တောသားသပိတ်လွယ်ငှက်
| တောသားသပိတ်လွယ်ငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Copsychus malabaricus'' | ||||||||||||||
တောသားသပိတ်လွယ်ငှက်သည် သပိတ်လွယ်ငှက်နှင့် မျိုးချင်းနီးစပ်သည်။ ဇီဝဗေဒအလိုအားဖြင့် ‘ကော့ဆိုင်ခပ် မာလာဗာရစ်ကပ်’ဟုခေါ်သည်။ မျိုးရင်းမှာ ‘တာဒီဒီး’မျိုး ရင်းဖြစ်သည်။
ယင်းငှက်၏အမြီးသည် ကိုယ်ထည်ထက် ပို၍ရှည်သည်။ ငှက်ဖို၌ ဦးခေါင်း၊ ကျောနှင့် ရင်အုပ်များမှာ ပြောင်လက်သော အမည်းရောင်ရှိ၍၊ ကိုယ်အောက်ပိုင်းမှာ အညိုရောင်ရှိသည်။ အဖြူနှင့်အမည်း ရောနေသော အမြီးအရင်း အထက်နားတွင် အဖြူကွက်ပါရှိသည်။ ငှက်မ၌ ကျောပိုင်းမှာ အညိုရောင်ရှိ၍ ကိုယ်အောက်ပိုင်းမှာ အညိုရောင် မွဲခြောက်ခြောက်ရှိသည်။
အမြီးသည် ငှက်ဖိုအမြီးလောက် မရှည်ပေ။ တောသားသပိတ်လွယ်ငှက်တို့သည် တစ်မျိုးနှင့်တစ်မျိုး အနည်းငယ်ကွဲလွဲကြသည်။ အမြီးအတိုအရှည်ကို လိုက်၍ သော်၎င်း၊ အရောင်ခြားနားချက်ကို လိုက်၍သော်၎င်း၊ သုံးမျိုးခန့်ကွဲပြားကြသည်။ အများအားဖြင့် ထိုငှက်မျိုးကို တောင်ခြေရှိ သစ်တောများတွင် တွေ့ရသည်။ ကြောက်လန့် တတ်သော ငှက်မျိုးဖြစ်သဖြင့် ချုံကြိုချုံကြားတွင် နေလေ့ရှိ သည်။ ထိုငှက်မျိုး၏ အော်သံမှာ သာယာကြည်လင်ပေသည်။ အော်သံကို အထူးသဖြင့် နံနက်နှင့် နေဝင်ရီတရော အချိန်များ တွင်ကြားရသည်။ အခြားငှက်များ၏ အသံကိုလည်း အတုခိုး၍ အော်မြည်တတ်သည်။ ပိုးမွှားများကိုလည်းကောင်း၊ သစ်သီးများကိုလည်းကောင်း ရှာဖွေစားသည်။
တောသားသပိတ်လွယ်ငှက်၏ သားပေါက်ချိန်မှာ မတ်လမှ မေလအထိဖြစ်သည်။ အသိုက်မှာ သပိတ်လွယ်ငှက် အသိုက်နှင့် တူသည်။ အသိုက်ကိုသစ်ရွက်သစ်ကိုင်းများဖြင့် ပြုလုပ်တတ်ကြ သည်။ တစ်မြုံလျှင် ဥပေါင်း ၃ လုံးမှ ၄ လုံးအထိရှိသည်။ ဥအရောင်မှာ အပြာစိမ်းရောင်တွင် အညိုနှင့်နီညိုရောင် အပြောက်များ ပါရှိသည်။
တောသားသပိတ်လွယ်ငှက်မျိုးကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းနှင့် ကပ္ပလီကျွန်းများတွင် အနှံ့အပြား တွေ့ရသည်။[၂]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Template:IUCN2006
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)