ဂလိုက်ဒါလေယာဉ်

ဝီကီပီးဒီးယား မှ
တစ်ယောက်စီး ဂလိုက်ဒါ

ဂလိုက်ဒါခေါ် လေယာဉ်လျှောသည် စက်မပါဘဲ ပျံသန်းနိုင် သော လေယာဉ်တစ်မျိုးဖြစ်သည်။ ဂလိုက်ဒါကို တောင်ဆင်ခြေ လျှောမှ အရှိန်ဖြင့် လျှောချလိုက်သောအခါ၌ဖြစ်စေ လေယာဉ်ပျံ သို့မဟုတ် မော်တောာ်ကားဖြင့် ဆွဲ၍ ပြေးသောအခါ၌ဖြစ်စေ လေဟုန်စီးကာ လေယာဉ်ပျံကဲ့သို့ ပျံသန်းနိုင်သည်။ ဂလိုက်ဒါ သည် အလွန်ပေါ့သောကြောင့် အထက်သို့ တိုက်ခတ်နေသော လေစီးကြောင်းထဲတွင် အတော်မြင့်မြင့် ပျံတက်နိုင်ပြီးလျှင် ခရီး အတော်ဝေးဝေးသို့လည်း ပျံသန်းသွားနိုင်သည်။ သို့သော် စက်ပါသော လေယာဉ်ပျံတို့လောက်ကား ကြာမြင့်ဝေးလံစွာ မပျံသန်းနိုင်ချေ။

ဂလိုက်ဒါတွင် စက်မပါသည်မှအပ လေယာဉ်ပျံမှာကဲ့သို့ပင် အမြီး၊ တောင်ပံနှင့် ကိုယ်ထည်များပါရှိသည်။ အတောင်နှင့် အမြီးတွင်လည်း လေယာဉ်ပျံမှာကဲ့သို့ပင် ထက်အောက်ဘယ်ညာ သို့ တက်ဆင်းလှည့်ပတ်နိုင်အောင် ပဲ့များအသီးသီး တပ်ဆင် ထားလေသည်။ လူတို့သည် ဂလိုက်ဒါကို လေယာဉ်ပျံမပေါ်မီ အချိန်က အမျိုးမျိုး ကြိုးစားကြံစည်ခဲ့ကြလေသည်။ သို့သော် ခရစ် ၁၈၉၁ ခုနှစ်တွင်မှ ဂလိုက်ဒါကို အောတိုးလီလီယင်သဲ နှင့် ဂစ်စတပ် အမည်ရရှိသော ညီနောင်၂ ဦးတို့က ပထမဆုံး အောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည်။ လေယာဉ်ပျံကို ရှေးဦးစွာ ကြံစည်ခဲ့ကြသော ရိုက်ညီနောင်တို့ပင်လျှင် ဂလိုက်ဒါများဖြင့် စမ်းသပ်လေ့လာခဲ့ကြရလေသည်။

ဂလိုက်ဒါတွင် အလွတ်ပျံသန်းနိုင်သော အမျိုးနှင့် လေယာဉ်ပျံကကြိုးဖြင့် ဆွဲဆောင်ရသော အမျိုးဟူ၍ ၂ မျိုး ရှိသည်။ ပထမအမျိုးတွင် တစ်ဖန် အပျော်စီး ဂလိုက်ဒါနှင့် လေယာဉ်ပျံ အမောင်းသင်ဂလိုက်ဒါ ဟူ၍ ၂ စားရှိပြန်သည်။ အခြားတစ်မျိုးမှာ ဝန်တင်ဂလိုက်ဒါမျိုး ဖြစ်၍ သာမန် ဂလိုက်ဒါတို့ထက် ကြီးမားကြသည်။ အချို့မှာ လူ ၃ဝ ခန့် အထိ တင်ဆောင်နိုင်အောင်ပင် ကြီးမားကြသည်။ ဤဝန်တင် ဂလိုက်ဒါမျိုးကို စီးပွားရေးဖက်၌ ကုန်ပစ္စည်းတင်ရန်အသုံးပြု၍ စစ်ပွဲများ၌ စစ်သား၊ စစ်လက်နက်နှင့် စစ်ရိက္ခာများ သယ်ယူ ပို့ဆောင်ရန် အသုံးပြုကြသည်။ ဗိုလ်ချုပ်မှူး ဝင်းဂိတ်သည် ပြီးခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံရှိ ဂျပန်တပ် များကို ပြန်လည်ထိုးစစ်ဆင်ခဲ့စဉ်က ဤဂလိုက်ဒါမျိုးကို ထိရောက်စွာ အသုံးပြုခဲ့လေသည်။

အဂ‡လန်၊ ဂျာမနီ၊ အမေရိကန်၊ ရုရှားစသော နိုင်ငံကြီးတို့၌ ဂလိုက်ဒါများ အလွန်ခေတ်စားခဲ့သည်။ အထူးသဖြင့် ဂျာမနီ နိုင်ငံ၌ ပထမကမ္ဘာစစ်ပြီးခေတ်တွင် ထူးထူးခြားခြား ခေတ်စား ခဲ့၍ ဂလိုက်ဒါစီး သူရဲကောင်းများ ပေါ်ပေါက်ခဲ့ကြသည်။ ထို့နာက်တွင် ဂလိုက်ဒါသည် ရုရှားနိုင်ငံ၌လည်း သိသိသာသာ ခေတ်စားလာခဲ့ပေသည်။

ဂလိုက်ဒါနှင့် အဝေးဆုံး ပျံသန်းခဲ့သော ကမ္ဘာစံချိန်မှာ မိုင်ပေါင်း ၄၆၅၅၃၂ ဖြစ်သည်။ ထိုခရီးကို အောက်လဂါက လက်ပီကိုဗာဆိုသူ ရုရှားအမျိုးသမီးလေသူရဲက ၁၉၃၉ ခုနှစ် တွင် ပျံသန်းခဲ့သည်။ အမြင့်ဆုံးပျံသန်းခဲ့သော ကမ္ဘာ့စံချိန်မှာ စတင်ပျံသန်းရာမှ ပေပေါင်း ၂၆၄၁ဝ မြင့်သည်။ ထိုအမြင့်ကို ပါအိပ်ဆဲပါဆန်ဆိုသူ ဆွီဒင်အမျိုးသားတစ်ဦးက ၁၉၄၇ ခုနှစ် တွင် ပျံသန်းခဲ့သည်။ လေထဲ၌ အကြာဆုံးနေခဲ့သော ကမ္ဘာ့ စံချိန်မှာ ၃၆ နာရီ ၃၅ မိနစ်ဖြစ်သည်။ ထိုစံချိန်ကို ကွတ်ရှမစ် ဆိုသူ ဂျာမန်အမျိုးသားတစ်ဦးက တွင်ခဲ့လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)