ခြင်းလုံး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ခြင်းလုံးကစားနည်း သည် မြန်မာလူမျိုးများ သာမက အချို့ နိုင်ငံခြားသားများပါ စိတ်ဝင်စားသော ရိုးရာ အားကစားနည်း ဖြစ်သည်။ ပျူခေတ်မှ စတင်၍ ကစားခဲ့ကြသည် ဟု ယုံကြည်ရသည်။ ခြင်းလုံးကစားနည်း ၏ထူးခြားချက် မှာ တယောက်နှင့် တယောက် တဖက်နင့်တဖက် ယှဉ်ပြိုင်ရသည် မဟုတ်ပဲ ခြင်းလုံးကိုမြေသို့မကျအောင် ကစားဖော်များကစုပေါင်း အားထုတ်ရသော ကစားနည်းဖြစ်သည်။

Chin Lone1.jpg

ခြင်းလုံး ကစားခြင်း[ပြင်​ဆင်​ရန်​]

ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေထောက်ဒူးဦးခေါင်းပခုံး စသည်တို့ဖြင့် ခတ်ကစားရသော ကစားနည်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ် ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊ ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။ ဤကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှုမျိုး၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း ပါဝင်ဖွဲ့စည်းနေသည်။

ခြင်းလုံး[ပြင်​ဆင်​ရန်​]

ဝိုင်း ခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ဝါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်းရွက် နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ဝိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။

စတင်ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀ဝ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။

အထောက်အထား အနေဖြင့် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာန မှ ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ်၏ ၁၉၂၆-၂၇ ခုနှစ်အတွင်း နှစ်ပတ်လည် အစီရင်ခံစာ၊စာမျက် နှာ ၁၇၁ ပါစာပိုဒ်ဖြစ်သည်။ထိုစာပိုဒ်အရ ပြည်မြို့အပိုင်၊ မှော်စာရွာအနီး၊ ကုလားကန်ကုန်းရွာ မလှမ်းမကမ်း ၌ ဦးခင်ဘ ဆိုသူ ၏ယာမြေရှိ၏။ထိုယာ ကုန်းမြေအောက် အုတ်တိုက်ကို တူးဖော်ရာ ဗုဒ္ဓ ရုပ်ပွားတော်များ၊ လက် ဝတ်ရတနာ များ၊ ရုပ်တုများ တူးဖော်ရရှိ ခဲ့ပါသည်။ ထို အုတ်တိုက်ထဲမှ တူးဖော် ရရှိသော ပစ္စည်းများမှ ထူးခြားသော ပစ္စည်းတစ်ခု ပါရှိခဲ့လေ သည်။ ထို အရာ ဝတ္ထုမှာ နှစ်လက်မ မတ်တင်းအချင်းရှိသော သေးငယ် သည့် ငွေခြင်းလုံးလေး တစ်လုံးဖြစ်ပါသည်။ထိုသို့ တူးဖော်ရသော ပစ္စည်း များ ခေတ်အခါနှင့် သက်တမ်းကို သုတေသနပြုရာ၌ ခရစ်နှစ် ၇ ရာစုခန့် ဟု သိရှိရပေသည်။ တစ်နည်းမှန်းဆရသော် လွန်ခဲ့သော နှစ်ပေါင်း ၁,၅၀၀ ကျော်မှ ဟု ဆိုပါသည်။

ထိုခေတ်အချိန်မှာ ပျူတို့ခေတ်အနေ ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် ရှေးဟောင်းပစ္စည်းများ၊ ဌာပနာများကို စောင့်ရှောက်ထိန်းသိမ်း ခြင်း ဆိုင်ရာနှင့် ဆက်စပ်သော ကထိက ဦးသက်တင် ကလည်း အိန္ဒိယ နိုင်ငံ တောင်ပိုင်းမှာ အေဒီ ၅ ရာစုအတွင်း ရေးထိုးကြသောက ဒဗ္ဗ တို့ ခေတ်ဦးပိုင်း စာလုကြ တို့၏ တေလဂူ၊ ကနရ အက္ခရာရေးပုံမျိုးသည် မှော်စာရွာ ဦးခင်ဘ ယာကုန်းမှ ရသော ရွှေပေလွှာ အက္ခရာ ရေးသားပုံ နှင့်တူ သဖြင့် ပျူခေတ် အထောက်အထား မှန်ကန်တိကျကြောင်း အဆိုရှိပါသည်။ အိန္ဒိယ အက္ခရာပါရဂူ တို့၏ အေဒီ ၅ ရာစု ခေတ်အဆိုအရ လည်း သေဉ်လည်ကြောင်ကြောင်ဒူရစ်၊ သည်ကန် သူရဲ စသော ပုဂံမင်းများခေတ်ဖြစ်ပေ သည်။ ထိုခေတ် ကာလ ရွှေပေလွှာ အက္ခရာပုံမျိုးထပ်တူမရှိ၊ သို့သော် ထပ်တူရှိသည် ဆိုပါသည်။ သို့ပါ၍ ပျူခေတ်၊ ပုဂံမင်းများလက်အောက်ခံ မှော်ဇာပျူမင်း ဗရဗော(ခ) တြီပြတူဝန်မ နှင့် မိဖုရားတြီပြတူဒေဝီတို့က ရွှေပေလွှာ ရေးသားစေပြီး ဦးခင်ဘကုန်း အုတ်တိုက်အတွင်း ဌာပနာပြု ထည့်သွင်း လှူဒန်း ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။

တရုတ်စာပေ ဟန်ရာဇဝင်တွင် ဟိုဟန်ရှုဆိုသူ ရေးသားသည်မှာ ခရစ်သက္ကရာဇ် ၉၇ခုနှစ်က အီဂျစ်ပြည်မှ လာသောဟန်နှင့် ချစ်ကြည် ရေးအဖွဲ့ ဝင်များ တရုတ်ပြည်သို့ သွားရောက်၊ ဘုရင့်ထံအခစားဝင်ခဲ့လေသည်။ ထိုအဖွဲ့တွင် အစိမ်းတိုက်ပညာသည်များ၊ မျက်လှည့် ပြသူများ၊ တူရိယာတီးမှုတ် ပညာသည်များ၊ အလုံးသဏ္ဌာန်ညှပ် ကစားပြသူများလည်း ပါရှိသည်ဟု ရေးသားထားပါသည်။ ထို အလုံး ကိရိယာ ၁၀ လုံးကို နိုင်နင်းစွာကိုယ်ခန္တာ ပေါ်တင် ညှပ်ကစားသူဟုဆိုပါသည်။အဖွဲ့လိုက်မဟုတ်သည်ကတစ်ကြောင်း၊ ခြင်းလုံးခတ် အားကစား ခေတ်ဦးပိုင်းက မြန်မာနိုင်ငံတွင် တစ်ကိုယ်ရေအတတ် ပြ၊ ခြင်းလုံးအတင်၊ အညှပ် ကစားသူများ ရှိခဲ့ရာ ထိုအလုံးမှာ ခြင်း လုံးဖြစ်ပြီး ကစားသူမှာလည်း မြန်မာပြည်ကပင် ဖြစ်မည်ဟု ခြင်းလုံးသုတေသီတစ်ဦးက မှတ်ချက်ပြုထားပါသည်။

ရှေးခေတ် မြန်မာခြင်းလုံး ကစားဝိုင်း

ယင်းနှင့်ပတ်သက်၍ အထောက် အထားမှာ အီဂျစ်နိုင်ငံ မစ္စတာဟန်တို့ အဖွဲ့သည်တရုတ်ပြည်အသွား မြန်မာနိုင်ငံမြောက်ဖျားမှ ဖြတ် သန်းစဉ်ခရီးတစ်ထောက်နားခိုက် ထိုအလုံးများတင်၊ညှပ်ကစားပြသူကို၎င်းတို့အဖွဲ့က ခေါ်ယူသွားခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ ယခုအချိန်တိုင် အီဂျစ်နိုင်ငံတစ်ဝန်းခြင်းလုံးကစားမှုရှိသည်ဟု ကြားပင် မကြားဖူးခဲ့ပေ။ ယင်းကြောင့် မြန်မာ နိုင်ငံမှဟု ထိုအလုံးကစား သူကို မှတ်ယူခြင်း ဖြစ်သည်ဟု သုတေသီများက အဆိုရှိသည်။

စာရေးဆရာ လှသမိန်က စာပေဗိမာန် မဂ္ဂဇင်း အတွဲ (၁)၊ အမှတ်(၅) တွင် ကုန်းဘောင်ခေတ် ကဟု ယူဆ ရေးသားခဲ့ပါသည်။

စာရေးဆရာ တက္ကသိုလ်ချစ်ဆွေ ကလည်း ယဉ်ကျေးမှုစာစောင်တွင် ကုန်းဘောင်ခေတ် က ဟု ရေးသားထားပါသည်။ ညောင်လေးပင်မြို့အောင်သပြေ ဦးအေးမောင် (ခြင်းတော်သား လက်စွဲ စာအုပ်ရေးသားသူ) ကတော့ ပုဂံမင်းလက်ထက်က စတင်၍ ခြင်းလုံး ပေါ် ပေါက်သည်ဟု ရေးသားထားခဲ့ပါ သည်။

တစ်ဖန် ယိုးဒယား ပန်းပုသမားတစ်ဦးကလည်း သက္ကရာဇ် ၁၂၀၈ ခုနှစ် တွင် နန်းတက်သော ပုဂံမင်းထံ ဆင်စွယ်ဖြင့် ပြုလုပ်သည့် ခြင်းလုံး ပုံသဏ္ဌာန် တစ်ခု ကို ဆက်သရာ ပုဂံမင်း သဘောကျပြီး ထိုခြင်း လုံး ပုံသဏ္ဌာန်ကို ကြိမ် ဖြင့် ထိုးယက်စေကာ နန်းတွင်းမှူးမတ် တို့၏ သားတော်များ၊ လူပျိုတော်သား များ ကို ခတ်ကစားစေသည် ဟု ဆိုပါသည်။ ယခုထိ မြန်မာပြည်မှာကြိမ်ဖြင့် ထိုးယက်ကစားနေသ ဖြင့် ပုဂံခေတ်မှပင် ခြင်းလုံးပေါ်ပေါက်ရုံမက ခြင်းလုံးခတ် ကစားနေသည်ကို မှတ်ယူ ရပါမည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် မှတ်တမ်းပြု ရေးသားထားသည်မှာ သရေခေတ္တရာ မြို့ဟောင်း ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ဘောဘောကြီး စေတီ ဌာပနာ တိုက်ထဲ မှ ငွေသားခြင်းလုံးငယ်တစ်လုံးကို တူးဖော်ရရှိခဲ့သည်ဟု ရေးသားဖော်ပြ ထားခဲ့သည်။

ခရစ်သက္ကရာဇ် ၁၇၈၂ ခုနှစ်တွင် မြန်မာနိုင်ငံအင်းဝနေပြည်တော် သို့ သာသနာပြု လုပ်ငန်းအတွက် ရောက်ရှိ လာသော အီတလီနိုင်ငံမှ ဗရင်ဂျီ ဘုန်းတော်ကြီး စန်ဂါမနို၏ မှတ်တမ်း တွင် မြန်မာပြည်တွင်၎င်းနေထိုင်စဉ် တွေ့ရသော ကစားမှုများမှာ ခုံညင်းထိုး ခြင်း၊ ဆင် စွယ်ဖဲချပ်ဖြင့်ဖဲကစားခြင်း၊ကြက်တိုက်ခြင်း၊ ဝါးကိုပါးလွှာစွာလှီးပြီး ထိုးယက်သော အလုံးကို လက်ဖြင့် မပုတ်ပဲ လူငယ်လူရွယ်များ စုပေါင်းကာ အချိန် ကြာမြင့်စွာ ခြေဖြင့် ကစားခြင်းကို တွေ့ရသည်ဟု ရေးထားပါသည်။

ခရစ်သက္ကရာဇ် ၁၈၇၄-၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ ရောက်လာသည့် အင်္ဂလန်နိုင်ငံမှ ခွဲစိတ်ကုဆရာဝန်ကြီး စီအေဂေါ်ဒွန်ကျွနှ်ပ် မြန်မာပြည် သို့ ခရီးထွက်ခြင်း စာအုပ်တွင် မြန်မာပြည် ၌ ခြင်းလုံး ကစားနေသည် ကို တွေ့ခဲ့ရကြောင်း ရေးသား ခဲ့ပါသည်။

မင်းတုန်းမင်း လက်ထက် ကောက်စိုက် သမများသီဆိုသော တေးသီချင်းတစ်ပိုဒ်မှာ သူ့သား သူ့အမေနှိမ်တယ်၊ ဆိုးချိန်မို့လေး၊ ညနေ ခတ်ခြေလုံးနှင့် ပျော်တုန်းမို့လေး ဟု ရေးသားထား သည်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)၌ တွေ့ရပါသည်။

အချုပ်အားဖြင့် သက္ကရာဇ် ၁၁၄၅ ခုနှစ် အမရပူရ မြို့တည်၊ နန်းတည်၊ ဗဒုံ မင်းခေါ် ဘိုးတော်မင်း နှင့် မိဖုရားခေါင် ကြီးတို့ ကိုးကွယ် သော မင်းအိုဆရာ တော်ဘုရားကြီး သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ သက်တော် ၈၃နှစ်၊ ဝါတော် ၆၃ဝါ အရ မင်းအိုတိုက် အောင်မြေဘုံကျော် ကျောင်းကြီး တွင် ပျံလွန်တော်မူလေသည်။ ဘိုးတော်မင်းကြီးက ဘုန်းကြီးပျံ ပွဲတော် ကျင်းပရန် အမိန့်တော် ချမှတ်ရာ၌ ပြာဿာဒ်တလားရထားစည်ကြီးခရာပတ်သာဒုံမင်းခရုသင်းနှဲပုလွေ [[တူရိယာ] အထွေထွေ တီးမှုတ် စုံလင် ခင်းကျင်းစေပြီး ကြိုးတန်းလျှောက်ပွဲ၊ ကျွမ်းပွဲ၊ ခြင်းပွဲ၊ မီးပွဲ မလပ်စေရေး စီစဉ်ကြ အမိန့်တော် မြတ်မှတ်ရာ၌ ခြင်းပွဲ ပါရှိသဖြင့် ထင်ရှားသော ခိုင်လုံသည့် အထောက်အထား ဖြစ်ပါသည်။ [၁]

ပြန်လည်ထွန်းကားခြင်း[ပြင်​ဆင်​ရန်​]

ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုးကို ခါးတောင်းမြောင်အောင် ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ နောက်ပိုင်း သာမန် ပြည်သူ အများကြား တွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။

ကမ္ဘာ့ အနောက်နိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျှင်မြန် ဖြတ်လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီး ဆက်ဆံ အပေးအယူ ပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံးကို တေးဂီတ နှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာ မြောက်စွာ တင်ဆက် နိုင်မှု အပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့် ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါသည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။

မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကိုလည်း အမျိုးသားရေး လက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။ ၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ် သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ခြင်းလုံးအသင်း များ ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ခြင်းလုံးကစားနည်း က အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅ဝ ခုနှစ် များနှင့် ၁၉၆ဝ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း သွားရောက် ပြသခဲ့ပါသည်။

မြန်မာ ခြင်းလုံး ကစားဝိုင်း

အခေါ်အဝေါ်များ[ပြင်​ဆင်​ရန်​]

ခြင်းယိုင်အလှခတ်များ ဖြစ်သော

ခြင်းခတ်ကစားခြင်းကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော သူကို ခြင်းမင်းသားဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်ပေးနိုင်သော သူကို ခြင်းထောက်ဟု ခေါ်သည်။

ခြင်းကြီး ၁ဝ မျိုး[ပြင်​ဆင်​ရန်​]

ခြင်းကြီး ၁ဝ မျိုးကတော့

  1. မဟာ (ခြင်းအခေါ်အဝေါ်)
  2. မဟာဒူး၊ ဂုမ္ဘာဏ် (ခြင်းအခေါ်အဝေါ်)
  3. ဝိုက်ကြီး (ခြင်းအခေါ်အဝေါ်)
  4. စလွယ်ကြီး (ခြင်းအခေါ်အဝေါ်)
  5. တည့် ဖဝါး (ခြင်းအခေါ်အဝေါ်)
  6. တည့်ဖနောင့် (ခြင်းအခေါ်အဝေါ်)
  7. မဟာညွန့် (ခြင်းအခေါ်အဝေါ်)
  8. ညွန့်ဒူး (ခြင်းအခေါ်အဝေါ်)
  9. နဂါးပတ်ဖဝါး (ခြင်းအခေါ်အဝေါ်)
  10. နဂါးပတ်ဖနောင့် (ခြင်းအခေါ်အဝေါ်) တို့ ဖြစ်သည်။

ခေတ်ဆန်းခြင်း ပေါက်များမှာ

ပညာရှင်များ[ပြင်​ဆင်​ရန်​]

မြန်မာအမျိုးသား ခြင်းအကျော် ဝိဇ္ဖာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုသုံး၍ ပုံအကျ ခတ်ပြ နိုင်မှသာရင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်” ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထိုအထဲမှ တစ်ဦးမှာ စုစုလှိုင် ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူးနေပေသည်။

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. ခြင်းလုံးအစ မြန်မာက (အထောက်အဆယ် -အောင်ကြွယ်) အတွဲအမှတ် (၂၄၊ အမှတ် ၄၆၃). Retrieved on ၂၀၁၁-၁၁-၁၅