ဘင်ဂျမင် နာတာညာဟူး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘင်ဂျမင် နာတာညာဟူး

ဘင်ဂျမင် ဘီဘီ နာတာညာဟူး (Benjamin "Bibi" Netanyahu) (၁၉၄၁ အောက်တိုဘာ ၂၁ ဖွား) သည် အစ္စရေးနိုင်ငံ ၏ လက်ရှိ ဝန်ကြီးချုပ် ဖြစ်သည်။ သူသည် လီကွတ်ပါတီ (Likud Party) ၏ ဥက္ကဌနှင့် လွှတ်တော် အမတ်လည်း ဖြစ်သည်။ ထို့ပြင် အစ္စရေးနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီး၊ ပင်စင်ရေးရာ ဝန်ကြီး၊ စီးပွားရေး မဟာဗျူဟာ ဝန်ကြီး တာဝန်များကိုလည်း ထမ်းဆောင်လျှက် ရှိသည်။

နာတာညာဟူးသည် အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်များတွင် အစ္စရေးနိုင်ငံ ထူထောင်ပြီးမှ အစ္စရေးမြေပေါ်တွင် မွေးဖွားသူများမှ ပထမဆုံး နှင့် တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်သည်။ နာတာညာဟူးသည် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဆာရီယတ် မတ်ကယ် အထူးတပ်ဖွဲ့တွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂစ်ဖ် စစ်ဆင်ရေး (Operation Gift) နှင့် ၁၉၇၂ ဆာဘီးနား လေယာဉ် ပြန်ပေးဆွဲမှု ကယ်ဆယ်ခြင်း အပါအဝင် စစ်ဆင်ရေး အမြောက်အများတွင် ပါဝင်ခဲ့သည်။ ၁၉၇၃ ခုနှစ် ယွမ်ကီပူ စစ်ပွဲတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး သေလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်မှ မထွက်မီတွင် ဗိုလ်ကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ နာတာညာဟူးသည် ကမ္ဘာ့ကုလသမဂ္ဂတွင် ၁၉၈၄ မှ ၁၉၈၈ အထိ အစ္စရေး သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လီကွတ်ပါတီ အဖွဲ့ဝင်အဖြစ်မှ ဝန်ကြီးချုပ် အဖြစ် ၁၉၉၆ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

အစိုးရ ကန်ထရိုက်တာများထံမှ လက်ဆောင်ရယူ လာဘ်စားမှု အရှုပ်တော်ပုံ အပြီးတွင် နိုင်ငံရေး လောကမှ အနားယူခဲ့သည်။ သို့သော် ၂၀၀၂ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် အေရီယယ် ရှာရွန်၏ အစိုးရတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၃ အထိ၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၀၃ မှ ၂၀၀၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ဂါဇာကမ်းမြှောင်မှ အစ္စရေးနိုင်ငံသားများကို အတင်းအကြပ် ပြောင်းရွှေ့စေမှုကို မကျေနပ်သောကြောင့် အစိုးရ အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။ သူသည် ၂၀၀၅ ခု၊ ဒီဇင်ဘာ ၂၀ ၌ လီကွတ်ပါတီ၏ ခေါင်းဆောင်နေရာတွင် ပြန်လည် ဝင်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ အောင်မြင်မှု မရခဲ့ပဲ အမတ် ၁၂ နေရာသာ အနိုင်ရခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာတွင် နာတာညာဟူးသည် အစ္စရေးလွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး လီကွတ် ပါတီ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် မိုရှေး ဖေဂလင်ကို အနိုင်ရပြီး ပါတီခေါင်းဆောင် နေရာကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ပါလီမန် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ ဒုတိယနေရာ ရခဲ့ပြီး လက်ယာပါတီမှ အများဆုံး အနိုင်ရခဲ့သည်။ နာတာညာဟူးသည် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ သူသည် အင်တက်ဘီ စစ်ဆင်ရေးတွင် ကျဆုံးခဲ့သော အစ္စရေး အထူးတပ်ဖွဲ့ ခေါင်းဆောင် ဂျိုနသန် နာတာညာဟူးနှင့် ပြဇာတ်ရေးဆရာ အီဒို နာတာညာဟူးတို့နှင့် ညီအစ်ကို တော်စပ်သည်။