ဆန်တီယာဂိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆန်တိယားဂိုမြို့သည် တောင်အမေရိကတိုက် ချီလီနိုင်ငံ ၏ မြို့တော်ဖြစ်သည်။ အန်းဒီးတောင်တန်းအနောက်ဘက် သွယ်လျားသော ချီလီနိုင်ငံ၏ အလယ်ပိုင်းတွင်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈ မိုင်မျှရှိ၍ လူဦးရေ ၁၅ဝ၆၈၈၉ ယောက်(၁၉၅၂)ရှိ၏။ မြို့တည်နေပုံမှာ အန်းဒီး တောင်စဉ်တန်းနှင့် ပစိဖိတ်ကမ်းခြေ တောင်တန်းတို့အကြားရှိ သာယာလှပသောတောင်ကြားတွင် ပင်လယ်ရေပြင်ထက် ၁၇ဝ၆ ပေမျှမြင့်သော ကုန်းထက်၌ တည်နေသည်။ ပင်လယ်ဆိပ်ကမ်း မြို့ဖြစ်သော ဗယ်လပရိုက်ဇိုမြို့ အရှေ့တောင်ဘက် ၁၁၆ မိုင် အကွာတွင်ရှိသည်။

ဆန်တိယားဂိုမြို့တော်သည် တောင်အမေရိကတိုက်တွင် အလှဆုံးသော မြို့ဖြစ်၏။ တောင်အမေရိကတိုက်တွင် စတုတ္ထ မြို့ကြီးတစ်မြို့လည်း ဖြစ်သည်။ မြို့ထဲတွင် ကြီးကျယ်လှပသော ဥယျာဉ်ပန်းခြံကြီးများရှိရာ၊ မြို့၏သာယာခြင်းကို ပိုမိုတင့်တယ် စေသကဲ့သို့ရှိသည်။ မိုးရွာနည်းပါးသောဒေသဖြစ်၍၊ ထိုဥယျာဉ် ပန်းခြံများကို ဆည်မြောင်းစနစ်ဖြင့် ရေသွင်းပေးရလေသည်။ မြို့တော်တွင် ဘုရားရှိခိုးကျောင်းကြီးများ၊ ၁၈၄၂ ခုနှစ် တွင် တည်ထောင်သော ချီလီတက္ကသိုလ်၊ သမ္မတ အိမ်တော်၊ နိုင်ငံတော်ဥပဒေပြုအဖွဲ့ တည်ရာဌာန၊ နိုင်ငံတော်ပြတိုက်၊ နိုင်ငံ တော်စာကြည့်တိုက်နှင့် အခြားအဆောက်အအုံကြီးများ ရှိ၏။ အကျယ်အဝန်းဖြောင့်တန်းသော လမ်းကျယ်ကြီးများလည်းရှိရာ၊ ထိုအထဲတွင် အလာမေဒါလမ်းမကြီးကား အကျော်ကြားဆုံးဖြစ် လေသည်။ ထိုလမ်းမကြီးမှာ အရှေ့နှင့် အနောက်ဖြတ်သန်း လျက်ရှိရာ၊ လမ်းဘေးတွင် သစ်ပင်ကြီးများစိုက်ထား၍၊ ရေ တစ်သွင်သွင် စီးဆင်းနေသော တူးမြောင်းကလေး များလည်း ရှိ၏။ ရေပန်းများ၊ ရုပ်လုံး ရုပ်တုများလည်းရှိသေးသည်။ မြို့လယ်ခေါင်တွင် ဆန်တာလူရှာ တောင်ကုန်းရှိ၍၊ အရှေ့ ဘက်နှင့် အနောက်ဘက်တို့တွင်လည်း တောင်ကြီးများရှိသဖြင့် နေဝင်ချိန်တွင် အခြားမည်သည့်မြို့တွင်မျှ မမြင်မတွေ့နိုင်သော ကြည်နူးသာယာလှသည့် ရှုမျှော်ခင်းကို ဆန်တိယားဂိုမြို့၌ တွေ့မြင်နိုင်ပေသည်။

ယင်းဆန်တိယားဂိုမြို့ကို တောင်အမေရိကတိုက်ရှိ အခြား နာမည်တူ မြို့များနှင့်ကွဲပြားစေရန်၊ ဆန်တိယားဂို သေချီလေ (ဝါ) ချီလီရှိ ဆန်တိိယားဂိုမြို့ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)