ဂလေဒီယေတာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လစ်ဗျားမှ ဂလေဒီယေတာ နံရံကျောက်စီ ပန်းချီကား

ရှေးခေတ် ရောမနိုင်ငံကောင်းစားစဉ်က ယခုခေတ်မျက်စိနှင့် ကြည့်လျှင် လူ့ယဉ်ကျေးမှု များစွာဖီလာဖြစ်သော ဓားရေး၊ လှံရေး ယှဉ်ပြိုင်ကစားခြင်းသည် ထွန်းကားခဲ့သည်။ ထိုကစား ပွဲမှာ လူကိုအသေသတ်၍ အနိုင်ယူရသော ကစားပွဲဖြစ်သည်။ ဘုရင်နှင့်တကွ မှူးကြီးမတ်ရာ သေနာပတိတို့အပြင် ရောမသူ အပျိုစင်များသည် ထိုဓားရေး၊ လှံရေးပွဲကို အပျင်းဖြေသဘော ဖြင့် ကြည့်ရှုလေ့ရှိသည်။ ယင်းပွဲတော်၌ ပါဝင်ဆင်နွှဲသူများကို ဂလက်ဒီယေးတားဟု ခေါ်သည်။ သူတို့မှာ များသောအားဖြင့် ငွေဝယ်ကျွန်များ၊ ရာဇဝတ်ကောင်များ၊ စစ်သုံ့ပန်းများဖြစ်သည်။ တစ်ခါတစ်ရံ အတိုက်အခိုက် ဝါသနာထုံသူ အမျိုးကောင်းသား များနှင့် စီးပွားပျက်သူတို့လည်း ပါဝင်ဆင်နွှဲတတ်လေသည်။

ယင်းသို့သော ဓားရေး၊ လှံရေးကစားရသည့်ပွဲများ ကျင်းပ သောအလေ့ကို ရောမလူမျိုးများသည် ဘီစီ ၂၆၄ ခုနှစ်က စ၍ အီထရပ်စကန်လူမျိုးများထံမှတစ်ဆင့် ဆက်ခံရရှိခဲ့ကြသည်။ ထိုပွဲတော်မျိုး အလွန်ခေတ်စားခဲ့စဉ်က ရောမနိုင်ငံ အာဏာ ရှင်ဖြစ်သူ ဆီဖာဘုရင်သည် ထိုဓားရေး၊ လှံရေးကစားသော လူသတ်သမားအတွဲပေါင်း ၃ဝဝ ကျော် ပါဝင်တိုက်ခိုက်သည့် ပွဲတော်ကြီးတစ်ခုကို ကျင်းပခဲ့ဖူးလေသည်။ ရောမဧကရာဇ် ဘုရင် တိုင်းတပ် လက်ထက်တွင်လည်း လူပေါင်း ၁ဝဝဝဝ ခန့်နှင့် တိရစ္ဆာန်ရိုင်း အမျိုးစုံပါဝင်၍ ရက်ပေါင်း ၁ဝဝ တိတိ ကြာရှည်သော လူသတ်ကစားပွဲသဘင်ကြီးတစ်ခုကို ကျင်းပခဲ့ ဖူးသည်။ နောက်ခေတ်များတွင်လည်း ထိုပွဲတော်များမှာ ပိုမို ခေတ်စားလာကာ ဗြိတိန်မှ အာရှမိုင်းနားအထိ ထိုဓလေ့မှာ ပျံ့နှံ့လာသည်။ ရှေးခေတ် ရောမနိုင်ငံတွင်ကား လူသတ်ကစားပွဲဲ များတွင် ပါဝင်ဆင်နွှဲနိုင်ရန် ဓားရေး၊ လှံရေး၊ တိုက်ခိုက်ရေး အတတ်သင်ကျောင်းများပင် ဖွင့်လှစ်ထားလေသည်။

ထိုဓားရေး၊ လှံရေး တိုက်ပွဲများမှာ လွန်စွာကြောက်မယ်ဖွယ် ရာကောင်းပေသည်။ တိုက်ပွဲဲဝင် ကွင်းအလယ်တွင် တိုက်ပွဲဝင် သူ ၂ ယောက်သည် သူသေကိုယ်သေ တိုက်ခိုက်နေစဉ် ဘုရင် နှင့်တကွ လူထုပရိသတ်က စင်မြင့်ပေါ်မှ စိတ်ဝင်စားစွာ ရှုစား ကြသည်။ အကယ်၍ လူသတ်သမားတစ်ယောက်သည် အရေး နိမ့်ကာ မြေပေါ်သို့ လဲကျသွားပါက အနိုင်ရသူသည် ပွဲကြည့် ပရိသတ်အား ထိုသူ၏ကြမ္မာကိုု ဆုံးဖြတ်ခိုင်းသောသဘောဖြင့် အပေါ်သို့မော့၍ကြည့်သည်။ အကယ်၍ ပရိသတ်က လက်ကို မြေ|ာက်၍ လက်မကို အောက်သို့စိုက်လိုက်လျှင် သေစေဟု အဓိပ္ပာယ်ရ၍ အရေးနိမ့်သူမှာ မရှုမလှ အသတ်ခံရလေသည်။

ယင်းသို့ လူစိတ်ကင်းမဲ့သည့် တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲကြ သူများသည် တိရစ္ဆာန်ရိုင်းများနှင့် တိုက်ခိုက်ရသည်လည်း ရှိ၏။ အချို့မှာ ခက်ရင်းခွနှင့် ပိုက်ကွန်ကိုစွဲကိုင်၍ ရန်သူအား ပိုက်ကွန်ဖြင့် မိအောင်ဖမ်း၍ ကစားရသည်။ အချို့မှာလည်း သံခမောက်ဆောင်း၍ ငါးပုံသဏ္ဌာန်ဝတ်ဆင်ကာ ဓားနှင့် တိုက်ခိုက်ရ၏။ မြင်းစီး၍ တိုက်ခိုက်သောသူများလည်း ရှိ သေးသည်။ ထိုကြမ်းကြုတ်သောတိုက်ပွဲများသည် အေဒီ ၄ဝ၄ ခုနှစ်ကျမှသာ ပပျောက်သွားလေသည်။ ထိုနှစ်အတွင်း တစ်ခု သော လူသတ်ကစားပွဲတွင် တယ်လင်းမကပ်အမည်ရှိသော အာရှဘုန်းတော်ကြီးတစ်ပါးသည် ထိုကစားပွဲကို ကြည့်ရှုရာတွင် အရေးနိမ့်သော လူသတ်သမားအား သတ်အံ့ဆဲဆဲတွင် ကွင်းထဲ သို့ ရုတ်တရက်ပြေးဝင်သွားပြီးလျှင် ဘုရားသခင်၏ အလိုတော် အရ ထိုသူ၏အသက်ကို ချမ်းသာပေးရန် နိုင်သူအား တားမြစ် ၍ တောင်းပန်လေသည်။ ထိုစဉ် လူစိတ်ကင်းနေသော ပွဲကြည့် ပရိသတ်များကလည်း မိမိတို့အာရုံကို ဖျက်ဆီးသောဘုန်းကြီး အား ဒေါသထွက်၍ ကျောက်ခဲများဖြင့် ပစ်ခတ်ကြလေရာ၊ ဘုန်းတော်ကြီးမှာ ထိုနေရာ၌ပင် လွန်လေသည်။ သို့ရာတွင် အာရှမိုင်းနား ဘုန်းတော်ကြီး၏ စွန့်စားမှုမှာ အချည်းနှီး မဖြစ်ပေ။ လူသတ်ကစားပွဲကို ရှုစားနေသော ရောမဧရာဇ်ဘုရင် ဟိုနိုးရိယပ်သည် သံဝေဂ ရ၍ ထိုကဲ့သို့သော လူသတ်ကစားပွဲ များကို ထိုနေ့မှစ၍ ပိတ်ပင်တားမြစ်လိုက်သတည်း။


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)