ဗောဓိညောင်ပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗောဓိညောင်ပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးပေါင်းစု Magnoliophyta
မျိုးပေါင်း Magnoliopsida
မျိုးစဉ် Rosales
မျိုးရင်း Moraceae
မျိုးစု Ficus
မျိုးစိတ် F. religiosa
ဒွိနာမ
Ficus religiosa L.
မဟာဗောဓိညောင်ပင်

ဗောဓိညောင်ပင် သို့မဟုတ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတတည်းဟူသော ဗောဓိဉာဏ်တော် ရရန် အားထုတ်ရာ၌ အမှီပြုသော အပင်များ(ဝါ) ဘုရားပွင့်တော်မူရာ အပင်များဖြစ်သည်။ ထိုအပင်များကို ဌာနျူပစာအားဖြင့် ဗောဓိပင်ဟု ခေါ်သည်။ ဂေါတမဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေ ပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ရာ ထိုညောင်ဗုဒ္ဓဟေပင်ကို ဗောဓိညောင်ဟူ၍ ခေါ်တွင်ခဲ့ကြလေသည်။ ဗောဓိညောင်ပင် သို့မဟုတ် ညောင်ဗုဒ္ဓဟေပင်သည် မိုရေးစီအီးမျိုးရင်းဝင် ဖြစ်၍ ညောင်ပင်မျိုးစိတ်တွင် ပါဝင်သည်။ ရုက္ခဗေဒ အမည်မှာ ဖိုင်းကပ် ရီလီဂျီအိုဆာ ဖြစ်သည်။ အခြားညောင်ပင်များနည်းတူ အလေ့ကျပေါက်သော ကြီးမား၍ အရပ်အာဝါသ ကောင်းသည့် အပင်ကြီးမျိုး ဖြစ်ပြီးလျှင်၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ စသော အပူပိုင်းဒေသနိုင်ငံများ၌ ပေါက်ရောက်သည်။ တပင်ချင်း သီးခြားပေါက်လေ့ရှိသည်။ အရွက်တို့သည် အခြားညောင်ရွက်များကဲ့သို့ပင် လူ၏နှလုံးပုံသဏ္ဌာန် ရှိသော်လည်း အရွက်ဖျား ပို၍ ရှည်သွယ်သည်။ ဧပြီလနှင့် မေလတွင် အပွင့် ပွင့်၍ သေးငယ်သော အသီးများသီးသည်။

အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် စသော ဗုဒ္ဓအယူဝါဒ ထွန်းကားရာ နိုင်ငံတို့၌ ဗောဓိညောင်ပင်ကို အထွတ်အမြတ်ထားကြသည်။ ဗုဒ္ဓအယူဝါဒီတို့အဖို့ ဗောဓိပင်သည် ဘုရားရှင်၏ ကိုယ်စား ပူဇော်ကိုးကွယ်ရာဖြစ်သော ပရိဘာဂစေတီ တစ်ပါးဖြစ်သည်။ ထိုကြောင့် ဗုဒ္ဓအယူဝါဒဆိုင်ရာ ကျောင်းကန်ဘုရားတို့၏ ပရဝုဏ်အတွင်း၌ အလေးအမြတ်ပြု၍ စိုက်ပျိုးကိုးကွယ်ထားသော ဗောဓိညောင်ပင်များကို တွေ့မြင်ကြရသည်။ များသောအားဖြင့် ယင်းသို့ အလေးအမြတ်ပြု၍ ကိုးကွယ်ကြသော ဗောဓိညောင်ပင်တို့သည် ဂေါတမဘုရားရှင် ပွင့်တော်မူရာ မူလဗောဓိပင်ကြီးမှ အစဉ်အဆက် အဆင့်ဆင့် မျိုးပွားယူခဲ့သော ဗောဓိပင်ပေါက်တို့ကို ပင့်ဆောင်စိုက်ပျိုးကြခြင်း ဖြစ်သည်။ မူလဗောဓိပင်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ကျော်ခန့်ကပင် ဗောဓိပင်နှင်တကွ အမြိုက်တရားထူးရရန် ဘုရားရှင် အားထုတ်ရင်း၊ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူခဲ့သည် ဗောဓိပင်ရင်းရှိ ပလ္လင်တော်ကိုပါ ငုံ၍ စေတီတော် တည်ခဲ့သည်။ သီရိဓမ္မာသောကမင်းတရားကြီး စတင်တည်ခဲ့၍ နောင်ဗုဒ္ဓဝါဒီမင်းများက ပြုပြင်မွမ်းမံခဲ့သည်ဟု အဆိုရှိသည်။ ထိုစေတီတော်ကြီးကို မဟာဗောဓိစေတီတော် ဟု ခေါ်တွင်၍ အိန္ဒိယနိုင်ငံ ဂယာခရိုင်းအတွင်းရှိ ဗုဒ္ဓဂယာ၏ ထင်ရှားကျော်ကြားသော အဓိကရ ဌာနေကြီး ဖြစ်လေသည်။

မူလဗောဓိပင်၏ လက်ျာတောင်ကိုင်းကို သာသနာပြုရန် ရည်ရွယ်ချက်ဖြင့် သီရိဓမ္မာသောကမင်းကြီးသည် အဓိဋ္ဌာန်ပြုကာ ပိုင်းဖြတ်စေ၍ သမီးတော် သင်္ဃမိတ္တထေရီနှင့်အတူ သီဟိုဠ်ကျွန်းသို့ ပို့ဆောင် စိုက်ပျိုးစေရာ၊ ထိုအပင်သည် သီဟိုဠ်ကျွန်း အနုရာဓပူရမြို့ရှိ သင်္ဃမိတ္တမဟာဗောဓိပင် ဖြစ်လေသည်။ အသက်ရှည်ဆုံး အပင်ကြီးလည်းဖြစ်သည်။။ ထို့ကြောင့် ထိုဒက္ခိဏသာခါ မဟာဗောဓိပင်ကြီးရှိရာသို့ နှစ်စဉ် နှစ်တိုင်း အထောင်အသောင်းမျှသော ဗုဒ္ဓဝါဒီတို့ ဖူးမြော်ရန် လာရောက်ကြသည်။ ယင်းဒက္ခိဏသာခါ ဗောဓိပင်ကြီးမှ ပွားသော ဗောဓိပင်တို့ကို သီဟိုဠ်ကျွန်း၌ အနှံ့အပြား စိုက်ပျိုးကိုးကွယ်ကြရာ မြန်မာနိုင်ငံသို့လည်း ပင့်ဆောင်စိုက်ပျိုး ကိုးကွယ်ကြသည်။ ယင်းဗောဓိပင်တို့မှ ကြွေကျသော အရွက်များလည်း ကောက်ယူ ကိုးကွယ်ကြသည်။ ဗောဓိပင်တို့သည် ပရိဘောဂစေတီဖြစ်သဖြင့် အကိုင်းအခက်တို့ကို ခုတ်ချပိုင်းဖြတ်ခြင်း မပြုစကောင်းပေ။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျိုးပဲ့ကျသော အကိုင်းအလက်တို့ကို ရုပ်ပွားတော်များ ထုလုပ်၍ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်များအဖြစ် ကိုးကွယ်ပူဇော်ကြရာ၊ အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်ကြလေသည်။ ဗောဓိညောင်ပင်ကို ဟိန္ဒူအယူဝါဒီတို့ကလည်း ဗိဿနိုင်းနတ်မင်းကြီးနှင့် စပ်လျဉ်း၍ အထွတ်အမြတ်ထားကြလေသည်။


Sacred Fig (ညောင်ဗောဓိဟေ ၊ ဗောဓိညောင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Ficus religiosa Linn
  • Species/Family : Moraceae


ပုံသဏ္ဌာန် : အပင် - အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်ထိရှိသည်။ အခေါက် ညို၍ ပြောင်ချောသည်။ ကိုင်းများစွာ ဖြာပြီး အရွက်များ ဝေဆာစွာဖြင့် တွေ့ရ၏ ။ များသောအားဖြင့် အကိုင်းများမှ အမြစ်များ ထွက်ပေါက်လေ့ရှိ၏ ။ အပင်မှ ဖြူ၍ နို့ကဲ့သို့ ပျစ်ချွဲသော အစေးများ ထွက်၏ ။ အရွက် - ရွက်လွှဲထွက်သည်။ နှလုံးပုံ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက် ကြော ၈ စုံ ခန့်ရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၃-၄ လက်မ ရှည်သည်။ သေးသွယ်သည်။ ရွက်စွယ်သေးငယ်၍ ဘဲဥပုံရှိပြီး ထိပ်ချွန်သည်။ အပွင့် - အဖိုပွင့် ၊ အမပွင့် သီးခြားရှိသည်။ တန်ခူး ၊ ကဆုန်တွင်ပွင့်သည်။ အသီး - လုံးဝိုင်းသည်။ ရွက်ရင်းမှ ကပ်သီးသည်။ အစိမ်းရောင်ရှိသည်။ သဖန်းသီးကဲ့သို့ဖြစ်ပြီး အတွင်း၌ အပွင်းလေးများ ရှိသည်။ ကဆုန် ၊ နယုန်တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အမြစ် ၊ အသီး ၊ အရွက် ၊ အစေး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မျိုးစေ့၊ ပျံ့လွင့်ကျရောက်ရာ ဒေသတိုင်း၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏ ။ ကြေ ခဲ၍ ခြောက်ကပ်၏။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏။ သားအိမ်ကို သန့်ရှင်းစေ၏။ သည်းခြေ သလိပ်ကို နိုင်၏။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏။ အသီးမှည့်သည် အေး၏။ နှလုံးကို အကျိုးပြု၏။ သွေးရောဂါ ၊ အဆိပ်အပူ သည်းခြေကြောင့်ဖြစ်သောရောဂါ၊ အန်ခြင်း ၊ မြစ်ခြောက်နာ ၊ နှုတ်မမြိန်ရောဂါများကို ပျောက်စေ၏။ အရွက်သည် သွေးကို စင်ကြယ် စေ၏ ။ အခေါက်သည် ချုပ်၏ ။ ၀ဖြိုးစေ၏ ။ အစေးသည် သွားနှင့် သွားဖုံးနာကျင် ကိုက်ခဲခြင်းကို ပျောက်စေ၏။

အသုံးပြုပုံ- အခေါက်

  1. အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏။
  2. အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။
  3. အနာဟောင်း၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အဝတ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။
  4. ညောင်ဗုဒ္ဓဟေ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။
  5. အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။
  6. ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။
  7. ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။

အသီး

  1. အသီးခြောက်ကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။

အရွက်

  1. ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။
  2. အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။
  3. အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။

အစေး

  1. ညောင်စေးကို မီးယပ်ရောဂါ၌ သုံး၏ ။

အမြစ်

  1. ညောင်ဗုဒ္ဓဟေမြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။
  2. အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။
  3. အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=120