ဆူးငှက်

ဝီကီပီးဒီးယား မှ
(ဆူးငှက်၊ စာရေးဆရာ မှ ပြန်ညွှန်းထားသည်)
ဆူးငှက်
မွေးဖွားကျော်ဆန်း
(၁၉၅၉-0၂-၁၀) ဖေဖော်ဝါရီ ၁၀၊ ၁၉၅၉ (အသက် ၆၅)
မန္တလေးမြို့
ပညာရေးသိပ္ပံဘွဲ့ (သင်္ချာ)
မိခင်ကျောင်းမန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်စာရေးဆရာ
အိမ်ထောင်ဖက်(များ)ခင်သော်ဇင် (ပန်းချီ KTZin)
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၂၀၀၇)

ဆူးငှက် (၁၀ ဖေဖော်ဝါရီ ၁၉၅၉ မွေးဖွား) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ယောက် ဖြစ်သည်။ ၁၉၅၉-ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀)နေ့ တွင် မန္တလေးမြို့ ဒေါင်းရိုးရပ်၊ စိုင်ပြွန်မင်းသားကြီးဝင်းအတွင်း၌ အဖ ဦးပေါလူ၊ အမိ ဒေါ်ချောရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း(၅)ယောက်ရှိသည့်အနက် အငယ်ဆုံးဖြစ်ပြီး အမည်ရင်းမှာ ကျော်ဆန်း ဖြစ်သည်။ မန္တလေးမြို့၊ အိမ်တော်ရာ ဒက္ခိဏဝန် အ.မ.က၊ အမှတ်(၂၁) အ.ထ.က၊ အမှတ်(၁)အ.ထ.ကနှင့် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့၌ ပညာသင်ကြားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် သိပ္ပံ(သင်္ချာ)ဘွဲ့ ရရှိခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၈၄ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်းပါ ဆောင်းပါးဖြင့် စာပေနယ်ပယ် သို့ ရောက်ရှိခဲ့သည်။ သောင်းပြောင်းထွေလာ မဂ္ဂဇင်း၌ "ကသောလက် (သို့မဟုတ်) မုဒြာ" ဆောင်းပါးဖြင့် မောင်ကျော်ဆန်း(မန်းရတနာမြေ) ကလောင်အမည် ခံယူပြီး စာပေလောကတွင် စတင်ခြေချသည်။

ဆူးငှက်ကလောင်အမည်အပြင် ကလောင်ခွဲများဖြင့် ဆောင်းပါး၊ သတင်းဆောင်းပါးများ ရေးသားခဲ့သည်။ ဝတ္ထုတိုများနှင့် ရသဆောင်းပါးများကို ဆူးငှက်ကလောင်အမည်ဖြင့် ရေးသားခဲ့၊ ရေးသားဆဲဖြစ်သည်။ မြန်မာ့ဓနမဂ္ဂဇင်းတွင် "သံဝရ" ကလောင်ခွဲဖြင့် အညာစာလွှာကဏ္ဍနှင့် ဆူးငှက်ကလောင်အမည်ဖြင့် "မန္တလေးမျဉ်းဖြောင့်များ" ပင်တိုင်ဆောင်းပါး ကဏ္ဍတို့ကို ရေးသားလျက်ရှိသည်။ အခြားမဂ္ဂဇင်း၊ ဂျာနယ်များတွင်လည်း ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားလျက်ရှိသည်။ အထူးသဖြင့် မန္တလေးယဉ်ကျေးမှုအနုပညာများနှင့် ပတ်သက်၍ ခုခံကာကွယ်ရေးသားမှုများကြောင့် မန္တလေး ဒေသစွဲ ကြီးသူဟု သတ်မှတ်ခံရမှုများရှိသည်။ မန္တလေးမြို့ထုတ် ရွှေဝတ်ရည်မဂ္ဂဇင်း (၁၉၉၁-၉၂) (၁၉၉၇) နှင့် ဗြူတီမဂ္ဂဇင်း(၂၀၀၀) ခုနှစ်များတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

မန္တလေး မျဉ်းဖြောင့် အမည်ဖြင့် မြို့ပြ ဆိုင်ရာ ဆောင်းပါးများ စာအုပ် (မြန်မာ - အင်္ဂလိပ် နှစ်ဘာသာ) လည်း ထုတ်ဝေခဲ့သည်။ ရှားပန်း၊ ဆန်းကျော်မောင်၊ သံသရာ ကလောင်ခွဲ များဖြင့် ကဗျာ ရေးသားလျက် ရှိသည်။

ရရှိခဲ့သော ဆုများ[ပြင်ဆင်ရန်]

၂၀၀၇ တွင် ထွက်ရှိသော တိမ်ယံအိပ်မက်မိုးထက်နရီဖြင့် ၂၀၀၇ ခုနှစ်အတွက် အမျိုးသား စာပေဆု(ဝတ္ထုရှည်) ရရှိသည်။ တိမ်ယံအိပ်မက်မိုးထက်နရီလုံးချင်းဝတ္ထုရှည်မှာ ၂၀၀၆ ခုနှစ်အတွက် ရွှေအမြုတေဆု (အခန်းဆက် ဝတ္ထုရှည်)နှင့် ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်)တို့ ဆွတ်ခူးရရှိခဲ့သည်။

အခြားအနုပညာလုပ်ငန်းများ[ပြင်ဆင်ရန်]

အခြားအနုပညာဖန်တီးမှုများအနေဖြင့် ၂၀၀၅ခုနှစ်တွင် လေဘာတီမမြရင် နှစ်၁၀၀ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ ဗွီစီဒီခွေကို စီစဉ်ရိုက်ကူးမှုနှင့် ဇာတ်ညွှန်းအဖြစ် လည်းကောင်း၊ ၂၀၀၈ခုနှစ်တွင် မြို့မငြိမ်းနှင့် မန္တလေး တေးပြုစာဆိုကြီးများ၏ တိမ်မြုပ်ရှားပါး သီချင်းများကို ဖော်ထုတ်မှုအစီအစဉ်အဖြစ် ဖြူစင်စိတ်ရင်းတေးစီးရီးနှင့် ဆိုတီးကြ မြို့မမောင်တွေ တေးစီးရီးကို စီစဉ်သူအဖြစ် လည်းကောင်း၊ ၂၀၀၉ခုနှစ်တွင် "ရတနာပုံမန္တလေး အနှစ် ၁၅၀ပြည့် အနုပညာပုံရိပ်ပွဲတော်"ကို အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်းတင်ဆက်သူအဖြစ် လည်းကောင်း၊ ဝဏ္ဏကျော်ထင် ဒေါ်ဩဘာသောင်း၏ ကဗျာလွတ် အဆင့် ၅ဆင့် ကကွက် ၁၂၅ ကွက်ကို အခြေခံသော "ဗုံလေးလုံးသံစဉ်၊ ဂန္ထဝင်အကပဒေသာ" မှတ်တမ်းဗွီစီဒီကို စီစဉ်တင်ဆက်သူအဖြစ် လည်းကောင်း၊ မြို့မငြိမ်းရာပြည့် ဂီတပွဲတော် ဖျော်ဖြေမှုအစီအစဉ်ကို ဦးဆောင်စီစဉ်သူအဖြစ် လည်းကောင်း ပူးပေါင်း ပါဝင်ခဲ့သည်။

ယခုအခါ မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဇနီး ခင်သော်ဇင် (ပန်းချီ KTZin)၊ သား သူရိန်ထွန်း (ဒီဇိုင်း သူရိန်)၊ အောင်ပိုင်စိုးတို့နှင့်အတူ အနုပညာလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။

ထုတ်ဝေပြီးသောစာအုပ်များ[ပြင်ဆင်ရန်]

  1. တစ်ဝက်မန်ကျည်းပင်ဝတ္ထုတိုများ (၁၉၉၇)
  2. မန္တလေးမျဉ်းဖြောင့်များ-ရသဆောင်းပါးပေါင်းချုပ် (၂၀၀၀)
  3. အနှေးလျှောက်မန္တလေး-ဆောင်းပါးပေါင်းချုပ် (၂၀၀၀)
  4. ဇာတ်လမ်းဝတ္ထုတိုစု (၂၀၀၁)
  5. ကတ္တီပါဖိနပ်ကလေးနှင့် အခြားဝတ္ထုတိုများ (၂၀၀၀)
  6. ၄၅တာ၊ ၁၄ခန်းဇရပ်နှင့် ၇ သံချီညချမ်း -ရသဆောင်းပါးစု (၂၀၀၂)
  7. The Streigh Lines of Mandalay (Translated by YE CHANE (၂၀၀၂)
  8. မန္တလေးကွန်ဆတ်တို-ရသဆောင်းပါးစု (၂၀၀၃)
  9. သင်္ကြန်လေ၊ တိမ်ခိုးပျို၊ဆောင်းခိုရွက်ကြွေနှင်း….. ရသအက်ဆေးများ (၂၀၀၃)
  10. ပုံဆောင်မဲ့ ပုန်းညက်ညနေခင်း-ဇာတ်လမ်းဝတ္ထုစု (၂၀၀၄)
  11. မန္တလေးနရီ-ရသဆောင်းပါးစု (၂၀၀၄)
  12. ရတနာနဒီ၊စည်သာလမ်း၊ ရွှေနန်းတော်ရှေ့ မန်းရိပ်ခို-ရသဆောင်းပါးစု (၂၀၀၅)
  13. မန်းတောင်လက်ျာ-ဆောင်းပါးစု (၂၀၀၅)
  14. ဂျာနယ်တစ်ဝက်၊မဂ္ဂဇင်းတစ်ဝက်-ဆောင်းပါးစု (၂၀၀၅)
  15. ခရမ်းရင့်ရင့်ဆင်ဖိုနီ-ရသဆောင်းပါးစု (၂၀၀၅)
  16. တိမ်ယံအိပ်မက် မိုးထက်နရီ လုံးချင်းဝတ္ထုရှည် (၂၀၀၇)
  17. မန္တလေး၁၅၀-(သံဝရ ကလောင်ဖြင့်) ၂၀၀၈
  18. ရင်ချင်းဆက်ဝတ္ထုတိုများ (၂၀၀၉)
  19. အလူမီနီယံမျက်နှာပြင်ပေါ်က ဟင်္သပြဒါးပုံရိပ်များ – ဆောင်းပါးစု (၂၀၁၁)
  20. ဆူးငှက် လက်ရွေးစင် ဝတ္ထုတိုများ (၂၀၁၁)
  21. မန္တလေး ဒေါ့ကူမန်ထရီ (၂၀၁၆)

ကိုးကား[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]