နှင်းကိုမြင်ခိုက်

ဝီကီပီးဒီးယား မှ

နှင်းကိုမြင်ခိုက် ကဗျာကို နောင် ရေးဖွဲ့ခဲ့သည်။ လင်္ကာ ကဗျာအမျိုးအစား ဖြစ်သည်။ နှင်းများကျသည့်ဆောင်းရာသီတွင် အမျိုးသားစည်းလုံးမှုနှင့် အမျိုးသား လွတ်မြောက်ရေးကို ရယူကြိုးပမ်းခဲ့သော ပြည်သူပြည်သားတို့ကို ဂုဏ်ပြုရေးဖွဲ့ထားသည်။

နှင်းကိုမြင်ခိုက်[ပြင်ဆင်ရန်]

နှင်းကိုမြင်၍
သဇင်ပွင့်ဦး၊ သူကြည်နူးစဉ်
ရယ်မြူးရွှင်ပျ၊ နှမနှင့်မောင်
ညီနောင်သားချင်း၊ လက်တွဲရင်းနှင့်
ချစ်ခြင်းခင်ခြင်း၊ ယုံကြည်ခြင်းများ
ဆပွားသစ်သစ်၊ ခိုင်မြဲနှစ်မာ
ကာလကြာလေ၊ စည်းရုံးလေတည့်။

မြေပြန့်တောင်ခုံး၊ ပတ်ကုံးဝန်းကျင်
မြစ်ခွင်တကြော၊ လွန်သာမောကို
ချစ်သောစိတ်နှင့်၊ သွေးနှင့်ချွေးနှင့်
အဆင့်ဆင့်ဆက်၊ အသက်သက်များ
စတေးထား၍၊ ဘိုးဘွားပေးဝေ
ချစ်အမွေတည့်။

အနေကြာကြာ၊ အသာမိုးမိုး
ချစ်တိုးလွန်မြတ်၊ သွေးသားထပ်၍
ကိုယ့်ရပ်ကိုယ့်မြေ၊ တွယ်တာပေ၏။

ကိုယ့်နေရာကို
တစ်ဖျာတစ်ကွက်၊ တစ်လက်မလည်း
တသနှမြော၊ စုံမက်မောသည့်
သဘောခြင်းရာ၊ ပြောရပါလျှင်
နှင်းရင်နုမှ၊ သဇင်လှကို
မြင်ရကြုံရ၊ ဆောင်းအမြမှာ
မဟာအောင်ခြင်း၊ စည်းလုံးခြင်းဖြင့်
သွေးချင်းကိုယ်သား၊ တို့ပိုင်ထားသည်
တရားမျှတလွတ်လပ်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်