စပန်းရေမြှုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စပွန့်ဂ်ျ သတ္တဝါ

စပန်းရေမြှုပ်[ပြင်​ဆင်​ရန်​]

စပန်းရေမြှုပ်သည် ကျောက်၌ တွယ်ကပ်နေသော တန်း အနိမ့်ဆုံး ပင်လယ်သတ္တဝါတစ်မျိုးဖြစ်သည်။ စပန်းရေမြှုပ်ကို သိခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း၊ ရှေးအခါက ယင်းကို အကောင်မဟုတ်၊ အပင်သာ ဖြစ်သည်ဟု ထင်ခဲ့ကြလေသည်။ ထိုသို့ ထင်ခဲ့ကြခြင်းမှာ တိရစ္ဆာနများ လှုပ်ရှားသကဲ့သို့ မလှုပ် ရှားခြင်းကြောင့် ဖြစ်သည်။ စပန်းရေမြှုပ်တွင် မျက်စိလည်း မရှိ၊ အခြား အာရုံခံ အင်္ဂါများလည်း မရှိချေ။

စပန်းရေမြှုပ်သည် ကျောက်ဆောင်များ၌ဖြစ်စေ၊ ပင်လယ်ရေ အောက်ခြေရှိ အခြားပစ္စည်းများ၌ဖြစ်စေ တွယ်ကပ်၍ နေနိုင် သည်။ အချို့စပန်းရေမြှုပ်သည် အပင်မှ အကိုင်းများ ဖြာထွက် နေသကဲ့သို့ ဖြာထွက်လျက်ရှိသဖြင့် အပင်နှင့်တူသည်။

သက်ရှိ စပန်းရေမြှုပ်များတွင် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြ သည်။ ယင်းတို့ကို ပင်လယ်ရေတိမ်ရာမှ ရေနက်ရာအထိ၎င်း၊ အီကွေတာမှ အာတိတ်ဒေသများ အထိ၎င်း အမြောက်အမြား တွေ့ကြရသည်။ အပူပိုင်းနှင့် အနွေးပိုင်းဒေသများတွင် အများ ဆုံး တွေ့ရ၍ အမျိုးများလည်း များပြားသည်။အကြီးဆုံး စပန်းရေမြှုပ်များကိုအပူပိုင်းနှင့် အနွေးပိုင်းဒေသများတွင် ပို၍အတွေ့ များသည်။

စပန်းရေမြှုပ်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှေးအကျ ဆုံး ကျောက်များတွင် တွေ့ရသဖြင့် စပန်းရေမြှုပ်များသည် အလွန်ရှေးကျမှန်းကို သိရသည်။

စပန်းရေမြှုပ်ရိုးရိုး၏ပုံသည် ပြွန်ချောင်းပုံဖြစ်၏။ ယင်း၏ ခန္ဓာကိုယ်ပေါ်တွင် မရေတွက်နိုင်သည့် အပေါက်ကလေးများ ရှိ၏။ အတွင်းဖက်အခေါင်းထဲသို့ ရေဝင်သည်မှာ၊ ထိုအခေါင်း တွင်းရှိ အမွေးကလေးများ၏ လှုပ်ရှားမှုကြောင့် ဖြစ်၏။ ထို အမွှေးကလေးများကို စီလီယာဟုခေါ်သည်။ စပန်းရေမြှုပ်ထဲသို့ ဝင်လာသော အစာကို စီလီယာရှိသော စပန်းရေမြှုပ်၏ ဆဲခန်း ကလေးများက စုတ်ယူ၍ ကြေစေသည်။ ထိုနောက် ပြွန်ချောင်း ၏ ထိပ်ဖက်ရှိ အပေါက်မှ ရေကိုထုတ်ပစ်လိုက်သည်။

စပန်းရေမြှုပ်များသည် အုပ်စုဖွဲ့ကာ နေတတ်ကြ၏။အစတွင် စပန်းရေမြှုပ်ငယ်သည် အမိ စပန်းရေမြှုပ်တွင် တွယ်လျက် နေရ၏။ ဤသို့ဖြင့် စပန်းရေမြှုပ်ကလေးများ တစ်ကောင်ပြီး တစ်ကောင် တိုးပွားလာကြသည်။ စပန်းရေမြှုပ်များ ကြီးပြင်း လာသောအခါ ယင်းတို့၏ ခန္ဓာကိုယ်အခေါင်းများသည် မြောင်း များသဖွယ် ရှုပ်ထွေးစွာ ဆက်သွားကြသည်။ ထိုစပန်းရေမြှုပ် ထွေးကြီးသည် အစာနှင့်အောက်ဆီဂျင်ပါသည့်ရေကို သေးငယ် သည့်အပေါက်ကလေးများမှတဆင့် စုတ်ယူကြသည်။ ထိုရေ သည် မြောင်းများကို ဖြတ်၍ စီလီယာများရှိသော ဆဲခန်း ကလေးများသို့ရောက်သွား၏။ ထိုဆဲခန်းကလေးများသည် အစာနှင့်အောက်ဆီဂျင်ကို စုတ်ယူလိုက်ကြသည်။ ထိုနောက် ရေကို ပြွန်ချောင်းကြီးများသို့ ပို့ပေးပြီး ထိုမှတစ်ဆင့် အပသို့ ထုတ်ပစ်လိုက်လေသည်။

စပန်းရေမြှုပ်များသည် အချင်းတစ်လက်မ၏ တစ်ထောင် စိတ် တစ်စိတ်မျှသာရှိသော ဥဆဲကလေးများမှလည်း ပိုးလောင်း များအဖြစ် ပေါက်ကြသေး၏။ ထိုပိုးလောင်း ကလေးများသည် အမိ စပန်းရေမြှုပ်နှင့်ခွဲထွက်၍ အခြားနေရာများတွင်တွယ်ကာ ကြီးထွားလာကြသည်။ ယင်းတို့တွင် ထူးခြားသည့် အနံ့တစ်မျိုး ရှိခြင်းကြောင့် အခြားသတ္တဝါများက မစားခြင်း ဖြစ်ကောင်း ဖြစ်မည်။ သို့ရာတွင် မှိုနာကြောင့် အမြောက်အမြား သေကြေ ကြသည်။ အိမ်များတွင် ပွတ်တိုက်ဆေးကြောရာ၌ အသုံးပြု သော စပန်းရေမြှုပ်မှာ အခြောက်လှန်းပြီးသော စပန်းရေမြှုပ် ကောင်များ၏ စကယ်လီတန်သာလျှင်ဖြစ်သည်။ စကယ်လီတန် ဆိုရာတွင် လူတို့၌ဖြစ်သော စကယ်လီတန်(အရိုးအိမ်)ကဲ့သို့ မဟုတ်ဘဲ စပန်းရေမြှုပ်ကောင် တည်တံ့စွာရှိအောင် အကာ အကွယ် ပေးသောအိမ်ကိုသာ ဆိုလိုသည်။ စပန်းရေမြှုပ်သည် ရေစုတ်နိုင်သောသတ္တိရှိ၍ ဆေးကြောရာ၌ အသုံးဝင်သောကြောင့် စပန်းရေမြှုပ်ကောင်များကို အမြောက်အမြား ဖမ်းယူကြသည်။ အမေရိကန်ပြည်ထောင်စု၌ စပန်းရေမြှုပ်များကို ဖမ်းယူပုံမှာ၊ ကမ်းခြေမှမိုင် ၅ဝ၊ မိုင် ၈ဝ အထိသွားကြပြီးနောက်၊ ရေထဲသို့ ပေ ၆ဝ မှ ၁၂ဝ ထိ ငုပ်ကြသည်။ ရေငုပ်သူသည် ရေငုပ် ဝတ်စုံနှင့် ဦးထုပ်ကို အသုံးပြုသည်။ ရေထဲတွင် ငမန်းများကို ကာကွယ်နိုင်ရန် ဓားတစ်ချောင်းကို ယူဆောင်သွားသည်။

စပန်းရေမြှုပ်ကြီးများကို တွယ်ကပ်နေသည့် နေရာမှ ခွာယူ နိုင်ရန် ချိတ်တစ်ခုကိုလည်း ယူသွားသည်။ ရေငုပ်သူသည် နှစ်နာရီကြာမျှ ရေထဲတွင်နေပြီး၊ သင်္ဘောမှချပေးသည့် ပိုက်ကွန် ထဲသို့ ရှာဖွေ၍ ရသမျှ စပန်းရေမြှုပ်များကို ထည့်ပေးသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ဖမ်းရသော စပန်းရေမြှုပ်များကို ဖိနပ်မပါသည့် ခြေထောက်များဖြင့် နင်း၍သတ်ကြသည်။ ထိုနောက် အခြောက်ခံ၍ အသားမျှင်များကို ခြစ်ထုတ်ကြ သည်။ ထိုနောက် ပင်လယ်ရေထည့်ထားသော စည်များတွင် ဆေး ကြော၍ နေလှန်းထားကြသည်။ ကမ်းသို့ သင်္ဘောဆိုက် ကပ်သောအခါ စပန်းရေမြှုပ်များမှာ ရောင်းချရန် အဆင်သင့် ဖြစ်သည်။

စပန်းရေမြှုပ်များကို အဓိကအားဖြင့် အမေရိကန်ပြည်ထောင် စု ဖလော်ရီဒါပြည်နယ်၏ အနောက်ဖက်ကမ်းခြေ၊ မက္ကဆီကို ပင်လယ်ကွေ့တွင် ဖမ်းယူကြသည်။ ကျူးဗားကျွန်း ပတ်ဝန်း ကျင်ရှိ ကယ်ရစ်ဗျန်ပင်လယ်နှင့် မြေထဲပင်လယ် အလယ်ပိုင်း၊ အရှေ့ပိုင်းတို့တွင်လည်း ဖမ်းယူကြသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)