နေဦးကျော်ထွန်း

ဝီကီပီးဒီးယား မှ
Nay Oo Kyaw Tun
နိုင်ငံ မြန်မာ
မွေးဖွား (1975-08-17) ၁၇ ဩဂုတ်၊ ၁၉၇၅ (အသက် ၄၈)[၁]
Myanmar
TitleIM (၁၉၉၉)
en:FIDE အဆင့်၂၃၈၅ (ဧပြီလ ၂၀၂၀ )[၂]
Peak rating၂၅၉၅ (ဇန်နဝါရီလ ၂၀၀၀)[၃]

နေဦးကျော်ထွန်း သည် မြန်မာနိုင်ငံသား စစ်တုရင်ကစားသမားတစ်ဦးဖြစ်၍ မြန်မာနိုင်ငံရှိ စစ်တုရင် အင်တာနေရှင်နယ်မာစတာ IM ဘွဲ့ရ ၅ ဦးထဲမှ တစ်ဦးဖြစ်သည်။[၂] ပြည်တွင်းစစ်တုရင်ပြိုင်ပွဲများနှင့် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာ ဆုတံဆိပ်များစွာကို ရရှိခဲ့သူဖြစ်သည်။

ကို​ယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ် ဩဂုတ်လ (၁၇)ရက် တနင်္ဂနွေနေ့တွင် မုံရွာမြို့၌ ဦးကျော်သန်းထွန်းနှင့် ဒေါ်အေးအေးကြင် တို့မှ မွေးဖွားခဲ့သည်။ ၂၀၀၁ တွင် မန္တလေးတက္ကသိုလ် မှ ရူပဗေဒ အထူးပြုဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ (ဂုဏ်ထူး) ဘွဲ့ရခဲ့၍ ၂၀၀၉ တွင် သုတနည်းပညာ ဒီပလိုမာဘွဲ့ ကို မန္တလေးတက္ကသိုလ်မှ ထပ်မံရရှိခဲ့သည်။

နေဦးကျော်ထွန်း သည် စစ်တုရင်ကို ၆နှစ်သားမှစတင် ကစားခဲ့ပြီး ၁၂နှစ်သားအရွယ်တွင် စစ်တုရင်ပြိုင်ပွဲများ စတင်ယှဉ်ပြိုင် ကစားခဲ့ကာ အသက် (၁၇)နှစ်၌ ပဏာမ လက်ရွေးစင်အဖြစ်ရွေးချယ် ခံခဲ့ရသည်။ ထို့နောက် ၁၉၉၇ တွင်  နိုင်ငံ့လက်ရွေးစင် စစ်တုရင်ကစားသမား ဖြစ်လာခဲ့လေသည်။။ ထိုနှစ်တွင်ပင် ပထမဦးဆုံး နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့မြို့တော်များ စစ်တုရင်ပြိုင်ပွဲ၌ FIDE rating 2395 စတင်ရရှိခဲ့ကာ ၁၉၉၈ ခုနှစ်တွင် IM (Norm)အင်တာနေရှင်နယ်မာစတာစံနှုန်း ရရှိခဲ့သည်။

၁၉၉၉ ပြည့်နှစ်တွင် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဒုတိယအမြင့်ဆုံးဆုဖြစ်သည့် အင်တာနေရှင်နယ်မာစတာ ( IM ) ဘွဲ့ ကို ရရှိခဲ့သည့်အပြင် Grandmaster (Norm) ပထမအကြိမ်အဖြစ် ရရှိခဲ့သည်။ [၄] ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၂၇)ကြိမ်မြောက် အမျိုးသား တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့သည်။ [၅] ၎င်းနှစ်တွင် ဘရူနိုင်းနိုင်ငံက ကျင်းပပြုလုပ်ခဲ့သော International Open ပြိုင်ပွဲ၌ 2nd Asean Player ဆု ရရှိခဲ့သည်။

၂၀၀၂ ၌ မလေးရှားနိုင်ငံက ကျင်းပပြုလုပ်သည့် Merdeka Open Team Rapid ပြိုင်ပွဲ၌ ကြေးတံဆိပ် တတိယဆုရရှိခဲ့၍ ထို့နောက် စင်ကာပူနိုင်ငံက ကျင်းပပြုလုပ်သည့် Rating Tournament ပြိုင်ပွဲ၌လည်း ပထမဆု ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် Bangkok 2ND ASEAN MASTERS GM ပြိုင်ပွဲ၌ ဒုတိယမြောက် GM (Norm)  ထပ်မံရရှိခ​ဲ့လေသည်။[၆] ၂၀၀၈ တွင် ဖိလစ်ပိုင်နိုင်ငံ အော်လန်ဂါပူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သော International Open ပြိုင်ပွဲ၌ သတ္တမဆု ရရှိခဲ့သည်။

၂၀၁၁ တွင် FIDE မှပေးအပ်ချီးမြှင့်သော (FIDE Instructor) နည်းပြဘွဲ့၊ ၂၀၁၂ ခုနှစ်တွင် မြန်မာ့ ရိုးရာစစ်တုရင်၊ မြန်မာ့ရိုးရာ တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ၌ ချန်ပီယံဆု၊ ၂၀၁၃-ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ် ၃ ခု စသည်ဖြင့် ဆုအသီးသီးရရှိခဲ့သည်။ ၂၀၁၄ ၌ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော GM Zaw Win Lay Memorial Myanmar International Open Chess Championship ၌ GM ၃ ဦး ( ရုရှားနိုင်ငံသား ၂ ဦး နှစ် ဥဇဘက်ကစ္စတန်နိုင်ငံသား ၁ ဦး ) တို့နှင့် ၃ ပွဲဆက် သရေ ကစားနိုင်ခဲ့သည်။ ပွဲစဉ် (၉) တွင် ဗီယက်နမ်နိုင်ငံသား GM နဲ့ တွေ့ဆုံခဲ့ပြီး အနိုင်ရရှိပါက GM ဖြစ်မည့် နောက်ဆုံး GM(Norm) ရရှိနိုင်သော်လည်း ရှုံးနိမ့်သွားသောကြောင့် Best Myanmar Player ဆုသာ ရရှိခဲ့သည်။

FIDE Arbiter Diploma ကို ၂၀၁၆ တွင် ရရှိခဲ့ပြီး[၇] ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် First Friday IM norm tournament ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။ [၈] ၂၀၁၈ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံက ကျင်းပပြုလုပ်သည့် World Olympic Chess 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၀ ပွဲ ကစားရာတွင် ၃ ပွဲနိုင် ၊ ၆ ပွဲ သရေ နှင့် ၁ ပွဲ ရှုံး ဖြစ်ခဲ့ပြီး FIDE rating အနည်းငယ် ထပ်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ASEAN AGE Group ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၄ ခု ထပ်မံ ရရှိခဲ့သည်။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

ယခုလက်ရှိတွင် အထက်မြန်မာပြည် စစ်တုရင်အဖွဲ့ချုပ် အကယ်ဒမီ၌ နည်းပြချုပ်အဖြစ်လည်းကောင်း၊ မန္တလေးမြို့ ဗထူးအားကစားကွင်းရှိ မျိုးဆက်သစ် စစ်တုရင် ချန်ပီယံလူငယ်များ ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် Winner Chess Training Center ၌လည်း စစ်တုရင်နည်းပြချုပ်အဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Nay Oo Kyaw Tun။ 2020-04-05 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ FIDE Profile: Nay Oo Kyaw Tun။ 2020-04-05 တွင် ပြန်စစ်ပြီး။
  3. Nay Oo Kyaw Tun။ 2020-04-05 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. Tournament report September 2016: 42nd Myanmar National Championship။ 2020-04-05 တွင် ပြန်စစ်ပြီး။
  5. 46th National Chess Championship။ Myanmar Chess Federation (2020-03-16)။ 2020-04-04 တွင် ပြန်စစ်ပြီး။
  6. https://ratings.fide.com/report.phtml?event=29124
  7. https://arbiters.fide.com/news/2122
  8. https://chessbase.in/news/First_Friday_IM_norm_tournament