ဂူနေရှေးလူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂူနေရှေးလူ[ပြင်​ဆင်​ရန်​]

ကျောက်ခေတ်မတိုင်မီက လူတို့သည် မှီတင်းနေထိုင်ရန် တဲ၊ အိမ် စသည်တို့ကို မဆောက်လုပ်တတ်ကြသေးဘဲ သားရဲတိရစ္ဆာန်ကြီးများ၏ ဘေးရန်မှလွတ်ကင်းစေရန် သဘာဝအလျောက် လုံခြုံသော ကျောက်ဂူများ၊ ဥမင်များထဲတွင်သာ နေထိုင်လေ့ရှိခဲ့ကြသည်။

ထိုကြောင့် သူတို့အား 'ဂူနေရှေးလူများ'ဟူ၍ ခေါ်ဝေါ်ကြသည်။ ရှေးကမ္ဘာ့ သမိုင်းကို လေ့လာကြသော သိပ္ပံပညာရှင်ကြီးများ၏ စူးစမ်းရှာဖွေတွေ့ရှိချက်များအရ ထိုဂူနေလူများသည် ကိုယ်ခန္ဓာထွားကျိုင်းသန်မာ၍ အရပ်အမောင်းမြင့်မားသည်။ ဦးနှောက်များမှာလည်း ယခုခေတ်အချို့သော လူရိုင်းများ၏ ဦးနှောက်ထက်ပင် ကြီးမားသေးသည်ဟု ဆို၏။ ဤအချက်ကိုထောက်၍ ဂူနေရှေးလူများ၏ အသိဉာာဏ်အဆင့်အတန်းသည် ရှေးဦးလူများထက် များစွာ မြင့်လာပြီဟု ဆိုရပေမည်။ ဂူအောင်းလူများ၏ အရိုးစုအကြွင်းအကျန်များကို ပြင်သစ်နိုင်ငံတောင်ပိုင်း ဗေးဇဲမြစ်ပေါ်ရှိ ကရိုမန်းယန်းအရပ်တွင် ပထမဦးဆုံး တူးဖေါ်ရရှိလေရာ ထိုသူတို့အား ကရိုမန်းယန်းလူများ ဟူ၍ ခေါ်ဝေါ်ကြသည်။ ထိုအရပ်တွင် တွေ့ရှိရသော အရိုးစုများကို လေ့လာခြင်းအားဖြင့် ကရိုမန်းယန်းလူများသည် ထိုခေတ်တွင် ဉာာဏ်အထက်မြက်ဆုံးလူများဖြစ်ကြောင်း သိရှိရလေသည်။ သူတို့၏အမူအရာမှာ ကြမ်းတမ်းလှပေသည်။ ထိုခေတ်က မိန်းမများမှာလည်း ယောကျာ်းများကဲ့သို့ ကြမ်းတမ်းသည်ဟု သိရသည်။ ခေတ်၏အခြေအနေအရ ဂူအောင်းလူများ ကြမ်းတမ်းခက်ထန်ကြသည်မှာ အံ့ဩဖွယ်ရာ မရှိချေ။ အကြောင်းမှာ ဂူအောင်းသူများသည် အငယ်စား သားရဲတိရစ္ဆာန်များအား လိုက်လံဖမ်းဆီး စားသောက်နိုင်သော်လည်း ခြင်္သေ့၊ ဂူအောင်း ဝက်ဝံ စသော တိရစ္ဆာန်ရိုင်းကြီးများကလည်း ထိုလူများကို လိုက်လံဖမ်းဆီး စားသောက်ကြသောကြောင့် အသက်ဘေးမှ ကင်းလွတ်ရန် ကြမ်းတမ်းခက်ထန်ဖို့ လိုပေသည်။ ဂူနေလူများသည် သားကောင်များ ရရှိသော သားရေများကို အရိုးအပ်များဖြင့် အဝတ်အထည်များ ချုပ်လုပ်ကာ ခါး၌ ဝတ်ဆင်ကြသည်။ တောတိရစ္ဆာန်အငယ်စားများကို လေး၊ မြား၊ လှံ အစရှိသည့်လက်နက်တို့ဖြင့် ပစ်ခတ်စားသောက်နိုင်ကြသော်လည်း ဆင်၊ ကြံ့ကဲ့သို့ ကြီးမားသော တိရစ္ဆာန်တို့၏ ဘေးရန်ကို ကြောက်ကြရသေးသည်။ အစားအစာများကို ချက်ပြုတ်၍ မစားသောက်တတ်ကြသေးဘဲ မီးဖိုကြီးများတွင် ဖုတ်ကင်၍ စားသောက်ကြသည်။ အသီးအနှံများ စိုက်ပျိုးခြင်းကိုလည်း နားမလည်ကြသေးချေ။ မှတ်သားဖွယ်ကောင်းသည်မှာ ဂူနေရှေးလူများ၏ အသိဉာဏ်သည် သူတို့၏ ဘိုးဘေးဘီဘင်တို့၏ အသိဉာဏ်ထက် များစွာ အဆင့်အတန်း မြင့်မားလာခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဂူအောင်းလူများသည် မိမိတို့နေထိုင်သော ဂူနံရံများပေါ်တွင် တွေ့ကြုံရသော အကြောင်းအရာများကို အရုပ်များ ရေးဆွဲထားခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုသူများ အရုပ် ရေးဆွဲကြပုံကို တွေးကြည့်လျှင် များစွာစိတ်ဝင်စားဖွယ် ကောင်းလေသည်။ ညနေစောင်းအချိန်တွင် ဂူအောင်းပန်းချီ ဆရာသည် ကျောက်ဖြင့်ပြုလုပ်အပ်သော ကိရိယာတစ်မျိုးဖြင့် အရုပ်များကို ဂူ၏ နံရံပေါ်တွင် ရေးဆွဲနေစဉ် သူ၏အဖေါ်တစ်ဦးသည် အနီးမှနေ၍ အမဲဆီမီးခွက်တစ်ခုဖြင့် အလင်းရောင်ပြပေးရ၏။ ကျောက်သားနံရံပေါ်တွင် ပုံကြမ်းကိုရေးဆွဲပြီးသောအခါ ရွှံ့စေးဖြင့် ပြုလုပ်ထားသော အဝါ၊ အစိမ်း၊ အနီ ဆေးရောင်စုံများဖြင့် ခြယ်လေတော့သည်။ ဤုသို့ဖြင့် ပန်းချီဆေးရေးခြင်း အတတ်သည် ကမ္ဘာတွင် ပထမဦးစွာ ပေါ်ပေါက်လာခဲ့လေသည်။ နှစ်ပရိစ္ဆေဒထောင်ပေါင်းများစွာ ကြာသောအခါ ဂူနေခေတ်ကုန်ဆုံး၍ နောက်ဆုံး ကျောက်ခေတ်သစ်သို့ ရောက်ရှိလာသည်။


လူ၏သမိုင်းကို လေ့လာရာတွင် ကျောက်ဂူများသည် များစွာအထောက်အပံ့ရ၏။ ကမ္ဘာ့သမိုင်းကို စူးစမ်းလေ့လာကြသော ပညာရှိများသည် မြေကြီးကို တူးဖေါ်၍ ကျောက်ဂူများထဲမှ လူရိုးများ၊ တိရစ္ဆာန်ရိုးများနှင့် ကျောက်ကရိယာများကို လေ့လာကာ ရှေးလူများ၏ အကြောင်းကို တွေးတောဆက်စပ်ကြည့်ရပေသည်။ ထိုမှတဆင့် တက်၍ နောက်ထပ်မြေကြီးလွှာတထပ်ကို တူးဖေါ်ရာတွင် မြေလွှာအထပ်အောက်၌ ဂူနေခေတ်ထက် ရှေးကျသော ခေတ်လူများ၏ အရိုးများနှင့် ရှေးဟောင်း ကိရိယာတန်ဆာပလာများကို တွေ့ရပြန်သည်။ ထိုတွေ့ရှိရသော အရာဝတ္ထုများကို အထောက်အထား ပြုကာ ရှေးဦးလူတို့၏ သမိုင်းအတ္ထုပ္ပတ္တိများကို နှောင်းလူများ တို့သည် ကြံစည်တွေးဆယူကြရလေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)