ဗဲလဖတ်မြို့

ဝီကီပီးဒီးယား မှ
ဗဲလဖတ်မြို့မြင်ကွင်းများ

ဗဲလဖတ်မြို့(အင်္ဂလိပ်ဘာသာဖြင့်: Belfast, အိုင်းရစ်ဘာသာဖြင့်: Béal Feirste, အဓိပ္ပာယ်မှာ: သဲမြစ်ဝ)သည် ဗြိတိန်နိုင်ငံ၏ တစ်စိတ်တဒေသဖြစ်သော မြောက်ပိုင်း အိုင်ယာလန်၏ မြို့တော်ဖြစ်သည်။ အားစတားပြည်နယ်၏ အရှေ့ဘက်ကမ်းရိုးတန်း၊ အန်ထရင်း ကောင်တီအတွင်း၌ တည်ရှိ၍ ဗဲလဖတ်လော့ခေါ် ပင်လယ်လက်ကြားထဲသို့ လက်ဂန်မြစ်စီးဝင်ရာ မြစ်ဝ၌ တည်ရှိလေသည်။ မြောက်အိုင်ယာလန်၏ လူဦးရေ အများဆုံး၊ စက်မှုလက်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းများ အကြီးအကျယ်ဆုံး မြို့ကြီးဖြစ်သည်။ ဗဲလဖတ်မြို့သည် ဗြိတိန်နိုင်ငံ၌ အကောင်းဆုံးသော သင်္ဘောဆိပ်တစ်ခုရှိသော မြို့လည်းဖြစ်သည်။ ဗဲလဖတ်မြို့တွင် လူဦးရေ ၂၆၇, ၅၀၀ ခန့်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

၁၆၃၆ ခုနှစ်က စကော့လူမျိုး ပရက်ဇဗီတီးရီးယန်း ဂိုဏ်းသားတစ်စုသည် အမေရိကတိုက်သို့ သွားရန် ပင်လယ်ကူးသင်္ဘောတစင်းကို ဗဲလဖတ်၌ တည်ဆောက်ခဲ့သည်။ နောင်အနှစ်တရာခန့်ကြာလျှင် ဗဲလဖတ်၌ သင်္ဘောကျင်းကြီးများ ရှိလာ၍၊ ယခုအခါ အင်္ဂလန်နှင့် အမေရိကတိုက်ကို ကူးလူး သွားလာနေသော သင်္ဘောကြီးများစွာတို့သည် ဗဲလဖတ်သင်္ဘောကျင်းထွက်များ ဖြစ်၍ ဗဲလဖတ်သည် ကမ္ဘာပေါ်၌ သင်္ဘောတည် လုပ်ငန်း ကြီးကျယ်လှသော မြို့ကြီးတစ်မြို့ ဖြစ်လေသည်။

ယင်းသို့သော မြို့ကြီး ပြကြီးဖြစ်လာသည့်ဗဲလဖတ်သည် ရှေးအခါက သာမညတံငါရွာကလေးတရွာမျှသာ ဖြစ်သည်။ ၁၆၄၁ ခုနှစ် အိုင်းရစ်သူပုန်အရေး ပေါ်ပြီးနောက်တွင် မြို့ရိုးခံတပ်နှင့် မြို့တစ်မြို့ဖြစ်လာ၍ ကုန်သွယ်ရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်လာသည်။ ဟျူးဂျနိုးများ ပြင်သစ်နိုင်ငံမှ ထွက်ခွာလာကြသောအခါ ဗဲလဖတ်မြို့၌ အမြောက်အမြားလာရောက် အခြေစိုက်ကြသည်။ ယင်းတို့သည် စက်ရက်ကန်းအသုံးပြုသော လင်နင်ပိတ်ချောစက်ရုံများ တည်ထောင်ရာ၌ ကူညီအားပေးကြသည်။ ထို့ကြောင့် ၁၈ ရာစုနှစ်နောက်ပိုင်းတွင် ဗဲလဖတ်မြို့သည် ပို၍စည်ကား ဝပြောလာသည်။

စတောမောင့်ရှိ ပါလီမန်အဆောက်အဦး။ ၁၉၉၂ ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး မြောက်ပိုင်း အိုင်ယာလန်အစည်းအဝေးအတွက် ရည်ရွယ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

အိုင်းရစ်လင်နင် ပိတ်ချောလုပ်ငန်း၏ အချက်အချာမြို့ကြီးဖြစ်လာသည်။ ယခုအခါ ယင်းအထည်လုပ်ငန်းသည် ဗဲလဖတ်မြို့၏ ဒုတိယအရေးပါသော လုပ်ငန်း ဖြစ်လာပြီးဖြစ်သည်။ ထို့ပြင် ဗဲလဖတ်မြို့မှ ကြိုးလုပ်ငန်း၊ ဆေးလိပ်ဆေးလုပ်ငန်းတို့သည်လည်း ဗြိတိသျှကျွန်းစုတွင် အကြီးကျယ်ဆုံး ဖြစ်သည်။ စက်ကိရိယာ၊ ချုပ်ပြီးအဝတ်အထည်၊ လေယာဉ်ပျံနှင့် ဓာတုဗေဒ ဆေးလုပ်ငန်းများကိုလည်း ဗဲလဖတ်မြို့၌ လုပ်ကိုင်ကြ၍၊ အရက်ချက်စက်၊ ဂျုံစက်၊ သားရေနယ်စက်များလည်း ရှိလေသည်။ ဗဲလဖတ်မြို့သည် လှပသော မြို့မဟုတ်ချေ။ သို့သော် မြို့အနေအထား အကွက်ကျ၍ စနစ်တကျ ရှိသည်။ ဘုရင်မတက္ကသိုလ်၊ ဘုရားရှိခိုးကျောင်းများနှင့် အစိုးရရုံးကြီးများ စသော လှပခန့်ညားသည့် အဆောက်အအုံကြီးများလည်း ရှိလေသည်။ မြို့သူမြို့သားတို့သည် များသောအားဖြင့် စကော့-အိုင်းရစ် အဆက်အနွယ်များဖြစ်၍ ပရိုတက်စတန့်များ ဖြစ်ကြသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရအား သံယောဇဉ်ကြီးမား၍ ယုံကြည်အားထားကာ၊ ဟုမ္မရူးအုပ်ချုပ်ရေး တိုက်ပွဲကို ဆန့်ကျင်တွန်းလှန်ခဲ့သော အချက်အချာမြို့ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရ အအုပ်အချုပ် လက်အောက်တွင်ပင်ရှိနေသော မြောက်ပိုင်း အိုင်ယာလန်၏ မြို့တော် ဖြစ်လာခဲ့လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗဲလဖတ်မြို့သည် အရေးပါသော ရေတပ်စခန်းမြို့ဖြစ်ခဲ့သည် ၁၉၃၁ ခုနှစ်က ဂျာမန်လေတပ်၏ ငါးကြိမ်တိုင်တိုင် ဗုံးကြဲခြင်းကို ခံရ၍ ရပ်ကွက်အားလုံးတွင်ပင် အပျက်အစီး ရှိခဲ့သည်။ အမေရိကန်မှ ပို့သော ရိက္ခာများ၊ စစ်လက်နက်ပစ္စည်းများကို ဗဲလဖတ်မြို့မှတဆင့် မဟာမိတ်တပ်များသို့ တင်ပိုခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊အပိုင်း-က၊ အတွဲ-၈။