ပိတ်ချော

ဝီကီပီးဒီးယား မှ

ပိတ်ချော[ပြင်ဆင်ရန်]

လီနင်ဟု ခေါ်ကြသော ပိတ်ချောမျိုးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော အထည် မျိုးဖြစ်သည်။ ရှေးအနှစ်တစ်သောင်းလောက်ကပင် ဆွဇ်ဇာလန်ပြည်ရှိ အိုင် ကြီးများထဲ၌ တဲခြေတံရှည်ကြီးများ ထိုး၍ နေထိုင်ကြသော ရှေးလူများသည် ပိတ်ချောထည်ကို သုံးခဲ့ကြကြောင်း အထောက်အထားများ တွေ့ရ သည်။ ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်း ၄,ဝဝဝလောက်က အီဂျစ်လူမျိုးများသည် နိုင်းမြစ်ကမ်းပါး တစ်လျှောက်၌ ဘီသွာလျှော်ပင်များကို စိုက်ပျိုး၍၊ ယင်းမှရသော ခြည်မျှင်များဖြင့် ပိတ်ချောများရက်လုပ်ခဲ့ ကြသည်။ အီဂျစ်နှင့် ဟီဗြူ ဘုန်းတော် ကြီးများသည် မိမိတို့၏ အယူဝါဒဆိုင်ရာ အခမ်းအနားများတွင် ယင်းသည့် ပိတ်ချောဖြင့် ချုပ်လုပ်သော ဝတ်စုံများကို ဝတ်ဆင် ကြသည်။ အီဂျစ်ဘုရင်တို့၏ အလောင်းများကိုလည်း ပိတ်ချောဖြင့် ပတ်ထုတ်ပြီးမှဂူသွင်း သဂြုလ်လေ့ရှိကြသည်။ ခေါမယဉ်ကျေးမှု ထိပ်တန်းရောက်စဉ်ကာလက ငွေကြေး ချမ်းသာသူ၊ အထက်တန်းကျသူများသာပိတ်ချောကို ဝတ်ဆင်နိုင် ကြသည်။ အလယ်ခေတ်အတွင်းက ဥရောပတိုက်သား အားလုံးလိုလိုပင် ပိတ်ချောထည်ကို ဝတ်ဆင်ခဲ့ကြသည်။ အင်္ဂလိပ်လူမျိုးတို့ကား ခရစ် ၄ဝဝ ပြည့်နှစ်လောက်ကပင် ပိတ်ချောရက်နည်းကို သိရှိပြီး ဖြစ်ကြသည်။

အမေရိကတိုက်သို့ ဦးစွာလာရောက် နယ်သစ်တည်ထောင် နေထိုင်ကြသူတို့သည် မိမိနှင့်အတူ ဘီ သွာလျှော်မျိုးစေ့များကို ဥရောပမှ သယ်ဆောင်လာ၍ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဘီသွာလျှော်ပင်များမှ ရသော ချည်မျှင်များကို လက်ဖြင့်ငင်၍၊ လက်ဖြင့်ပင် ပိတ်ချောထည် ရက်လုပ်ကြသည်။

လက်ဖြင့်ငင်၍ရသောချည်သည် အကောင်းဆုံးဖြစ်၏။ သို့သော်စရိတ်စက ကြီးလှသည်။ ဘယ်ဂျီယံ၊ နယ်သာလန်နှင့် ဆိုဗီယက်၊ ရုရှ စသော နိုင်ငံများတွင် ဈေးသက်သာစွာဖြင့် ချည်ငင်နိုင်၍ ပိတ်ချောများ ရက်လုပ်နိုင်သည်။ ဆိုဗီယက် ရုရှနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘီသွာလျှော်ပင် အများဆုံးစိုက်ပျိုးသည့် နိုင်ငံဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် တစ်နှစ်လျှင် ပိတ်ချောဒေါ်လာ ရ၌ဝဝဝ၌ဝဝဝ ဖိုးမျှ ယက်လုပ်ရောင်းချသည်။ သို့သော် လက်ယက်ပိတ်ချောများမှာ အကောင်းဆုံးနှင့် အချောမွေ့အနူးညံ့ဆုံး ဖြစ်၍၊ ဗယ်ဂျီယံ၊ ဂျာမနီ၊ ပြင်သစ်နှင့် အိုင်ယာလန်နိုင်ငံများမှ ဝယ်ယူတင်သွင်းရလေသည်။

လက်ရက်ပိတ်ချောသည် စက်ရက်ပိတ်ချောထက် ဈေးကြီးသည်။ ပိတ်ချောရက်လုပ်သည့် ဘီသွာလျှော် ချည်မျှင်သည် ဝါချည်မျှင်တက် နှစ်ဆမျှ ပို၍ခိုင်သည်။ ယင်းတို့ကို အလွန်သေးငယ်သော ချည်မျှင်ဖြစ်အောင်လည်း ပြုလုပ်နိုင်သဖြင့် အလွန်နုသော ဇာများပင် ယက်လုပ်နိုင်သည်။ သို့ရာတွင် ဝါချည်မျှင်ထက် ပိုလေးသည့်ပြင်၊ ဝါချည်မျှင်လောက် ဆေးမစုတ်နိုင်ချေ။

ပိတ်ချောသည် ပြောင်ချောနူးညံ့သည်။ အညစ်အကြေး မတင်လွယ်ရုံမျှမက၊ လျှော်ဖွပ်၍လည်း ဖြူ လွယ်သည်။ ထို့ပြင်အခိုးအငွေ့ကို စုတ်ယူတတ်သော သတ္တိရှိသဖြင့် ပူသည့်အခါဝတ်ရန်အလွန်သင့် လျော်သည်။ ဘီသွာလျှော် ချည်မျှင်ဖြင့်ရက်လုပ်သော မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ၊ သင်္ဘောရွက်၊ဇာ၊ စားပွဲခင်း၊ အဝတ်အထည် စသည်တို့ကို ဝါချည်ဖြင့်ရက်သော ပစ္စည်းများထက် လူကြိုက်များသည်။

သို့ရာတွင် ဝါချည်ဖြင့်ရက်သော ပစ္စည်းများထက် ဈေးကြီး သဖြင့် လူတိုင်း အသုံးမပြုနိုင်ချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)