ဗေ့စဘော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗေ့ဘောကွင်းတစ်ခု

ဗေ့စဘော(Baseball)[ပြင်​ဆင်​ရန်​]

ခြင်းလုံးခေတ်ခြင်းသည် မြန်မာလူမျိုးတို့၏ အမျိုးသား ကစားနည်း ဖြစ်သကဲ့သို့ ဗေ့စဘောကစားခြင်းသည်လည်း အမေရိကန်လူမျိုးတို့၏ အမျိုးသား ကစားနည်း တစ်မျိုးဖြစ်သည်။ ဗေ့စဘော ကစားခြင်းသည် ကွင်းအတွင်း၌ ဘောလုံးကို လက်ဖြင့် ပစ်၍ ၎င်း၊ ဗက်တံဖြင့် ရိုက်၍၎င်း ကစားသော နည်းတစ်မျိုးဖြစ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ဗေ့စဘောကစားခြင်းကို အမေရိကန်ပြည်တွင်းစစ် အတွင်းက ဗိုလ်ချုပ်ဖြစ်ခဲ့သူ အက်ဗနာ ဒူဗယ်ဒေး ဆိုသူသည် ၁၈၃၉ ခုနှစ်တွင် နယူးယော့ပြည်နယ်၊ ကူးပါးစတောင်းမြို့၌ စတင်တီထွင်ခဲ့သည်။ ထိုအလျင်ကမူ ယင်း ကစားနည်းမျိုးကို ကစားခဲ့ကြသော်လည်း ဒူဗယ်ဒေး၏ စည်းကမ်းစနစ်ချမှတ် ကစားမှုကြောင့် ယခုခေတ် လူသိများသော ဗေ့စဘောကစားနည်း ပေါ်ပေါက်လာခဲ့သည်။ တီထွင်သူ ဒူဗယ်ဒေးအား ဂုဏ်ပြုသောအားဖြင့် သူ့ဇာတိ ကူးပါးစတောင်းမြို့တွင် အမျိုးသား ဗေ့စဘောခန်းမနှင့် ပြတိုက်တစ်ခု ဖွင့်လှစ်ထားလေသည်၊။ ယင်းကစားနည်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ခေတ်မစားသေးချေ။

ကစားကွင်းတည်ဆောက်ပုံ[ပြင်​ဆင်​ရန်​]

ဗေ့စဘောကစားသည့်အခါ ကွင်းကြီး၏အလယ် အတွင်းကစားကွင်းတဝိုက်တွင် ဗဟိုပြု ကစားကြသည်။ အပြင်ကွင်းသည် ကျယ်နိုင်သမျှကျယ်ရ၍ စည်းရိုးခေတ် ထားတတ်သည်။ အတွင်းကစားကွင်းသည် ရာဇမတ်ကွက်ပုံ ရှိ၍ ဘေးအနား တစ်ဖက်လျှင် ပေ ၉၀ ရှည်သည်။ ထောင့် ၄ ထောင့်ရှိသည့် အနက် ၃ထောင့်ကို ပထမ အခြေခံထောင့်၊ ဒုတိယအခြေခံထောင့်၊ တတိယအခြေခံထောင့် ဟု ခေါ်သည်။ ကျန်ထောင့်တထောင့်ကို အင်္ဂလိပ်ဘာသာဖြင့် ဟုမ်းပလိတ်ခေါ်၍ ဗက်တံကိုင်နေသော နေရာဖြစ်သည်။ ဗက်တံကိုင်နှင့် ဘောလုံးပစ်သူတို့ နေရာများသည် ၆၀ နှစ်ပိုင်း ၁ ပိုင်း ပေ ကွာဝေးရသည်။

ဂျက်ကီ ရောဘင်စင်၊ ၁၉၄၅ ခုနှစ်

ဗက်တံကိုင်နေရာနှင့် ဒုတိယအခြေခံထောင့်သည် ၁၂ ပေ ၉ လက်မခွဲ ဝေးသည်။ ဤကား လူကြီးများအတွက် ဗေ့စဘောကစားကွင်း ဖြစ်၍ ကလေးများအတွက် ကစားကွင်းကိုမူ တို့ထက်သေးသော အလယ်ကွင်း ပြုလုပ်နိုင်သည်။ အနား တစ်ဖက်လျှင် ပေ ၉၀ မဟုတ်ဘဲ ၈၁ ပေထား၍ ဘောလုံးပစ်သူနှင့် ဗက်တံကိုင်နေရာကို ပေ ၅၀ အကွာထားနိုင်သည်။ ဗက်တံကိုင် နေရာနှင့် ဒုတိယအခြေခံထောင့်ကို ပေ ၏၁၁၅ ပေနှင့် ၁၁ လက်မခွဲ ထားသည်။ ဗေ့စဘော ကစားရာ၌ အသုံးပြုသော ဘောလုံးသည် မာသည်။ အဝန်း ၉ လက်မခွဲနှင့် ၉ လက်မအတွင်း ရှိသည်။ ဗဟိုတွင် ဖော့ခံ၍ ရော်ဗာအထပ်ထပ် သိုးမွေးခင်း အနုအကြမ်း အထပ်ထပ်ပတ်၍ အပေါ်မှ မြင်းသားရေဖြင့် ချုပ်ထားသည်။ ၅ အောင်စမှ ၅ အောင်စခွဲ အထိလေးသည်။ ဘောလုံးရိုက်သော ဗက်တံသည် သစ်မာသားဖြင့် ပြုလုပ်ထား၍ ၄၂ လက်မထက် ပို၍ မရှည်ရချေ။ ဗက်တံသည် အလုံးဖြစ်၍ အကြီးဆုံးအပိုင်းတွင် အချင်း ၂၊ ၃ ပိုင်း ၄ ပိုင်း လက်မ ရှိသည်။ ဗက်တံကိုင်သည် စတုတ္ထအခြေခံထောင့် - ဟုမ်းပလိတ်၏ ဝဲယာရှိ သတ်မှတ်အကွက်တွင် နေရသည်။

အမေရိကန်တစ်ဦး ဗေ့ဘော ဘောလုံးအား ပစ်နေစဉ်

ကစားသမားများနှင့် ဒိုင်လူကြီးဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

ဗေ့စဘော ကစားရာ၌ အနည်းဆုံး ဒိုင်လူကြီး တစ်ယေက်၊ အများဆုံး ၄ ယောက်ထားနိုင်သည်။ ဒိုင်လူကြီး ချုပ်သည် ဘောလုံးပစ်သူ၏ အနောက်တွင် နေ၍ ကျန် ၃ ယောက်မှာ ပထမအခြေခံထောင့်၊ ဒုတိယအခြေခံထောင့်၊ ဘောလုံးဖမ်းသူ နောက်တို့တွင် နေ၍ ကြည့်ရသည်။

ဗေ့စဘောကစားရာတွင် အသင်း၂ သင်း ယှဉ်ပြိုင်ကစားရ၍ တသင်းလျှင် ၉ ယောက်စီ ပါဝင်ရသည်။ ယင်းတို့မှာ ဘောလုံးပစ်သူ၊ ဘောလုံးဖမ်းသူ၊ ပထမအခြေခံထောင့်လူ၊ ဒုတိယအခြေခံထောင့်လူ၊ တတိယအခြေခံထောင့်လူ၊ ဒုတိယနှင့် တတိယအခြေခံနှစ်ခုကြား ဘောဖမ်းလူ၊ ဘောဖမ်းကွင်း ဗယ်လူ၊ ဘောဖမ်းကွင်းအလယ်လူ၊ ဘောဖမ်းကွင်း ယာလူတို့ ဖြစ်သည်။ ကစားပွဲ စသောအခါ တဖက်အသင်းက ကွင်းထဲသို့ ဆင်း၍ နေရာယူပြီးနောက်၊ ကျန်အသင်းမှ ကစားသူများက ဘောလုံးကို ဗက်တံနှင့် တလှည့်စီ ရိုက်ကြရသည်။ မိမိအလှည့်မကျမီ ကွင်းပြင်ထွက်၍ ထိုင်စောင့်ရသည်။

ဗေ့ဘောကွင်းပုံ အသေးစိတ်

ကွင်းထဲမှ ကစားသူသည် လက်တဖက်ကို သားရေလက်အိတ် စွပ်ထားရသည်။ ယာလက်ဖြင့် ဘောလုံးပစ်တတ်သူဖြစ်လျှင် ဝဲလက်ကို လက်အိတ်စွပ်ရ၍ ဝဲလက်ဖြင် ပစ်တတ်သူသည် ယာလက်ကို လက်အိတ်စွပ်ရသည်။ ဘောလုံးဖမ်းသူသည် ရိုက်သူနောက်တွင် နေရ၍ အရှိန်ပြင်းစွာနှင့် လာသော ဘောလုံးကို ဖမ်းနိုင်ရန်ပို၍ ထူထူခံထားသော လက်အိတ်စွပ်ထားရသည်။ ထို့ပြင် မျက်နှာကို ၎င်း၊ ကိုယ်ကို၎င်း၊ ဒူးကို၎င်း ဘောလုံးမှန်၍ ထိခိုက်ဒဏ်ရာ ရခြင်း မရှိစေရန် ကြေးနန်းကြိုးခတ်ထားသော မျက်နှာစွပ်၊ ဒူးစွပ်များ စွပ်၍ ကာကွယ်လေ့ ရှိကြသည်။

စည်းမျဉ်းစည်းကမ်းများ[ပြင်​ဆင်​ရန်​]

ဘောလုံးပစ်သူသည် ဘောလုံးပစ်လွှတ်ချိန်တွင် သတ်မှတ်ထားသော နေရာကွက်ကို မိမိခြေတဖက်ဖြင့် နင်းမိထားစေ ရသည်။ ဘောလုံးပစ်သူသည် ဘောလုံးကို ဗက်တံကိုင်၏ ဒူးအောက်လည်းမကျ၊ ပခုံးပေါ်လည်း မကျော်စေဘဲ ပစ်ပေးမှ စနစ်မှန်ဘောလုံးဟု ခေါ်သည်။ စနစ်မှတ်ဘောလုံး ဖြစ်ပါလျက်နှင့် ဗက်တံကိုင်က ဘောလုံးကိုဆီး၍ မရိုင်ဘဲ ရပ်နေလျှင်ဖြစ်စေ၊ ဘောလုံးကို ဗက်တံကိုင်က ရိုက်ပါလျက်နှင် မမိလိုင်လျှင်ဖြစ်စေ ဒိုင်လူကြီးက စထရိုက်ဟုခေါ်၍ အဆုံးအဖြတ်ပေးသည်။ စထရိုက် ၃ ခါ ခေါ်ရလျှင် ဗက်တံကိုင်ထွက်ရသည်။ သို့သော်လည်း တတိယအကြိမ် စထရိုက် ခေါ်သည်တွင် ဖမ်းသူလက်မှ ဘောလုံးလွတ်ကျခဲ့သည်ရှိသော် ဗက်တံကိုင် ထွက်ပေးရန်မလိုချေ။ ဗက်တံကိုင် ရိုက်လိုက်သော ဘောလုံးသည် “ဟုမ်းပလိတ်”မှ ပထမအခြေခံနှင့် တတိယအခြေခံတို့ကို ဖြတ်၍ ကွင်းပြင်ထဲသို့ တိုင်အောင် ဆန့်ထွက်သော နယ်နမိတ်မျဉ်း နှစ်ကြောင်းအကြားကို ဖြတ်ကျော်စေရသည်။

ဒိုင်လူကြီး၏ အလုပ်

ယင်းကဲ့သို့သော ဘောလုံးကို စနစ်မမှန်ဘောလုံးဟု ဆိုသည်။ ထိုမျဉ်းနှစ်ကြောင်း အပြင်သို့ အန်ထွက်သော ဘောလုံးမှန်သမျှမှာ စနစ်မှန်ဘောလုံး မဟုတ်သဖြင့် “စထရိုက်”ဟူ၍ အခေါ်ခံရမည်ဖြစ်သည်။ အကယ်၍ ဘောလုံးသည် ဗက်တံကိုင် ဒူးအောက်မှဖြစ်စေ၊ ပခုံးပေါ်သို့ကျော်၍ဖြစ်စေ၊ “ဟုမ်းပလိတ်”အပြင်မှ ဖြစ်စေ ဖြတ်သွားလျှင် ဒိုင်လူကြီးက ဘော ဟု အော်ရသည်။ “ဘော” ၄ ကြိမ်ဖြစ်လျှင် ဗက်တံကိုင်သည် ပထမအခြေခံထောင့်သို့ အတားအဆီးမရှိ သွားနိုင်သည်။ ကွင်းထဲရှိ ဘောလုံးကစားသူများ ရိုက်လိုက်သော ဘောလုံးကို တဘက်သားက မြေသို့ မကျမီ ဖမ်းမိလျှင် ရိုက်သူထွက်ရသည်။ ရိုက်သူ ပထမအခြေခံထောင်သို့ မရောက်မီ၊ ဘောလုံးရသူ တဖက်သားက ထိုထောင့်သို့ အရောက်ဦးနေလျှင်လည်း ရိုက်သူထွက်ရသည်။ ရိုက်သူသည် ပထမအခြေခံထောင့်သို့ အလျင်ဦးစွာ ရောက်နေလျှင် တဖက်သားက မနှောင့်ယှက် နိုင်ချေ။ ဆက်ပြေးရန်အခွင့် သာနေသေးလျှင် ပထမအခြေခံ ထောင့်မှ ဒုတိယ၊ တတိယအခြေခံထောင့်များသို့၎င်း၊ ထိုမှတဆင့် ဟုမ်းပလိတ်၊ သို့မဟုတ် ပန်းဝင်ထောင့်တခုနှင့် တခုကြားတွင် ပြေးရန်း ဘောလုံးနှင့် မထိအောင် ရောင်ရသည်။ ထိမိလျှင် ထွက်ပေးရသည်။ ဘောလုံနှင့် မထိဘဲ တပတ်ပြည်အောင် ပြေးနိုင်ပါက တပတ်အောင်သည်ဟု ခေါ်သည်။

ဤသို့ အကြိတ်အနယ်ယဉ်ပြိုင်ရသည်။

ဤနည်းဖြင့် ဘောလုံးရိုက်ရသည့်ဖက်မှ ၃ယောက် ထွက်ရသည်အထိ ဆက်လက်ကစားကြသည်။ ၃ယောက်ဆက်၍ ထွက်ရလျှင် တဖက်နှင့်နေရာ တလှည့်ပြောင်း၍ ကစားကြရသည်။ တဖက်လျှင် ဘောလုံးရိုက်လှည့် တလှည့်ကျရပြီးသော အခါ တချီပြီးပြီဟု မှတ်ယူရသည်။ တပွဲတွင် ၉ ချီအထိ ကစားလေ့ရှိသည်။ သရေပွဲဖြစ်လျှင် ဆက်ကစားရသည်။ အမေရိကန်ပြည်ထောင်စုတွင် ကြေးစားဗေ့စဘော အသင်းများ တည်ထောင်၍ နှစ်စဉ် ဧပြီလအလယ်မှ အောက်တိုဘာလဆန်းအထိ ယှည်ပြိုင် ကစားကြလေသည်။ [၁][၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊အပိုင်း-ခ၊ အတွဲ-၈၊ နှာ-၁၅
  2. http://en.wikipedia.org/wiki/Baseball