ဆိုးဆေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆိုးဆေး[ပြင်​ဆင်​ရန်​]

ကျွနု်ပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာမြေပေါ်တွင် တော တောင်ရေမြေ စသည်တို့သည် အရောင်အမျိုးမျိုးတို့ဖြင့် လှပ တင့်တယ် ရှုချင်စဖွယ်ရှိနေပေသည်။ ပြာလဲ့သောမိုးကောင်ကင် နှင့် သမုဒ္ဒရာရေပြင်၊ စိမ်းစိုညိုမှိုင်းသော တောတောင်၊ အရောင် အမျိုးမျိုးရှိသော ပန်းမာလ်စသည်တို့ကို နေ့စဉ်တွေ့မြင်ရသော လူအပေါင်းသည် မိမိတို့ပတ်ဝန်းကျင့်နှင့် လိုက်အောင် မိမိတို့ ၏ အဝတ်တန်ဆာနှင့် နေအိမ်များကိုလည်း အရောင်အမျိုးမျိုး ခြယ်လယ်၍ လှသည်ထက်လှအောင် ကြံအောင်ပြုလုပ်လိုကြ ပေသည်။ ယင်းသို့သဘာဝ၏ အရောင်များကို အတုခိုး၍၊ မိမိ တို့၏ အဝတ်တန်ဆာများနှင့် နေအိမ်များကို ရောင်စုံခြယ်သ နိုင်ရန် အရောင် ဆိုးဆေးများကို တီထွင်ပြုလုပ်လာခဲ့ကြလေ သည်။

ပထမဦးဆုံး အရောင်ဆိုးဆေးများကို စတင်အသုံးပြုကြ သူများမှာ အိမ်ထောင်မှုကိစ္စ အဝဝကို ဆောင်ရွက်ရသည့် အမျိုးသမီးများပင် ဖြစ်ကြ၏။ သူတို့သည် ကိုယ့်အိမ်တွင် ရက်လုပ်သော တောင်း၊ ပလုံးနှင့် အဝတ် အထည်များကို ဆန်းကြယ်လှပစေရန် အသီးအနှံ၊ အရွက်အပင်တို့မှရရှိသည့် အရည်များဖြင့် ဆိုးဆေးများဖေါ်စပ်၍ ရောင်စုံခြယ်သကြလေ သည်။ ထိုစဉ်ကအသုံးပြုခဲ့ကြသော သဘာဝအလျှောက်ရရှိ သည့်ဆိုးဆေး များသည် အသွေးအရောင်ကောင်း၍ ကြာရှည် ခိုင်မြဲလေသည်။ ရှေးနှစ်ပေါင်း ၆ဝဝဝ ခန့်က အီဂျစ်နိုင်ငံတွင် အသီးအရွက်တို့၏ အရည်များနှင့် ပြုလုပ်ထားသော ဆိုးဆေး များဖြင့် အရောင်ခြယ်ထားခဲ့သော ပစ္စည်းများသည် ယခုတိုင် အရောင်မပျက်ဘဲရှိကြောင်းကို တူးဖေါ်ရရှိသော ပစ္စည်းများကို ကြည့်ခြင်းဖြင့် သိရလေသည်။

အမေရိကတိုက်တွင် နေထိုင်သော တိုင်းရင်းသားလူမျိုး များသည် ရှေးအခါကပင် ဆေးဆိုးသောအတတ်၌ကောင်းစွာ ကျွမ်းကျင်ကြလေသည်။ အမေဇုန်မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်သော တိုင်းရင်းသားများသည်သူတို့၏မျက်နှာများကို 'အူရူကူး'ခေါ် ဆေးတစ်မျိုးဖြင့် နီတွေးအောင် ခြယ်သကြလေ သည်။ ထိုဆေးကို 'အနတ်တို'ခေါ် အပင်မှ အစေ့၏ အသား များသော အကာဖြင့်ပြုလုပ်ယူကြသည်။ယင်းသည် အလွန် တောက်ပသော အနီရောင်ဆိုးဆေးမျိုး ဖြစ်သည့်ပြင်တာရှည် လည်းခံသည်။ သို့ရာတွင် 'အနတ်တို' ဆိုးဆေးသည် အနီ ရောင်ချည်းမဟုတ်ချေ။ ထိုဆိုးဆေးကို အခြားအရာများနှင့် ရောစပ်လိုက်သောအခါအဝါဖျော့ရောင် ဖြစ်လာလေသည်။ထို အဝါဖျော့ရောင်ဆိုးဆေးကို ထောပတ်နှင့် ဒိန်ခဲတွင်အဝါရောင် ရရှိရန်အတွက် အသုံးပြုကြသည်။ ထိုဆိုးဆေးတွင် အနံ့နှင့် အရသာ လုံးဝမရှိသဖြင့် ယင်းနှင့်အရောင်တင်ထားသော ထောပတ်နှင့် ဒိန်ခဲတို့သည်လည်း အနံ့အရသာမပျက်ဘဲ တည် နိုင်လေသည်။ 'အနတ်တို'အပင်များကို ပူအိုက်၍ စိုစွတ်သော ဒေသ၌ အများအပြားစိုက်ပျိုး၍၊ ထောပတ် ဒိန်ခဲပြုလုပ်သော သမပိုင်းနိုင်ငံများသို့ တင်ပို့ရလေသည်။

အမေရိကတိုက်ရှိ ပူအိုက်သောဒေသများမှရရှိသော ဆိုး ဆေးတစ်မျိုးမှာ 'ကိုချင်းနီး'ခေါ် ချိပ်နီဆေးဖြစ်သည်။ထိုဆေး မျိုးကို အမေရိကတိုက်တွင်ပေါက်သည့် 'နိုပယ်'(ရှားစောင်း တစ်မျိုး)ခေါ် အပင်တွင်ကျက်စားသော ပါရာဆိုက်ပိုးကောင် ငယ်များ၏ ခန္ဓာကိုယ်မှရရှိသည်။ 'ကိုချင်နီး'အကောင်များမှ ရရှိသည့် ချိပ်နီဆေးသည် အလွန်တောက်ပ၍၊ဆေးဆိုးရာတွင် စွဲမြဲသည်။ အာဖရိကတိုက်၊ စပိန်နှင့် ပီးရူးနိုင်ငံများတွင်လည်း နိုပယ်အပင်များကို စိုက်ပျိူး၍၊ ကိုချင်နီးပိုးကောင်များကို မွေးမြူကြလေသည်။ ယခုအခါ ဓာတုဗေဒနည်းဖြင့် ပေါင်းစပ် ယူသော ချိပ်နီးဆိုးဆေးများကို ဈေးပေါပေါဖြင့် ရနိုင်ပြီဖြစ်၍၊ ကိုချင်နီးဆေးကို အသုံးနည်းသွားကြလေပြီ။ ( ကိုချင်နီးဆိုးဆေး။)

ယင်းသို့ အသီး၊ အရွက်၊ ပိုးမွှားကောင်များမှ ထုတ်ယူရ သော ဆိုးဆေးများမှာ အမျိုးအစားမများလှပေ။ထိုအထဲတွင် အထင်ရှားဆုံးမှာ မဲနည်ဆိုးဆေးဖြစ်သည်။မဲနည်ဆိုးဆေးကို အိန္ဒိယနိုင်ငံတွင်ပေါက်သော'အင်ဒီဂိး'ခေါ်အပင်ငယ်တစ်မျိုးမှ ရရှိ၏။ မဲနည်ရောင်မှာ အသွေးအလှဆုံး အပြာရောင်ဖြစ်၍၊ အရောင်မလွှင့်ဘဲ ကြာရှည်ခိုင်သည်။

ထိုလှပခိုင်မြဲသည့် အပြာရောင်ဆိုးဆေးကို ဖြစ်စေသော ပစ္စည်းသည် သဘာဝအခြေအနေ၌ အရောင်မရှိချေ။မဲနည်ပင် ၏အရွက်မှ ဆိုးဆေးရဖို့အတွက် အရည်စစ်ထွက်လာစေရန် ပထမတွင် အရွက်များကို ရေစိမ်ပေးရသည်။ တစ်ဖန်ထို အရည်ကို ပစ္စည်းနှစ်မျိုးအဖြစ်သို့ ခွဲထုတ်ပေးသောအင်ဇိုင်း ကိုထည့်ပေးရသည်။ ဖြစ်ပေါ်လာသည့် ပစ္စည်းနှစ်မျိုးအနက် တစ်မျိုးသည် သကြားရည်ကဲ့သို့ အရည်ချိုသာဖြစ်သည်။ကျန် တစ်မျိုးကသာလိုအပ်သည့် အပြာရောင် မဲနည်ဖြစ်လာသည်။ ထိုမဲနည်သည် ပထမတွင် ကော်နှင့်တူသောပစ္စည်းမျှသာဖြစ်ပြီး လျှင်အခြောက်ခံ၍ ဖိလိုက်သောအခါတွင်မှအလွန်အဖိုးတန်လှ သည့် ဆိုးဆေးဖြစ်လာသည်။

ဥရောပတိုက်တွင်လည်း 'ဝုဒ်'ခေါ် မဲနည်ပင်တစ်မျိုးမှ အပြာရောင်ဆိုးဆေးများ ပြုလုပ်နိုင်သည်။ သို့ရာတွင်အာဖရိက တိုက်ရိ ဂွတ်ဒဟုပ်အငူဘက်မှလှည့်ပတ်၍ အိန္ဒိယနိုင်ငံမှမဲနည် ဆိုးဆေးကို ဥရောပတိုက်သို့ အမြောက်အများ တင်ပို့ရောင်းချရ လေသည်၊ ယခုခေတ်တွင် ဓာတုဗေဒနည်းဖြင့် မဲနည်ရောင် ဓာတုဗေဒဆိုးဆေးများ စီမံဖေါ်စပ်နိုင်ကြသော်လည်း၊ သဘာဝ မဲနည်ရောင်ကိုကား မမှီသေးပေ။

အမည်းရောင်ကို ရှေးအခါက ကျပ်ခိုးဖြင့်ပြုလုပ်ကြ၏။ ယခုအခါ ဓာတုဗေဒပါရဂူများက စီမံဖေါ်စပ်သည့် အမည်း ရောင်ဆိုးဆေးများမှာလည်း ကာဗွန်ခေါ် မီးသွေးမှယုတ်ယူရရှိ သည့် ဓာတ်တစ်မျိုးဖြင့် စီမံဖေါ်စပ်ခြင်းဖြစ်ရာ၊ ရှေးခေတ်စီမံ ဖေါ်စပ်နည်းနှင့် ယခုခေတ်စီမံဖေါ်စပ်နည်းတို့သည် တသဘော တည်းပင်ဖြစ်လေသည်။ အမည်းရောင်မှာ တစ်မျိုးတည်းဖြစ်စေ၊ အခြားအရောင်များနှင့် ရောစပ်၍ဖြစ်စေ အသုံးပြုရသဖြင့်များစွာ အသုံးဝင်သော အရောင်ဖြစ်သည်။

သို့ရာတွင် ထိုသို့မီးသွေး၊ ကျပ်ခိုးတို့မှ ထုတ်ယူရရှိသော အမည်းရောင်ဆိုးဆေးကို ခြည်ထည်နှင့် သိုးမွေးထည်များက ကောင်းစွာစုတ်ယူခြင်းမရှိသဖြင့် အသွေးလည်းမကျ၍၊ ဆေး ရောင်လည်းမခိုင်ချေ။ ထိုကြောင့် အသွေးကျ၍၊ ဆေးခိုင်မည့် အမည်းရောင်ဆိုးဆေးမျိုးကို လုပ်ယူရန် ရှာဖွေစူးစမ်းခဲ့ကြရာ၊ အမေရိက တိုက်အလယ်ပိုင်းဒေသများ၌ပေါက်သော 'လော့ဂဝု' ခေါ် အပင်တစ်မျိုးကို တွေ့ရှိကြလေသည်။ လော့ဂဝု အပင် သည် အရွယ်အလတ်စား အပင်မျိုးဖြစ်သည်။ သစ်သားမှာ နီကြန့်ကြန့်ဖြစ်သည်။ သစ်သားမှ အရည်သည်အရောင်မရှိချေ။ သို့သော် ထိုအရည်မှ 'ဟီမတိန်'ခေါ် ခရမ်းရောင်ပစ္စည်းတစ်မျိုး ကို ဖြစ်စေသည်။ ယင်ပစ္စည်းမှတစ်ဖန် အမည်းရောင်ဆိုးဆေး ကို ထုတ်ယူနိုင်သည်။ ဆိုးဆေးချည်းသက်သက်ဖြင့် အရောင် မစွဲနိုင်ချေ။ ထိုကြောင့် အရောင်စွဲစေရန် ချုပ်ဆေးတစ်မျိုးကို ထည့်၍ အသုံးပြုရသည်။ ထိုအမည်းရောင်အတွက်ချုပ်ဆေးကို သံမှ ထုတ်ယူသောဆားဖြင့် ပြုလုပ်ယူသည်။ချုပ်ဆေးကို ထည့်ပြီးသောအခါတွင် သိုးမွေးနှင့် ခြည်ထည်များ၌အမည်း ရောင် စွဲမြဲလာလေသည်။ အသီးအရွက်များမှပြုလုပ်ယူသော အခြားဆိုးဆေးများတွင်လည်း ချုပ်ဆေးများကိုထည့်ပေးရသည်။ အသုံးများသောချုပ်ဆေးများမှာ သံ၊ ခဲမဖြူ၊ ကြေးနီနှင့် အခြား သတ္တုများမှ ထုတ်ယူရရှိသော ဆားများဖြစ်သည်။

အခြားအသီးအရွက်များမှ ထုတ်ယူရရှိသော ဆိုးဆေးများ လည်း ရှိပေသေးသည်။ တောင်အမေရိကတိုက်နှင့် အနောက် အိန္ဒိယကျွန်းစုများတွင် ပေါက်လေ့ရှိသော 'ဖတ်စတစ်'ခေါ် သစ်ပင်တစ်မျိုးမှ အဝါရောင်ဆိုးဆေးကိုပြုလုပ်ရရှိလေသည်။ ရှေးအခါက သဘာဝဆိုးဆေးများကို အီဂျစ်၊ ပါးရှားနှင့် အိန္ဒိယနိုင်ငံများတွင် အများဆုံးပြုလုပ်ကြလေသည်။တိုင်ယာမြို့ သည် ရှေးအခါက ခရမ်းရောင်နုဆိုးဆေးကြောင့်ထင်ရှားခဲ့ သည်။ ထိုဆိုးဆေးအရောင် သည် စင်စစ်အားဖြင့်ကြက်သွေး ရောင်ဖြစ်သည်။ ယင်းကို မြေထဲပင်လယ်တွင် တွေ့ရသော အခွံမာ ရေသတ္တဝါအချို့၏ ဂလင်းများမှ 'ဆင်သက်တစ်'ခေါ် ဓာတုဗေဒဆိုးဆေးများကို အကြီးအကျယ်ပြုလုပ်လာကြလေပြီ၊ ဤကဲ့သို့ သဘာဝဆိုးဆေးကို ပြုလုပ်ရာ၌ လိုအပ်သော အသီး အနှံ၊ အရွက်၊ အမြစ်များကိုရရှိမည့် နိုင်ငံများမှ စောင့်စားမှာယူ ရသည်မှာ အချိန်ဖင့်၍၊ စရိတ်ကြီးလှသည်။ဓာတုဗေဒဆိုးဆေး များကိုမူ ဓာတုဗေဒနည်းဖြင့် စီမံပေါင်းစပ်ပေးနိုင်သဖြင့်အချိန် ကုန်နည်း၍ စရိတ်ကျဉ်းလေသည်။ သို့ဖြစ်၍ ယခုအခါဓာတု ဗေဒနည်းဖြင့် ပြုလုပ်ယူသော ဆိုးဆေးများကို တစ်နေ့တစ်ခြား အသုံးများကြသည်။

၁၈၅၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဝီလျံ ဟင်နရီ ပါကင် ဆိုသူသည် ကျောက်မီးသွေးကတ္တရာမှ ကွီနိုင်ကို ထုတ်လုပ်ယူ ရန် ကြံစည်ရာတွင် ကျောက်မီးသွေး ကတ္တရာတွင် ပါဝင်သည့် 'အန်နလင်း'ခေါ် ပစ္စည်းတစ်မျိုးမှ ခရမ်းနုအရောင်ကို ရရှိခဲ့လေ သည်။ ပါကင်၏ ခရမ်းရောင်နု အရောင်ဆေးသည် ပထမဆုံး အန်နလင်းဆိုးဆေးပင်ဖြစ်သည်။ ထိုသို့တွေ့ရှိရာမှ ဓာတုဗေဒနည်းဖြင့် လုပ်ယူသော ဆိုးဆေးများ သည် လျင်မြန်စွာ တိုးတက်များပြားလာလေသည်။ ပထမကမ္ဘာ စစ်မဖြစ်မီက ဂျာမနီနိုင်ငံသည် ဆိုးဆေးလုပ်ငန်း၌ ထိပ်ဆုံး တန်းသို့ရောက်ခဲ့၏။ ထိုစစ်အတွင်း၌ ဂျာမနီမှ ဆိုးဆေးများမရ နိုင်သဖြင့် အမေရိကန်၊ ဗြိတိန်နှင့် အခြားတိုင်းပြည်များရှိ အထည်လုပ်ငန်းကို များစွာထိခိုက်ခဲ့၏။ သို့သော် ထိုအခက် အခဲကို ကျော်လွန်နိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေကြံ ဆခဲ့ကြလေသည်။

ယခုအခါ ဆိုးဆေးများကို (၁) သဘာဝဆိုးဆေး၊ (၂) တွင်းထွက်ဆိုးဆေး၊ (၃) ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ယူသော ဆိုးဆေးဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ သဘာဝဆိုးဆေးများကို အပင်နှင့် တိရစ္ဆာန်များမှ ထုတ်ယူသည်။ သဘာဝဆိုးဆေး အမြောက်အများကို 'ကိုချင်နီး'နှင့် 'လော့ဂဝု'မှ လုပ်ယူကြ သေးသည်။ တွင်းထွက်ဆိုးဆေးသည် တွင်းထွက်ပစ္စည်းနှင့် ကျောက်မီးသွေးကတ္တရာမှ ရသည့်ပစ္စည်းများမှ လုပ်ယူသော ဆိုးဆေးဖြစ်သည်။ ဓာတုဗေဒနည်းဖြင့် လုပ်ယူသော ဆိုးဆေး သည် ဓာတ်ပစ္စည်းအမျိုးမျိုးမှ လုပ်ယူသော ဆိုးဆေးဖြစ်သည်။ ထိုဆိုးဆေးများနှင့် ခြည်၊ သိုးမွေး၊ ပိုး၊ ရေယွန်အမျိုးမျိုး၊ နိုင်လွန်၊ ငှက်မွေး၊ သားမွေး၊ သားရေ၊ စက္ကူ၊ အင်္ကျီကြယ်သီး များကို ဆိုးနိုင်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)