ထုံးကျောက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နယူးဇီလန်နိုင်ငံ ဝေတိုမိုနယ်တွင် တွေ့ရသော ထုံးကျောက်တုံးကြီး

ကမ္ဘာ့အပေါ်ယံမြေလွှာတွင် သယံဇာတအဖြစ်ဖြင့် အများအပြားတွေ့ရ၍ အသုံးလည်း အလွန်ဝင်သော ကျောက်တစ်မျိုးသည်ကား ထုံးကျောက်ပင်ဖြစ်လေသည်။ မြန်မာနိုင်ငံတွင် သထုံ၊ ကျိုက္ခမီနှင့် အခြားခရိုင်အချို့တွင် ထုံးကျောက်တောင်များကို တွေ့ရ၏။ အင်္ဂလန်ပြည် ယော့ရှိုင်းယာခရိုင်နှင့် ဒါဗီ ရှိုင်ယာခရိုင်တို့တွင်ရှိသော တောင်တန်းများသည်လည်း အများအားဖြင့် ထုံးကျောက်တောင်များပင် ဖြစ်ကြလေသည်။

ခရု၊ ကမာ၊ သန္တာကောင်မှစ၍ မရေမတွက်နိုင်သော အပေါ်ယံ အခွံမာရှိသည့် ရေသတ္တဝါများ သေကြေပျက်စီးကြသောအခါ ပင်လယ်အောက်တွင် ထိုအခွံများသည် အထပ်ထပ်စုပုံ၍ နေကြသည်။ နှစ်ပရိစ္ဆေဒ အလွန်ကြာလတ်သော် ထိုအထပ် တို့သည် ကြီးမားလာ၍ တထပ်ပေါ်တထပ် ဖိနှိပ်မှုကြောင့် နောက်ဆုံးတွင် မြေဖြူအဖြစ်သို့ ပြောင်းလဲလာသည်။


ကမ္ဘာမြေကြီး၏ ပေါက်ကွဲမှု၊ လှုပ်ရှားမှု အမျိုးမျိုးတို့ကြောင့် ပင်လယ်အောက်မှ မြေဖြူတန်းများသည် ကမ္ဘာ့မြေမျက်နှာပြင်သို့ ပေါ်ထွက်လာတတ်ကြသည်။ တစ်ခါတစ်ရံ မြေဖြူ တန်းများသည် မြေကြီးအတွင်းမှာပင် အလွန်နက်စွာ နစ်မြုပ်၍ နေတတ်ကြသည်။ ထိုအခါမျိုးတွင် အပူနှင့် ဖိအားတို့ကြောင့် မြေဖြူအဖြစ်မှ တဖြည်းဖြည်း မာလာပြီးလျှင် ထုံးကျောက် အဖြစ်သို့ ရောက်သွားသည်။ ထုံးကျောက်အဖြစ်တွင် အပူနှင့် ဖိအားကို ပိုမိုရပြန်သောအခါ အလွန်မာလာပြီးနောက် စကျင်ကျောက်အဖြစ်သို့ ပြောင်းသွားပြန်သည်။

ထိုကြောင့် မြေဖြူသည် ထုံးကျောက်အပျော့စားဖြစ်၍ စကျင်ကျောက်မှာ ထုံးကျောက်အမာစားပင်ဖြစ်၏။ မြေဖြူ၊ ထုံးကျောက်နှင့် စကျင်ကျောက်တို့၏ ဂုဏ်သတ္တိများသည် အတူတူ ပင် ဖြစ်ကြပေသည်။ ယင်းတို့တွင် ကယ်လဆီယမ် ကာဗွန် နိတ်ဓာတ် အများဆုံးပါရှိသဖြင့် ဓာတုဗေဒအလိုအရ ကယ်လ ဆီယမ်ကာဗွန်နိတ်ဟု ခေါ်လေသည်။ ရေစေးတွင်ပါဝင်သော ကယ်လဆီယမ်ကာဗွန်နိတ်များ အနည်ထိုင်ရာမှ ဖြစ်ပေါ်လာ သော ထုံးကျောက်မျိုးလည်းရှိ၏။ ထုံးကျောက်ဟုတ်မဟုတ်ကို အက်ဆစ်အပျော့ရည်တစ်ခုခုနှင့် စမ်းသပ်ကြည့်နိုင်၍၊ ထုံး ကျောက်ဖြစ်က ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်လာ ခြင်းကို တွေ့ရပေမည်။

ထုံးကျောက်ကို အဆောက်အအုံများ ဆောက်လုပ်ရာ၌၎င်း၊ လမ်းများခင်းရာ၌၎င်း၊ သံနှင့်ခဲသတ္တုရိုင်းများ ကျိုသည့်အခါ အရည်ပျော်မြန်စေသော ပစ္စည်းပြုလုပ်ရာ၌၎င်း၊ ဘိလတ်မြေ လုပ်ရာ၌၎င်း၊ အသုံးများ၍ အခြား စက်မှုလက်မှုလုပ်ငန်းများ တွင်လည်း များစွာအသုံးပြုရလေသည်။

ကမ္ဘာအရပ်ရပ်ရှိ ထုံးကျောက်တောင်များတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ် ပျော်ဝင်လျက်ရှိသော ရေတို့၏ စီးဝင်စား သွားမှုကြောင့် နှစ်ပရိစ္ဆေဒကြာလတ်သော် ဂူများဖြစ်လာတတ် သည်။


ထိုထုံးကျောက်ဂူများတွင် ကယ်လဆီယမ် ကာဗွန်နိတ် ပျော်ဝင်ရည်များ တစက်တစက် ကျဆင်းရာမှဖြစ် ပေါ်လာ၍ ဂူအမိုးမှ တွဲလဲကျနေသော ဂဝံကျောက်များကို တွေ့ ရတတ်သည်။ ထိုဂဝံကျောက်မျိုးကို ကျောက်စက်ပန်းဆွဲဟုခေါ် ၏။ ဂူအတွင်း မြေကြီးပေါ်တွင် စုပုံနေတတ်သော ဂဝံကျောက် မျိုးကိုမူ ကျောက်စက်မိုးမျှော်ဟု ခေါ်လေသည်။ ယင်းဂဝံ ကျောက်မျိုးရှိရာ ဂူတို့မှာ ကျိုက္ခမီခရိုင်ရှိ ခရုံဂူနှင့် သထုံခရိုင်ရှိ ဆဒ္ဒန်ဂူတို့ဖြစ်ကြသည်။ ဒေါ်လမိုက်ဟုခေါ်သော ထုံးကျောက် တစ်မျိုးမှာ ကယ်လဆီယမ် ကာဗွန်နိတ်တစ်မျိုးတည်းမဟုတ်ဘဲ မက်ဂနီဇီယမ် ကာဗွန်နိတ်လည်း ပါဝင်လျက်ရှိလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)