ဂီယားနားနယ်များ

ဝီကီပီးဒီးယား မှ
The Guianas

ဂီယားနား (The Guianas) အမည်ရှိသောနယ်မှာ သာမန်အားဖြင့် တောင်အမေရိကတိုက် အမေဇုံမြစ်၏ မြောက်ဘက်နှင့် အော်ရင်နိုးကိုးမြစ်၏ အရှေ့ဘက်၌ရှိ၍ အကြမ်းအားဖြင့် အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၆၉ဝဝဝဝ ရှိသောနယ် ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ကား တောင်အမေရိကတိုက်တွင် ဗြိတိသျှ၊ ပြင်သစ်နှင့် အတ်ချ်တို့ စုပေါင်းပိုင်ဆိုင်ကြသောနယ်တို့ကို အတိအကျသတ်မှတ်၍ ဂီးယားနားနယ်ဟု ခေါ်သည်။ ထိုဂီယားနားနယ် ၃ နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၇၈၅ဝဝ ရှိသည်။ အဆိုပါနယ် ၃ နယ်မှာ ဗြိတိသျှဂီယားနားဒတ်ချ်ဂီယားနားနှင့် ပြင်သစ်ဂီယားနားတို့ ဖြစ်၏။

ထိုဂီယားနားနယ် ၃ နယ်စလုံး၏ ပကတိအနေအထား အသွင်အပြင်မှာ တစ်မျိုးတည်းဖြစ်၏။ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် နိမ့်သောလွင်ပြင်ဒေသရှိ၍ အတွင်းဘက်တွင် ဂီယားနားကုန်းပြင်မြင့်ရှိသည်။ မြစ်များသည် မြင့်သောတောင်တန်းများမှ သမုဒ္ဒရာထဲသို့စီးဝင်ကြ၏။ ထိုမြစ်တို့သည် များသောအားဖြင့် ရေစီးသန်သဖြင့် လှေများကို ခရီးဝေးအတွက် အသုံးမပြုနိုင်ချေ။

ဂီယားနားနယ် ၃ နယ်လုံး၏ လူဦးရေ စုစုပေါင်းမှာ ၅၅ဝဝဝဝ ဖြစ်၏။ ထိုအနက် နိုင်ငံခြားလူမျိုးပေါင်းစုံသာလျှင် များပြား၍ တိုင်းရင်းသားလူမျိုးများမှာ အနည်းငယ်သာ ပါဝင်သည်။ ဗြိတိသျှဂီယားနားနယ်တွင် တိုင်းရင်းသားဦးရေ ၉ဝဝဝ၊ ဒပ်ချ်ဂီးယားနားနယ်တွင် ပြင်သစ်ဂီယားနားတွင် ၂၅ဝဝ မျှ ဖြစ်၏။ ခရစ် ၁၄၉၈ ခုနှစ်တွင် ကမ္ဘာလှည့်သူ ကိုလံဘတ်သည် ဂီယားနားကမ်းခြေကို အဝေးကလှမ်း၍ မြင်ရုံသာမြင်ခဲ့ရသည်။ ကမ်းပေါ်သို့ မတက်ခဲ့ချေ။ အနောက်တိုင်းသားတို့၏ သုဝဏ္ဏ ဘုမ္မိဟုဆိုရမည်ဖြစ်သော အယ်ဒိုရားဒိုးနိုင်ငံကို စပိန်နှင့်ပေါ်တူဂီ သင်္ဘောသားတို့က ဂီယားနားနယ်၌ ရှာဖွေရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ဗြိတိသျှလူမျိုး ဆာဝေါ်လတာရာလေးလည်း ထို့အတူပင် မအောင်မြင်ခဲ့ပေ။ ၁၇ ရာစုအလယ်ပိုင်းသို့ ရောက်ခါမှ ထိုဒေသများ၌ ကိုလိုနီနိုင်ငံများကို ဥရောပတိုက်သားတို့ စတင်ထူထောင်မိကြလေတော့သည်။

ဗြိတိသျှဂီယားနားနယ်သည် တောင်အမေရိကတိုက်၏ မြောက်ဖက်ပင်လယ်ကမ်းတွင် တည်ရှိသည်။ ထိုနယ်ကို ဗြိတိသျှဘုရင်က 'ကရောင်းကိုလိုနီ'နယ်အဖြစ် အုပ်ချုပ်သည်။ ထိုနယ်မှာ စတုရန်းမိုင် ၈၃ဝဝဝ ကျယ်၏။ ၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၃၇ဝ၂၂ ရှိ၏။ လူမျိုးထဲတွင် အရှေ့အိန္ဒိယလူမျိုးနှင့် ကပ္ပလီများအများဆုံးဖြစ်၍ အင်္ဂလိပ်၊ ပေါ်တူဂီနှင့် တရုတ်အပြင် အခြားလူမျိုးများ သောင်းပြောင်းရှိကြ၏။ ထိုနယ်မှာ ပေ ၂ဝဝဝ အမြင့်မှကျလာသော ကိုင်အက်တူး ရေတံခွန်ကြောင့် ကျော်စော၏။ တွေ့ရှိနိုင်သော ဓာတ်သတ္တုများကား ရွှေ၊ စိန်၊ မန်ဂနိနှင့် ဗောက်ဆိုက်တို့ဖြစ်၍ ထုတ်ကုန်များကား သစ်သကြား၊ ဆန်၊ ရမ်အရက်၊ သကာ၊ ကာဖီနှင့် အုန်းသီးများ ဖြစ်၏။ မြို့တော်မှာ ဂျော့တောင်းဖြစ်သည်။

ဒပ်ချ်ဂီယားနားနယ်ကား ဗြိတိသျှနှင့် ပြင်သစ်ဂီယားနားနယ် ကြားတွင် တည်ရှိသည်။ စတုရန်းမိုင် ၅၅,၁၂၉ ကျယ်၍၊ လူဦးရေမှာ ၁၉၄ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၁၇၇,၂၉ဝ ရှိ၏။ မြို့တော်မှာ ပရမ္မာရီဗိုဖြစ်သည်။ထိုနယ်ကို ဒပ်ချအစိုးရက တိုက်ရိုက်ခန့်အပ်သည့် ဘုရင်ခံ က အုပ်ချုပ်သည်။ ဒပ်ချ်ဂီယားနားနယ်၏ ထွက်ကုန်များမှာ ဗောက်ဆိုက်၊ ရွှေ၊ သကြား၊ ကာဖီ၊ ငှက်ပျောသီးနှင့် သစ်စသည်တို့ ဖြစ်၏။

ပြင်သစ်ဂီယားနားနယ်သည် တောင်အမေရိကတိုက် အရှေ့ မြောက်ထောင့်စွန်း၌ တည်ရှိ၍ စတုရန်းမိုင် ၃၄၇၄ဝ ကျယ် ဝန်း၏။ ၁၉၄၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၅၃၇ ရှိသည့်အနက် ကယင်းမြို့တွင် ၁၁၇၇ဝ၄ ယောက်ရှိလေသည်။ ပြင်သစ်ဂီယားနားနယ် အုပ်ချုပ်ရေးမှာ ဗဟိုအစိုးရက တိုက်ရိုက်ခန့်ထားသော ဘုရင်ခံနှင့် သူ၏အတိုင်ပင်ခံအဖွဲ့၏လက်ထဲတွင်ရှိသည်။

ပြင်သစ်ဂီယားနားနယ်မှထွက်သော ကုန်ပစ္စည်းနှင့် အသီး အနှံများမှာ ကိုကိုး၊ ငှက်ပျောသီး၊ သစ်အမျိုးမျိုး၊ ရွှေ၊ ရမ် အရက်၊ သားရေအစိုအခြောက်၊ ဆန်စပါး၊ပြောင်းဆန်နှင့်ကြံပင် တို့ ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)