စွယ်တော်စင်

ဝီကီပီးဒီးယား မှ

စွယ်တော်စင်[ပြင်ဆင်ရန်]

ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းကြီးတည်ဆာက်ခဲ့သည်

တည်နေရာ[ပြင်ဆင်ရန်]

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းမြို့အတွင်း တည်ရှိသည်။ အရှေ့ဘက်တွင် အတွင်းမြို့ရိုးသစ်တပ်၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်၊ တောင်ဘက်တွင် လပခ အရာရှိနေအိမ်များ၊ မြောက်ဘက်တွင် ၁၉ လမ်းနှင့် ပဟိုရ်စင်တည်ရှိသည်။

ခေတ်ကာလ[ပြင်ဆင်ရန်]

ရတနာပုံခေတ်လက်ရာ အဆောက်အအုံဖြစ်သည်။

ထူးခြားချက်[ပြင်ဆင်ရန်]

မြတ်စွာဘုရား၏ စွယ်တော်နှင့် ဓာတ်တော်များ ကိန်းဝပ်ရာ အဆောက်အအုံဖြစ်သည်။ သရက်ကင်း သုံးဆင့်ခံ ပြာသာဒ်မျိုးဖြစ်သည်။

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

သစ်တပ်ဝင်းတော်ကြီးအတွင်း ရွေးတော်ယူတံခါးတောင်ဘက်တွင် စွယ်တော်စင်ရှိသည်။ နန်းတော်ကြီးတည်ရာ အနောက်သို့မျက်နှာပြု၍ မုခ်ဦးလှေကားတို့ဖြင့် တင့်တယ်သပ်ရပ်စွာ ဆောက်လုပ်ထားသည်။

အုတ်အဆောက်အအုံဖြစ်၍ အချိုးအစားကျခြင်း၊ ပန်းရံ၊ ပန်းတော့တို့၏ လက်ရာမြောက် စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ကြည်နူရှုမောဖွယ်ဖြစ်သည်။ တစ်ချိန်က ဘုရားရှင်၏ စွယ်တော်နှင့်တကွ ဓာတ်တော်၊ မွေတော်အပေါင်း ကိန်းအောင်းရာဖြစ်ခဲ့သဖြင့် စွယ်တော်စင်ဟု အမည်တွင်ခြင်းဖြစ်သည်။ ဘုရားရှင်၏ စွယ်တော် ကိန်းဝပ်ခြင်းမရှိသောအခါ၌လည်း အခြားဓာတ်တော် မွေတော်များနှင့်အတူ တန်ခိုးကြီးနန်းစဉ်ဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်ရာဖြစ်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သီဟိုဠ်ကျွန်း ကိတ္တိစီရိမေဃဝဏ္ဏမင်း အစရှိသော မင်းကောင်းမင်းမြတ်တို့ မြို့တော်၌ ဘုရားရှင်စွယ်တော် ဓာတ်မြတ်ကိန်းဝပ်စံပယ်စေ၍ ကိုးကွယ်ခဲ့ကြသည်ကို အတုယသူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အမျိုးအစား[ပြင်ဆင်ရန်]

စတုရန်းပုံအဆောက်အအုံ သရက်ကင်းသုံးဆင့်ခံ အုတ်ပြာသာဒ်ဖြစ်ပြီး စိန်တောင် သုံးဆင့်ဖြင့် ဝန်းရံထား၍ အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသည်။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

စတုရန်းပုံအမြင့်အဆောက်အအုံဖြစ်သည်။ အပေါ်တွင် အင်္ဂတေပန်းတော့လက်ရာ ဘုံခုနစ်ဆင့် ပြာသာဒ်ဖြစ်သည်။ စွယ်တော်များဖူးမြော်ရန်အတွက် တက်ရောက်ရန် သရက်ကင်းသုံးဆင့်ခံ အုတ်လှေကားပါဝင် ဖွဲ့စည်းထားသည်။ အဆောက်အအုံအား စိန်တောင်များသုံးဆင့်ဖြင့် ဝန်းရံဖွဲ့စည်းတည်ဆောက်ထားသည်။ စွယ်တော်စင်ကို ဝန်းရံထားသော စိန်တောင်များ၏ ထောင့်တိုင်များပေါ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည် မနုဿီဟခြောက်ကောင် တပ်ဆင်ထားသည်။ ထိုမျှသာမက စွယ်တော်စင်အပေါ်ပိုင်ပြာသာဒ်မုခ်များတွင် မကရ်းအကောင် ၂၀ ဖြင့် ဖန်တီးထားရာ တစ်မျိုးတစ်ဖုံ ဆန်းကြယ်လှသည်။ မြေပြင်တွင် အနောက်ဘက်မျက်နှာ စိန်တောင်များ၏ အပြင်ဘက်တွင် အစောင့်အုတ်ပြာသာဒ်နှစ်ဆူရှိသည်။ လပခ ၏ အစီအစဉ်ဖြင့် ပြည်လည်မွမ်းမံထားသော်လည်း မူလလက်ရာမပျောက်သော ရတနာပုံခေတ် အဆောက်အအုံဖြစ်သည်။

ထိန်းသိမ်းမှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။