ဈေးရောင်းစက်

ဝီကီပီးဒီးယား မှ

ခေတ်ပြောင်းလဲနေသည်ကိုလိုက်၍ လုပ်ငန်းဌာနအသီးသီး တို့သည် ခေတ်ပေါ်စက် ကရိယာများကို အသုံးပြုလာကြသည်။ ကမ္ဘာ့အရပ်ရပ်၌ရှိကြသော ဈေးဆိုင်ကန္နားအစားစားတို့တွင် အရောင်းအဝယ်နှင့် စပ်လျဉ်း၍ အထူးအသုံးဝင်ကာ ဈေးရောင်း စက်ကို အသုံးပြုလျက်ရှိကြသည်။ ထိုစက်သည် ကုန်သည်တို့ ၏လုပ်ငန်းကို စီမံအုပ်ချုပ်ရာတွင် အထောက်အပံ့ ဖြစ်စေသည့် နည်းတူ ဆိုင်ထိုင်ရောင်းသမားအားလည်း ဝယ်သူဖောက်သည် များ ကျေနပ်အောင်ဆောင်ရွက်ပေးရာ၌ များစွာအကူအညီဖြစ်စေ သည်။ ဤမျှမကသေး ထိုစက်သည် လက်ခံရရှိသော ငွေနှင့် တစ်နေ့တာ အရောင်းအဝယ်ပြုလုပ်သည့် စာရင်းအင်းများကို မှားယွင်းချွတ်ချော်ခြင်းမရှိဘဲ မှတ်သားပေးလေသည်။

အစအဦး အသုံးပြုသောဈေးရောင်းစက်မှာ အရောင်း အဝယ်ပြုလုပ်မှုတစ်ခုခု၏ ကျသင့်သောငွေပေါင်းကို စက်၏ ဒိုင်ခွက်ပေါ်၌ လက်တံများဖြင့် ပြသရုံသာပြသသော စက်ဖြစ် လေသည်။ ထိုစက်ကို ၁၈၇၉ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စု၊ ဒေတန်မြို့နေ ဂျိမ်း ရစ်တီးဆိုသူ တီထွင်ပြုလုပ်ခဲ့၏။ ထိုစက်ကိုတီထွင်ရန် စိတ်ကူး ပေါ်ပေါက်လာပုံမှာ စိတ်ဝင်စား ဖွယ်ဖြစ်ပေသည်။ ဂျိမ်း ရစ်တီးသည် မီးသင်္ဘောဖြင့် ခရီးသွား နေစဉ် သင်္ဘောရဟတ်ဝင်ရိုးလည်သော အပတ်ပေါင်းကိုမှတ် သားသည့် ကရိယာကလေးကို အာရုံစိုက်မိလေသည်။ ထိုသို့ အာရုံစိုက်မိရာမှ အလားတူစက်ကရိယာမျိုးကို အရောင်းအဝယ် စာရင်းမှတ်သားရာတွင် အသုံးပြုနိုင်မှုအတွက် ဆက်လက်ကာ စိတ်ကူးမိပြန်သည်။ ထိုစိတ်ကူးဖြင့် တီထွက်လိုက်သောအခါ ငွေစာရင်းကို မှတ်တမ်းတင်ပေးနိုင် သောစက်တစ်မျိုး ဖြစ်ပေါ် လာသည်။

ကနဦး၌ ထိုစက်သည် ဖော်ပြခဲ့သည့်အတိုင်း ရောင်းဝယ် ရာတွင် ကျသင့်သောငွေကို စက်၏ဒိုင်ခွက်၌ ပြရုံသာပြခဲ့သည်။ နောက်တွင် တဖြည်းဖြည်းတိုးတက်ပြုပြင်လာကာ မျက်မှောက် ခေတ်၌ အသုံးပြုနေကြသော ချီးမွမ်းအံ့ဩဖွယ်ကောင်းလောက် အောင် ရှုပ်ထွေးသိမ်မွေ့သည့် စက်တို့၏အဆင့်သို့ ရောက်ရှိလာ လေသည်။

ခေတ်မှီဈေးရောင်းစက်သည် ရောင်းဝယ်မှုတိုင်းကို မှတ် တမ်းတင်ပေးခြင်း၊ ကျသင့်သောငွေများကို ပေါင်းပေးခြင်း၊ သင့်ငွေမည်မျှ လက်ခံရရှိငွေမည်မျှ၊ ပြန်အမ်းငွေမည်မျှ စသည် တို့ကိုပါ မှတ်သားပုံနှိပ်ပေးခြင်းစသော အလုပ်များကို ပြုလုပ် ပေးသည်။ ဖြတ်ပိုင်းအမှတ်စဉ်၊ နေ့စွဲ၊ ရောင်းသမား၏ လက် မှတ်အပြင် ကျသင့်သောငွေ၊ ပေးသောငွေ၊ ပြန်အမ်းသောငွေများ ကိုပါ ဖော်ပြထားသော ပြေစာဖြတ်ပိုင်းများကို တခဏခြင်း၌ပင် နှိပ်ထုတ်ပေးသဖြင့် ဝယ်သူဖေါက်သည်များမှာ ကျေနပ်ကြ သည်။ လုပ်ငန်းရှင်မှာလည်း မည်သည့်အရောင်းအဝယ်မျိုး ဖြစ် မြောက်သည်၊ ရောင်းရာ၌ ငွေမည်မျှရသည်၊ ရောင်းသမားတို့ သည် မည်မျှအလုပ်လုပ်ကြ၍၊ မည်သည့်နေရာ၌ ချွတ်ယွင်းနေ ကြသေးသည် စသောအချက်များကို တစ်ခုမကျန် သိရှိရလေ သည်။ လုပ်ငန်းရှင်ကုန်သည်အဖို့ဆိုသော်၊ ထိုစက်သည် စာရင်း ကိုင်လည်းမည်၏။ စုံထောက်လည်းမည်၏။ သို့အားလျော်စွာ ဈေးရောင်းစက်သည် ခေတ်မီသည့်လုပ်ငန်းဆောင်တာတို့၌ အဖိုးမဖြတ်နိုင်သော အထောက်အပံ့တစ်ခု ဖြစ်လာပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)