခဲ့သည်။ ဘူတို ဂျင်းနားနိုင်ငံတကာ လေဆိပ်မှထွက်ခွာလိုက်သည်နှင့် ပေါက်ကွဲမှုနှစ်ခုစတင်ဖြစ်ပွားခဲ့သည်။ သူမတွင် ထိခိုက်ဒဏ်ရာရမှုများ မရှိပေ။ နောက်ပိုင်းကျမှု အသေခံဗုံးခွဲတိုက်ခိုက်သူကြောင့် ပေါက်ကွဲမှုများ ဖြစ်ရကြောင်း သိရှိကြရသည်။ လူပေါင်း ၁၃၆ ဦးသေဆုံးပြီး အနည်းဆုံး ၄၅၀ ခန့်ဒဏ်ရာများရရှိခဲ့သဖြင့် သွေးလွှမ်းခဲ့သော ပြည်တော်ပြန် ခရီးဟုဆိုနိုင်သည်။ သေဆုံး သူများထဲတွင် ၅၀ ခန့်သည် အစောင့်အဖြစ်လိုက်ပါလာကြသည့် သူမ၏ PPP ပါတီမှ လုံခြုံရေးဝန်ထမ်းများဖြစ်နေ သည်။ သူမစီးလာသည့်ကားကို လက်ချင်းဆက်ပြီး အကာအကွယ်ပြုလာသည့်ကြားမှ ဝင်ရောက်အတိုက်ခံရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ရဲအရာရှိ ၆ ဦးလည်းပါဝင်သည်။ အခြားအရာရှိ အတော်များများထိခိုက်ဒဏ်ရာရကြပြီး ဘူတိုကမူ သက်တော်စောင့်များကြားမှ လွတ်မြောက်သွားခဲ့ သည်။

နောက်ပိုင်းတွင်ဘူတိုက သူမအနေဖြင့် အသေခံဗုံးခွဲ တိုက်ခိုက်နိုင်သည့်အတွက် အစိုးရသို့သတင်းပေးထားပြီးဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကြိုတင်စီမံထားရန်ပျက်ကွက်ကြောင်းပြောဆိုခဲ့သည်။ ပြောသာပြောသော်လည်း ပြင်းထန်စွာ ပြောဆိုသည့်သဘောမသက်ရောက်စေရန် သတိထား ပြောခဲ့ကြောင်းတွေ့ရသည်။ "အစိုးရအဖွဲ့အတွင်း ရာထူးအလိုက် မတရားပြုလုပ်သူများ၊ အာဏာကိုအလွဲသုံးသူများရှိနေသည်" ဟု ဘူတိုက အသံကောင်းဟစ်လိုက်ရာ အချို့သောနိုင်ငံခြားအထောက်အပံ့များက အင်တင်တင်ဖြစ်သွားသည်။ ဘူတိုသည် အစိုးရအပေါ် စွပ်စွဲပြောဆို တတ်သည်မှာ သမိုင်းနှင့်ချီပြီးရှိသည်ဟုပြောနိုင်သည်။ အထူးသဖြင့် စစ်တပ်နှင့် ထောက်လှမ်းရေးမှ သူမနှင့် သူမပါတီအပေါ်တွင် လွတ်လပ်ခွင့် မပေးခြင်း၊ စုဝေးခွင့်၊ အစည်းအဝေးများပြုလုပ်ခွင့်မပေးခြင်းများရှိသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ဘူတိုအားလုပ်ကြံမှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံ သတင်းစာများနှင့် ပါကစ္စတန်နိုင်ငံထုတ် သတင်းစာများ ကွဲလွဲမှုရှိနေသည်။ ဘူတို၏ခင်ပွန်းဖြစ်သူက သူမကိုတိုက်ခိုက်သူများမှာ တာလီဘန်နှင့် အယ်လ်ခိုင်ဒါများဖြစ်သည်ဆိုသည့်အချက်ကို ငြင်းဆိုခဲ့သည်။ ဘူတိုအား လုပ်ကြံမှုနှင့်ပတ်သက်ပြီး အငြင်းပွားစရာတွေကများလှသည်။ သူမအနေဖြင့် ပါကစ္စတန်နိုင်ငံသို့ပြန်မလာမီက ပါကစ္စတန်ပြည်သူများအနေဖြင့် သူမကို အကြွင်းမဲ့ထောက်ခံကြလိမ့်မည်၊ ပါကစ္စတန်နိုင်ငံကြီးကို ကယ်တင်မည်ဟုကြွေးကြော်ကာ ပြည်တော်ပြန်ခဲ့ခြင်းဖြစ်သည်။ အထင်နှင့် အမြင်လွဲစရာတွေဖြစ်ပြီး သွေးထွက်သံယိုမြင်ကွင်းများ၊ အနိဋ္ဌာရုံများဖြင့် ဆီးကြိုခြင်းခံလိုက်ရသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် သမ္မတ ပါဗက်ဇ်မူရှာရက်ဖ်သည် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများထုတ်ပြန်ခဲ့သည်။ အရေးပေါ်အခြေအနေများထုတ်ပြန်ကြေညာရခြင်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် မကိုက်ညီသဖြင့် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး မစ္စတာချောင်ဒရီနှင့် အခြားတရားသူကြီး ၈ ဦးတို့က ငြင်းဆိုကြသည်။ မူရှာရက်ဖ်က ချောင်ဒရီကို ရာထူးမှဖယ်ရှားလိုက်ပြီး တရား သူကြီးချုပ်အသစ်ကို အစားထိုးခန့်အပ်လိုက်သည်။

နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ အစိုးရက ထပ်မံဖမ်းဆီးမှုများ၊ ရိုက်နှက်နှိမ်နင်းမှုများပြုပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။ ထိုအချိန်တွင် ဘူတိုသည် နိုင်ငံတော်အကျပ်အတည်းကို အတိုက်အခံပါတီများနှင့် ညှိနှိုင်းမည်ဟုအကြောင်းပြပြီး အစ္စလမ္မာဘတ်မြို့သို့ ရောက်ရှိလာသည်။ သူမအနေဖြင့် သမ္မတမူရှာရက်ဖ်နှင့် တွေ့ရန်မလို၊ အတိုက်အခံများနှင့်သာတွေ့လိုသည်ဟု လေသံပြင်းပြင်းဖြင့် တုံ့ပြန်လာခဲ့သည်။ ထို့ပြင်အစိုးရကို ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပပေးရန်နှင့် မူလကတိထားခဲ့သည်များကို ချိုးဖောက်ပြီး မူရှာရက်ဖ်အား စစ်ဦးစီးချုပ် ရာထူးမှစွန့်လွှတ်ရန် တိုက်တွန်းလိုက်သည်။

ပါကစ္စတန်ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မတိုင်မီ ကျင်းပပေးမည်ဟု ပါကစ္စတန်သမ္မတ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်က ထုတ်ဖော်ပြောဆိုသည်။

မစ္စဘူတိုသည် ၂၇.၁၂.၂၀၀၇၊ ကြာသပတေးနေ့ ညနေပိုင်း ၆ နာရီ ၁၆ မိနစ်အချိန်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှအပြန် ကားအနီးသို့ သေနတ်သမားတစ်ဦးက ချဉ်းကပ်၍ သေနတ်နှင့်ပစ်ခတ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

Ref : 1. Pakistan: The gathering storm , by Vikas Pub. House 2. Daughter of Destiny: An Autobiography, by Simon & Schuster 3. International Herald Tribune, 2007, November Issues