စည်ပိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စည်ပိုင်း(Barrel)

စည်ပိုင်း (Barrel)[ပြင်​ဆင်​ရန်​]

စည်ပိုင်းကို ဆလင်ဒါပုံ အခေါင်းပေါက် ပါရှိသည့် ထည့်စရာ သို့မဟုတ် သိုလှောင်စရာ ပစ္စည်းအဖြစ် သိထားကြပါလိမ့်မည်။ ရှေးရိုးစဉ်ဆက် သုံးခဲ့ကြသည့် စည်ပိုင်းများမှာ ရေမိုးဒဏ် ခံနိုင်သည့် သစ်သားပျဉ်ချပ်ရှည်များကို ဆက်စပ်ကာ သံကွင်းဖြင့် စည်းနှောင်ထားပြီး ရေ သို့မဟုတ် အရည် မစိမ့်ထွက်စေရန် အတိအကျ တည်ဆောက် ထားခြင်းဖြစ်သည်။ စည်ပိုင်းတည်ဆောက်သူများကို အင်္ဂလိပ် ဘာသာအားဖြင့် cooper (စည်ပိုင်းပြုလုပ်သူ) ဟု ခေါ်ကြပါသည်။

စည်ပိုင်း တည်ဆောက်ရာတွင် အများအားဖြင့် ခုံးနေသော ပုံသဏ္ဍာန်ဖြစ်၍ အလယ်တွင် ဖောင်းကားနေခြင်း ဖြစ်သည်။ ၄င်းသည် စည်ပိုင်းကို လှိမ့်၍ သယ်ယူသည့်အခါ ပိုမို လွယ်ကူပြီး ဦးတည်ရာကို အင်အားအနည်းငယ် စိုက်ထုတ်ရုံဖြင့် ပြောင်းနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ဝန်ထည့်သောအခါ ဖိအားကို မျှတစေပါသည်။ စည်ပိုင်း၏ အဖျားနေရာရှိ သံကွင်းကို chime hoop ဟုခေါ်ကြပြီး အလယ်နေရာရှိ သံကွင်းကို bilge hoops ဟု ခေါ်ကြပါသည်။ စည်ပိုင်းအဖုံး သို့မဟုတ် အပေါက်ကို လုံခြုံစွာ ပိတ်သည့် အဆို့ကို bung ဟု ဆိုကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရှေးအခါက ဥရောပတိုက် ဒေသများတွင် ဆီနှင့် ဝိုင်တို့ကို စည်များတွင် ထည့်ကာ သယ်ယူပို့ဆောင်ကြသည်။ အဖုံးကို ထင်းရှူးဆီ သို့မဟုတ် သစ်စေးတို့ဖြင့် ပိတ်ဆို့ကြပါသည်။ အေဒီ ၃ရာစုနှစ်များတွင် ရောမလူမျိုးတို့က စည်များကို လုပ်ငန်းသုံးသာမက စစ်ဘက်တွင်လည်း သုံးခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀၀နီးပါး စည်များသည် သင်္ဘောဖြင့် သယ်ဆောင်ရာတွင် လည်းကောင်း၊ အခြား သယ်ပို့နည်းလမ်းများဖြင့် လည်းကောင်း များစွာ အသုံးဝင်ခဲ့သည်။ စည်များသည် အရည်ထည့်ရန်သာမက သံ၊ ရွှေ၊ ငွေ၊ ဒင်္ဂါး စသည့် ပစ္စည်းများအတွက်လည်း ထည့်၍ သယ်ဆောင်ရန် အဆင်ပြေခဲ့သည်။ အိတ်များသည် ဈေးသက်သာသော်လည်း စည်နှင့် အလေးချိန်ချင်း တူပါက သယ်ရခက်ခဲပြီး စိတ်မချရပါ။ ၂၀ရာစု ရောက်သည့်အခါ စည်များ၏ အခန်းကဏ္ဍက မှေးမှိန်လာခဲ့ရသည်။ ခေတ်မီ သယ်ဆောင်ရေး နည်းပညာများ ပြောင်းလဲလာ၍ ဖြစ်သည်။ သို့တိုင် သံစည်များကို ဆက်လက် သုံးနေဆဲ ဖြစ်သည်။ သံစည်လွတ်များကို ဖျက်ပြီး အခြားလုပ်ငန်းများတွင် သုံးနိုင်သည်။

တစ်စည်တွင် ၄၂-ဂါလံ

စည်ပိုင်းနှင့် ရေနံစိမ်း[ပြင်​ဆင်​ရန်​]

ဆီ သို့မဟုတ် အရည်များကို စည်များတွင် ထည့်၍ သယ်ယူ ပို့ဆောင်ခဲ့သည့် လုပ်ငန်းသည် ရာစုနှစ် တစ်ခုထက် ပိုခဲ့ပါပြီ။ သို့ရာတွင် ၁၈၀၀ ပြည့် နှစ်လယ်ပိုင်းက စံနှုန်းအဖြစ် သတ်မှတ်ချက်များသည် ထူးထူးခြားခြား မပြောင်းလဲခဲ့ပါ။ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်တစ်ဝန်းမှ ရေနံကုန်သည်တို့က ရေနံစိမ်းများကို စုဆောင်းကာ ဝီစကီထည့်သည့် စည်များတွင် ထည့်ပြီး သယ်ဆောင်ခဲ့စဉ်က ဖြစ်သည်။ ထိုစဉ်က ရေနံကို စနစ်တကျ တူးဖော်ခြင်းမျိုး မဟုတ်ဘဲ ကျောက်အကြိုအကြားမှ ထွက်ရှိနေသော သဘာ၀ရေနံစိမ်းကို အဝတ်စများဖြင့် တို့ယူကာ ညှစ်ထုတ်ယူကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ရေနံစိမ်းကို ကျောက်ထွက်ဆီ (rock oil) ဟု သုံးနှုန်းခဲ့ကြခြင်း ဖြစ်သည်။ ၄င်းမှာ ဟင်းသီးဟင်းရွက် သို့မဟုတ် တိရစ္ဆာန်များမှ ရသည့် ဆီများနှင့် ကွဲလွဲစေရန် ခေါ်ကြခြင်းလည်းဖြစ်သည်။ ထိုစဉ်က ဆေးဝါးအဖြစ် လှည့်လည်ရောင်းချကြပြီး မကြာမီ ေ၀လငါးအဆီများ ရှားပါးလာသည့်အခါ မီးထွန်းရန် ပြောင်းလဲအသုံးပြု ခဲ့ကြသည်။

အမေရိကန်တွင် ၁၈၅၉ ခုနှစ်မှ အစပြုကာ ရေနံတူးဖော်ခြင်းကို ပြုလုပ်ခဲ့သည်။ ၁၈၆၀-ပြည့်နှစ်များအတွင်း ပင်ဆယ်ဗေးနီးယား ပြည်နယ်တစ်ဝန်းတွင် ရေနံစင်များ ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သစ်သားစည်များက ဈေးနှုန်း နှစ်ဆ တက်သွားခဲ့သည်။ အမေရိကန်နိုင်ငံသား စာရေးဆရာနှင့် စီးပွားရေး သုတေသနပညာရှင် Daniel H. Yergin ၏ The Prize စာအုပ်ထဲကလို ရေနံအထွက်နှင့် စည်များ၏ ဈေးနှုန်းသည် အချိုးကျ တက်လာခြင်းဟု ဆိုနိုင်သည်။ သို့ဖြစ်၍ စည်များ၏ အရွယ်အစားနှင့် ထည့်သွင်းနိုင်မှုကို စံအဖြစ် သတ်မှတ်ဖို့လည်း လိုအပ်လာခဲ့သည်။

ပင်ဆယ်ဗေးနီးယားပြည်နယ် တစ်ဝန်းရှိ လမ်းများသည် ကျဉ်းလာသည်ဟု ထင်ရသည်။ မြင်းဆွဲ ကုန်တင်လှည်းများ၊ ရေနံစည် တင်ဆောင်လာသည့် လှည်းများဖြင့် ပြည့်လာခဲ့သည်။ သည်နေရာတွင် အမေရိကန်နိုင်ငံသား John Davison Rockefeller ၏ အကြောင်းကို လည်း သိထားဖို့လိုမည်။ အသက် ၂၅နှစ်သာ ရှိသေးသည့် John D. Rockefeller က Standard Oil Co ကို တည်ထောင်ခဲ့ပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် ပထမဆုံး ရေနံပိုက်လိုင်းကို တည်ဆောက်ခဲ့သူ ဖြစ်သည်။ သူသည် အမေရိကန်နိုင်ငံ ရေနံထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ခဲ့သူ ဖြစ်သည်။

Barrel (bl)နှင့် ၄၂ ဂါလံ[ပြင်​ဆင်​ရန်​]

bl (barrel) ဆိုသော စကားလုံးကို Standard Oil Co. က သုံးခဲ့သည် ဟုလည်း ပုံပြင်ဆန်ဆန် ကြားဖူးသည်။ ၄င်း bl သည် အရောင်ခွဲခြား သတ်မှတ်ခြင်းဖြစ်၍ ဥပမာအားဖြင့် Kerosene ကို အပြာရောင် စည်များတွင် ထည့်ပြီး သင်္ဘောဖြင့် တင်ပို့ကြသည်။ bbl သည် blue barrel ကို ဆိုလိုသည်။ ထို့အတူ ဓါတ်ဆီသည် အနီရောင် စည်ဖြစ်သည်။ ၁၈၆၆ခုနှစ်တွင် (barrel) စည်တစ်စည်၌ ရေနံစိမ်း ၄၂ ဂါလံ (လီတာ ၁၆၀) ဟု သတ်မှတ်ကြသည်။ အလွယ်တကူနှင့် သတ်မှတ်နိုင်ခဲ့ခြင်းတော့ မဟုတ်ပါ။ ရေနံထုတ်လုပ်သည့် ကုမ္ပဏီ ၃၀ နီးပါးက ရေနံစိမ်းကို ဂါလံနှင့် ချင်တွယ်ခြင်းကို သဘောတူကြသည်။ ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဲ့အပြီးတွင်မှ “ရေနံထုတ်လုပ်သူများ ကောင်စီ”က ၄၂ ဂါလံကို တိုင်းတာမှုစံတစ်ရပ်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ ၄င်းရေနံစိမ်း ၄၂ ဂါလံကို စွမ်းအင်အဖြစ် ပြောင်းလဲ ထုတ်လုပ်လျှင် စွမ်းအင် ၅၈၀၀၀၀၀ BTU (British Thermal Unit) ရနိုင်ပြီး သဘာ၀ဓါတ်ငွေ့ ၅၆၁၄-ကုဗပေ ထွက်ရှိနိုင်သည်။ ဓါတ်ဆီအဖြစ် ထုတ်လုပ်ပါက ဂါလံ ၂၀မျှ ရနိုင်သည်။ ရေနံချက်လုပ်ခြင်းသည် ပေါင်းခံမှု အဆင်ဆင့်ဖြစ်၍ အခြား လောင်စာ ထုတ်ကုန် အနည်းငယ်စီကိုလည်း အချိုးကျ ရနိုင်သည်။

၁၈၅၉ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ရေနံစိမ်း စည် ၂၀၀၀ ထုတ်လုပ်ခဲ့ရာမှ ၁၈၇၉ခုနှစ်တွင် စည် သန်း ၂၀ ထုတ်လုပ်ခဲ့သည်။ ၁၉၀၆ခုနှစ်တွင် စည်၁၂၅သန်းကျော်လာခဲ့သည်။ ၁၈၇၀-ပြည့်နှစ် နောက်ပိုင်းတွင် အလွန်ရှည်လျားသော ရေနံပိုက်လိုင်းများကို တည်ဆောက်နိုင်ခဲ့သည်။ ၁၈၈၀ပြည်နှစ် စောစောပိုင်းတွင် ဆီတင် သင်္ဘောများသည် စူးအက်တူးမြောင်းကို ဖြတ်သန်း နေကြပြီ ဖြစ်သည်။ ခေတ်သစ် သယ်ယူပို့ဆောင်ရေးစနစ် ပေါ်ထွန်ခြင်းလည်း ဖြစ်သည်။ ယနေ့အချိန်အခါများတွင် ရေနံစည် ၄သန်းကို သင်္ဘောဖြင့် သယ်ဆောင်ပြီး တစ်ရက်တာ လိုအပ်ချက် ရေနံစည် ၈၅သန်းကို အလျင်မီအောင် ဖြည့်တင်းပေးနေရသည်။ ၄င်းသည် ကမ္ဘာ့ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု၏ တတိယနေရာ ဖြစ်သည်။

ဂျပန်နိုင်ငံသည် ကီလိုလီတာ စနစ်ကို သုံးပြီး ရုရှားတို့က မက်ထရစ်တန်ကို သုံးသည်။ မည်သို့ပင်ဖြစ်စေ ရေနံတစ်စည်တွင် ၄၂ ဂါလံနှုန်းကို ကုန်သွယ်ရောင်းဝယ်မှုတွင် သုံးနေကြဆဲဖြစ်သည်။

ရေနံဈေးနှုန်းကို တွက်ချက်ကြရာတွင် စည်(barrel)နှင့် တွက်ကြသည်။ သို့ရာတွင် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် အလွန် အသုံးနည်းလာခဲ့ပါပြီ။ အဘယ့်ကြောင့်ဆိုသော် ရေနံစိမ်း သို့မဟုတ် ရေနံထွက် ပစ္စည်းများကို ပိုက်လိုင်း သို့မဟုတ် ရေနံတင်သင်္ဘောများဖြင့် သယ်ယူကြ၍ ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ် (၁၃၁) ဇူလိုင် ၂၀၀၈၊ စာ-၄၀-၄၁)