တက်စီဒါမီအတတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြောင် အကောင်သွတ်

တိရစ္ဆာန်တို့ကို အ‌ကောင်မပျက်ရ‌အောင် ‌ဆေးစီရင်၍ အ‌ခြောက်အတိုင်းထားခြင်းအတတ်သည် အင်္ဂလိပ်ဘာသာဖြင့် တက်စီဒါမီဟု တွင်‌လေသည်။ ထိုအတတ်မှာ ၁၈ ရာစုနှစ်အတွင်းကမှ ‌ပေါ်‌ပေါက်လာသည်။ မူလက တိရစ္ဆာန်တို့၏ အ‌ရေခွံနှင့် ဦး‌ခေါင်း ‌ခြေလက်အင်္ဂါစသည်တို့ကို အိမ်တွင် အလှဆွဲချိပ်ထားရန်အလိုငှာ ထိုအတတ်ကို အသုံးချကြရာ ‌နောင်‌သောအခါတွင် စူးစမ်း‌လေ့လာမှု၌၎င်း၊ ပြတိုက်တွင် အလှထားရန်၎င်း ထိုအတတ်သည် များစွာအသုံးဝင်လာသည်။

အစပထမတွင် ‌ရေသတ္တဝါ ကုန်းသတ္တဝါတို့၏ အ‌ရေခွံများကို အ‌မွှေးအ‌တောင်၊ အ‌ကြေးခွံများ မပျက်‌စေဘဲ ခွာယူ၍ ကြာရှည်ခံ‌အောင် ‌ဆေးစိမ်ကာ အ‌ရေခွံအတွင်းသို့ ‌ကောက်ရိုးစသည့် အစာများသွင်း၍ အ‌ခြောက်လှန်းသည်။ ထိုအခါ ‌ဆေးစီရင်ပြီးသား အ‌ခြောက်‌ကောင်သည် မူလအသက်ရှိစဉ်က တိရစ္ဆာန်နှင့် အကြမ်းအားဖြင့် တူ‌လေသည်။ သို့ရာတွင် ထိုအတတ်ကို ‌နောင်‌သောအခါ တဖြည်းဖြည်း တိုးတက်‌အောင် ပြုလုပ်ခဲ့ကြရာ ကြမ်းတမ်း‌သော အ‌ကောင်အဖြစ်မှ သဘာဝကျ၍ သက်ရှိတိရစ္ဆာန်နှင့် ခွဲခြားမရနိုင် ‌အောင် တူလှ‌သော ပုံတူများကို ‌ကောင်းစွာ ‌ဆေးစီရင်နိုင်ခဲ့‌လေသည်။

ထိုကဲ့သို့‌သော အ‌ခြေအ‌နေမျိုးသို့ တိုးတက်‌အောင် ပြုပြင်ရခြင်းမှာ လွယ်ကူလှသည့်အလုပ် မဟုတ်‌ချေ။ အနာတမီ‌ခေါ် ကိုယ်ခန္ဓာ၏ အ‌သွေးအသား၊ အရိုးအ‌ကြောတို့၏ တည်‌နေပုံ ပညာရပ်ကို ပါဏ‌ဗေဒ၊ ရုပ်လုံး‌ဖော် ‌ကျောက်ဆစ်ပန်းပုပညာ ပန်းချီပညာ၊ သား‌ရေနယ်ပညာ၊ ‌ဆေးဆိုးအတတ်များကို တတ်‌မြောက်ထားသူများသာလျှင် ထိုမျှ‌လောက်ကျန၍ သဘာဝကျ‌သော အ‌ခြောက်‌ကောင်တို့ကို ပြုလုပ်နိုင်‌ပေသည်။

ထိုအတတ်၌ အပိုင်းနှစ်ပိုင်းရှိရာ ပထမအပိုင်းမှာ အ‌သေ‌ကောင်မှ အ‌ရေခွံကို မပျက်ဆီး၇‌အောင် ဓားငယ် ကတ်‌ကြေးငယ်များဖြင့် ‌သေချာစွာ စိတ်ရှည်လက်ရှည် ခွာယူရခြင်းဖြစ်၏ ထို့‌နောက် ထိုအ‌ရေခွံကို နှစ်‌ပေါင်းမျာစွာ ခံ‌အောင်စင်ကြယ်စွာ ‌ဆေး‌ကြော၍ အ‌ရေထဲသို့ ‌ဆေးဝင်‌အောင် စီရင်‌ပေးခြင်းဖြစ်‌လေသည်။ ဒုတိယပိုင်းမှာ မူလတိရစ္ဆာန်တို့၏ နမူနာကို အ‌သေးစိတ် ကြည့်ရှု‌လေ့လာ မှတ်သားရ‌လေသည်။

ပဌမဦးစွာ အ‌ခြောက်‌ဆေးစီရင်ရမည့် တိရစ္ဆာန်၏ အချိုးအစားအတိုင်း မိမိတို့အလိုရှိရာ အ‌နေအထားကိုပြုပြင်၍ ‌ကြေးနန်းကြိုးများဖြင့် သတ္တဝါတို့၏ အရိုးစုကို ပြုလုပ်ရ‌လေသည်။ အရိုးစု‌ပေါ်သို့ ရွှံ့‌စေး‌သော်၎င်း ပလပ်စတာ‌သော်၎င်း၊ စက္ကူ‌ပျော့ဖြစ်‌သော်၎င်း၊ ဖုံး‌ပေးရသည်။ ကြွက်သားရှိ‌သော ‌နေရာများတွင် အဖုအထစ် ‌ပေါ်‌အောင်ပြုလုပ်‌ပေးရသည်။ ဤသို့ပြုလုပ်ပြီးဖြစ်‌သော ကိုယ်ထည်ပုံကြမ်း ‌ပေါ်သို့ ပြုပြီးထားပြီး‌သောအ‌ရေ ကိုအုပ်၍ တပ်ဆင်‌ပေးရသည်။ မျက်စိနှင့်လျှာများကို ပကတိအစစ်နှင့် တူ‌အောင် ပြုလုပ်ထည့်သွင်း‌ပေးကြရ၏။ အ‌ရေခွံထဲသို့ အစာသွတ်၍ ရုပ်လုံးများပြုလုပ်သည့်‌ခေတ်က မျက်စိများကို ‌ခေါင်းပိတ် ဖန်သီး ထည့်‌ပေး‌လေ့ရှိရာ သဘာဝမကျဘဲ ရှိ‌လေ‌လေ၏။

ယခုအခါတွင်မူ ‌ခေါင်းပွဖန်သီးများကို ပကတိမျက်စိနှင့် တူ‌အောင် ‌ဆေးခြယ်၍ ထည့်‌ပေးသဖြင့် နဂိုမျက်စိနှင့် များစွာ တူ‌လေသည်။ ဤသို့ဖြင့် သက်ရှိတိရစ္ဆာန်တို့၏အ‌ကောင်‌ခြောက်များကို လုပ်ကိုင်နိုင်ကြ‌လေသည်။ ယ‌နေ့အဖို့ထိုအတတ်တိုးတက်လာပုံမှာ ‌မြေတွင်းမှ တူး‌ဖော်ရရှိသည့် ‌ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်‌လေ‌သော တိရစ္ဆာန် အ‌သေ‌ကောင်တို့ကို မူလသဏ္ဌာန်အတိုင်း ပြန်ဖြစ်‌အောင်ပြုလုပ်နိုင်ခြင်းပင်ဖြစ်၏။ ထိုလုပ်ငန်းတွင် အထက်‌ဖော်ပြ ခဲ့‌သော ပညာရပ်များအပြင် ဘူမိ‌ဗေဒပညာနှင့် အီ‌ဗော်လျူးရှင်း ပညာရပ်များကိုပါ ကျွမ်းကျင်ရ‌လေသည်။

ထိုကဲ့သို့ အ‌ကောက်‌ခြောက်များကို သဘာဝပြတိုက်ကြီးများတွင် ‌တွေ့မြင်နိုင်သည်။ ပြတိုက်ကြီးများတွင် သတ္တဝါတို့ ၏ ရုပ်လုံးများသာမက သူတို့၏ အ‌နေအထိုင်အ‌လေ့အကျင့်များကိုပါ ‌ပေါ်လွင်‌လေ‌အောင် သူတို့ကျက်စား‌လေ့ ရှိ‌သော ‌ဒေသများနှင့်တူ‌သော ရှုခင်းများကိုလည်း စီရင်၍ပြသထား‌လေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)