စပိန်စာပေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စပိန်စာပေ[ပြင်​ဆင်​ရန်​]

စပိန်စာပေသည် အခြားဥရောပ စာပေများကဲ့သို့ လက်တင် ဘာသာမှ ဆင်းသက်လာသည်။ သို့ရာတွင် အာရေဗျ၊ ယဟူဒီ စာပေများနှင့် ပိုမိုနီးစပ်သည်။ ထိုကြောင့် ခန့်ညားသည်။ မာန် ပါသည်။နက်နဲသည်။ ယဉ်ကျေးသည်။ တစ်ခါတစ်ရံတွင်မူကား ကြမ်းကြုတ်ရက်စက်လေသည်။


စပိန်နိုင်ငံသည် ပထဝီအနေအထားအားဖြင့် အခြားဥရောပ နိုင်ငံများနှင့် အဆက်ပြတ်နေသောကြောင့် စပိန်လူမျိုးများသည် အခြားတိုင်းသားများနှင့် မရောဘဲ တစ်ဦးပုဂ္ဂလအဖြစ်နေသည်။ အာဖရိကမြောက်ပိုင်း မူးဝါးလူမျိုးများနှင့် စစ်မက်ဖြစ်ပွားခဲ့၍ တစ်ခါက စပိန်နိုင်ငံသည် မူးဝါးတို့၏ လက်အောက်သို့ ကျ ရောက်ခဲ့ဘူးသည်။ ဤအကြောင်းများကြောင့် စပိန်စာပေသည် အခြားဥရောပစာပေများနှင့်မတူဘဲ တစ်ဘာသာဖြစ်နေလေသည်။ စပိန် နိုင်ငံကို မူးဝါးတို့ သိမ်းပိုက်ထားခိုက် စပိန်မင်းမျိုး မင်းနွယ်များသည် အတိုင်းတိုင်း အပြည်ပြည်သို့ လှည့်ပတ်၍ စောင်းသီချင်း သီဆို တီးမှုတ်ကြရာ၊ ထိုစာဆိုတို့ကို လမ်း လျှောက် စာဆိုဟု ခေါ်ကြသည်။


စပိန်ဘာသာဖြင့် ရေးသားသော စာပေများတွင် ရှေးအကျ ဆုံးမှာ ၁၁၄ဝ ပြည့်နှစ်က ရေးသော လင်္ကာတစ်ပုဒ် ဖြစ်သည်။ ထိုလင်္ကာကို ရေးသားသော စာဆိုတော်မှာ မူးဝါးလူမျိုးများ ဘက်မှ အမြဲကူညီနေသူ မွတ်စလင်တစ်ဦးဖြစ်သည်။ သို့သော် သူ၏ လင်္ကာတွင် မူးဝါးလူမျိုးများကို တိုက်ခိုက်ခဲ့ပုံများကို ရေးသားထားလေသည်။ ထိုလင်္ကာသည် စပိန်နိုင်ငံ၏ သမိုင်း ကို ဖေါ်ပြသောလင်္ကာဖြစ်သည်။ ရှေးကျသော စပိန်စာပေအရေး အသားများတွင် ဘာသာရေးဆိုင်ရာ ပုံပြင်အဖြစ်အပျက်များကို မှီး၍ ရေးထားသော ပြဇာတ်များသာတွေ့ရသည်။


စပိန်နိုင်ငံကို နှစ်ပေါင်း ၈ဝဝ မျှ မူးဝါးတို့က သိမ်းပိုက် အုပ်စိုးခဲ့သဖြင့် စပိန်ဘာသာနှင့် စာပေတိုးတက်မှု နည်းပါးခဲ့ သည်။၁၇ ရာစုနှစ်လောက်တွင် စပိန်လူမျိုးတို့သည် အမေရိက တိုက်ကို တွေ့ပြီးလျှင်၊ တိုးတက်ကြီးပွားလာခဲ့ကြသည်။ ထို အခါမှ စပိန်ဘာသာလည်း တိုးတက်လာလေသည်။ ၁၅၅ဝ ပြည့်နှစ်မှ ၁၆၈ဝ ပြည့်နှစ်လောက် အတွင်းသည်ကား စပိန် စာပေ အထွန်းကားဆုံးအချိန် ဖြစ်သည်။ ထိုခေတ်၌ ဝတ္ထုများ၊ ပြဇာတ်များ၊ ကဗျာလင်္ကာနှင့် တေးကြီးဖွဲ့ကြီးများကို ရေးသား ကြလေသည်။

၁၆ဝ၅ ခုနှစ်တွင် သာဗင်တေး အမည်ရှိသော စာရေးဆရာ သည် သူ၏ မျက်မှောက်ခေတ်မရောက်မီ တစ်ခေတ်ခန့်က လူတို့စိတ်ဝင်စားကြသည့် ချစ်ခန်ကြိုက်ခန်း စွန့်စားခန်းများကို အတိဝုတ္တိ ဖြစ်လောက်အောင် ဖွဲ့နွဲ့ရေးသားခြင်း ပြုသည်ကို သရော်သောအားဖြင့် ဒွန်ကွီဟိုးတေး ဝတ္ထုကို ရေးသားလေ သည်။

ထိုစာအုပ်သည် စပိန်စာပေလောက ၌သာ မဟုတ်၊ ဥရောပစာပေလောကတွင်လည်း ကျော်ကြား လာခဲ့ရာ၊ ယခုတိုင်ပင် လူကြိုက်များ၍နေလေသည်။ သာဗင် တေး နောက်မှ ပေါ်ပေါက်လာသော အခြားစာရေးဆရာများ ကလည်း သာဗင်တေးနည်းကိုလိုက်၍ ဝတ္ထု၌ ဇာတ်လိုက်ဖြစ် သော သူရဲကောင်းကို ပျက်ရယ်ပြုကာ ရေးကြပြန်သည်။ သာဗင်တေးမှာ စပိန်စာပေလောကတွင် အကျော်ကြားဆုံးသော စာဆိုဖြစ်လေသည်။ ထိုခေတ်တွင် ပြဇာတ်များလည်း အထူး တလည် ခေတ်စားနေ၏။ စပိန်ပြဇာတ်လောကတွင် လိုပေသာ ဗေးဂါနှင့် ကားလဒရွန် ဒေလာဗာကာတို့သည် ထင်ရှား၏။ ဗေးဂါမှာ အသက် တစ်ဆယ့်နှစ်နှစ် အရွယ်ကပင် ပြဇာတ် ရေးသားခဲ့ရာ၊ သူ၏တစ်သက်တာတွင် ပြဇာတ်ပေါင်း ၁ဝဝဝ ကျော်ရေးခဲ့သည်ဟုဆိုသည်။ သူ၏ပြဇာတ်များမှာ လင်္ကာဖြင့် ရေးသားထားသဖြင့် ပို၍ အံ့ဩဖွယ် ကောင်းလေသည်။ ကားလဒရွန် ဒေလာဗာကာသည် နန်းတွင်းစာဆိုတော် ပြဇာတ် ဆရာတစ်ဦးဖြစ်သည်။ သူ၏ပြဇာတ်များမှာ သာသနာရေး အကျင့်သိက္ခာ စောင့်ရှောက်ရေးတို့ကို ဖွဲ့နွဲ့သောပြဇာတ်များ ဖြစ်သည်။

၁၉ ရာစုနှစ်တွင် ဝတ္ထုများပေါ်လာ၍ သမိုင်းဝတ္ထု၊ ဟာသ ဝတ္ထု၊ တောလက်ကျေးရွားဝတ္ထုများ ပေါ်ပေါက်လာလေသည်။ စပိန်လူမျိုးစာရေးဆရာထဲမှ ၁၉ဝ၄ ခုနှစ်၌ ပထမဦးစွာ နိုဗဲဆု ကို ဆွတ်ခူးသူမှာ ပြဇာတ်ရေးဆရာ ဟိုဇေးအေချေဂါးရိုင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ အင်ဂျင်နီယာစာမေးပွဲကို ထိပ်ဆုံးက အောင်မြင်ခဲ့၏။ သင်္ချာပါမောက္ခလည်း ဖြစ်ခဲ့သည်။ အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် ပညာရေးဝန်ကြီးလည်း ဖြစ်ခဲ့ဘူး သည်။ သူ၏ပြဇာတ်များမှာ ဥရောပတိုက်တွင် နာမည်ကျော် ကြားလေသည်။ အေချေဂါးရိုင်းမှာ ပြဇာတ်ရေးသားရာတွင်သာ ကျော်ကြားသည်မဟုတ်ဘဲ ပြဇာတ်စင် အဆင်အပြင်ဖက်၌လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ရကား ၁၈၇၃ ခုနှစ်မှ ၁၈၉ဝ ပြည့်နှစ် လောက် အတွင်းတွင် ပြဇာတ်ရုံများကို သူကိုယ်တိုင် အုပ်ချုပ် ဦးစီးခဲ့၏။

၁၉ ရာစုနှစ် ကုန်ခါနီးလောက်တွင် ခေတ်စာပေ တိုးတက် စေရန် ကြိုးစားရာတွင် စကားပြေ ဝတ္ထုများ သာမက၊ ကဗျာ လင်္ကာနှင့် ပြဇာတ်များမှာ ရှေးကထက် ပိုမိုထွန်းကားလေလေ သည်။ အကောင်းဆုံးသော ကဗျာများ၊ နယ်များမှ အစတွင် လာ၏။ စပိန်ပိုင် အမေရိကန်စာဆိုများသည် ခေတ်သစ်စာပေ ကို တီထွင်ရန် အဦးဆုံးစိတ်ကူးရသူများ ဖြစ်၏။ စပိန်ပြဇာတ် လောကတွင် ဘုရင်တစ်ဆူဟု ခေါ်လောက်သော ယာစင်တိုဗန ဗင်တေးသည် နိုဗဲဆုကို ၁၉၂၂ ခုနှစ်တွင် ဆွတ်ခူးခဲ့သည်။ သူ၏ စူကာပန်းပြဇာတ်မှာ တောရွာဓလေ့နှင့် လယ်သမားများ အကြောင်းကို နောက်ခံထားသော အလွမ်းဇာတ် ဖြစ်၏။ ထို ပြဇာတ်မှာ ကမ္ဘာကျော်ဖြစ်လေသည်။

စပိန်စာရေးဆရာများတွင် နာမည်ကျော်ကြား၍ လူကြိုက် များသူမှာ ဗီသယိန်းတေးအီဗားနယေ့ ဖြစ်၍ ရုပ်ရှင်ရိုက်ခဲ့ဘူး သည့် 'သွေးနှင့်မြေ'ခေါ် ဝတ္ထုကြီးကို ရေးခဲ့လေသည်။ ပထမကမ္ဘာစစ်ကြီး အပြီးတွင် ပေါင်းသင်းဆက်ဆံရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် စပိန်စာပေမှာ ထူးခြား စွာ ပြောင်းလဲလာလေသည်။ ၁၉၂ဝ ပြည့်နှစ်လောက်သို့ ရောက်သောအခါ စပိန်စာဆိုများသည် တကယ့်အဖြစ်စစ် အဖြစ်မှန်တို့ကိုသာ ရေးသားလာကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)