ထရီနီဒတ်ကျွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစုတွင် ဂျမေးကားကျွန်းမှ တစ်ပါး အခြားအကြီးဆုံးကျွန်းမှာ ထရီနီဒတ်ကျွန်းဖြစ်သည်။ အရှေ့မြောက်ဘက်၌ တိုဘက်ဂိုကျွန်းရှိ၍၊ ထိုကျွန်းသည် ထရီနီဒက်နှင့် အုပ်ချုပ်ရေးသဘော၌ ရောနှော ပေါင်းစပ်လျက် ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံ အဖြစ်ရှိလေသည်။

ထရီနီဒတ်ကျွန်းသည် ပူပြင်းစိုစွတ်သော ရာသီဥတုရှိ သည်။ မြေဩဇာကောင်းမွန်သည်။ သကြား၊ ကိုကိုး၊ အုန်း၊ ရှောက်၊ လိမ္မော်နှင့် ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးကြသည်။ ရေနံထွက်သဖြင့် ရေနံချက် သည့်လုပ်ငန်းသည် အရေးပါ၏။ ရေနံချေးအချို့ကို ဗင်နီဇွဲလားမှ တင်သွင်းသည်။ ကတ္တရာစေး ထွက်သည်။ ကျွန်း၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၈၆၄ မိုင်ခန့်ရှိသည်။ တိုဘက်ဂိုကျွန်းမှာ စတုရန်းမိုင်ပေါင်း ၁၁၆ မိုင်ရှိသည်။

လူဦးရေ ၁သန်း ၂သိန်းခန့်ရှိသည်။ တိုင်းရင်းသား လူဦးရေ ၃ ပုံ ၁ ပုံသည် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်လူမျိုးများဖြစ်ကြသည်။ဤကျွန်းကို ရှေးဦးစွာ တွေ့ရှိသူမှာ ကိုလံဘတ် (၁၄၉၈ ခုနှစ်)ဖြစ်သည်။


၁၇၉၇ ခုနှစ် အထိ စပိန် တို့၏ လက်အောက်ခံ ဖြစ်ခဲ့ပြီးနောက်၊ ဗြိတိသျှတို့က သိမ်းယူ သည်။ ၁၈ဝ၂ ခုနှစ် အမီယန်မြို့တွင် ချုပ်ဆိုသော စာချုပ်အရ ဂရိတ်ဗြိတိန်ပိုင်ဖြစ်လာသည်။ ၁၉၄၁ ခုနှစ်တွင် ကျွန်းပေါ်ရှိ ခံတပ်စခန်းများကို အမေရိကန်သို့ ၉၉ နှစ် အငှားစာချုပ်ဖြင့် ငှားရမ်းလိုက်၏။

ကျွန်းမှာ အများအားဖြင့် တောင်ထူထပ်သည်။ သို့သော် အမြင့်ဆုံးသောတောင်မှာ ပေ ၃၁ဝဝ ကျော်မျှ သာမြင့်သည်။ ကျွန်း၏ အနောက်တောင်ဘက်တွင် ပစ်ချကတ္တရာအိုင်ကြီးရှိ၍ ထိုအိုင်တွင်းမှ ကတ္တရာစေးများရရှိ၏။ ပို့အော့စပိန်မှာ ထရီနီဒတ်ကျွန်း၏ မြို့တော်ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)