ဂလပ်စနော့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂလပ်စနော့ (Glasnov)[ပြင်​ဆင်​ရန်​]

ပြုပြင်ပြောင်းလဲရေးကို လိုလားသော မစ္စတာမီခါယီး ဂေါ်ဘာချော့ ဆိုဗီယက် ကွန်မြူ နစ်ပါတီ ခေါင်းဆောင်ဖြစ်လာသည့် ၁၉၈၅ ခုနှစ်မှစ၍ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး မူဝါဒတွင် အရှိန်အဟုန်မြင့်မားသော အောက်ခြေသိမ်း ပြောင်းလဲမှုများကို လည်းကောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသော ပြောင်းလဲမှုများကိုလည်းကောင်း၊ သတင်းပြန်ကြားရေးနှင့် နှီးနှော ဖလှယ်ရေးဆိုင်ရာ လွတ်လပ်ခွင့် ပိုမိုတိုးတက်ရရှိစေမည့် အလားအလာတို့ကို လည်းကောင်း ဆိုဗီယက်ပြည်ထောင်စုတွင် တွေ့မြင်လာရသည်။ စုံစမ်းထောက်လှမ်းဖော်ထုတ် တင်ပြသည့် စာနယ်ဇင်းလုပ်ငန်းမျိုးသည်ပင် တရားဝင် လူထုဆက်သွယ်ရေးနယ်ပယ်၌ ပေါ်ထွန်းလာသည်။ ပိတ်ပင်ခံထားရသော စာအုပ်များနှင့် ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေဖြန့်ချိခွင့်ရရှိလာသည်။ လူမှုပြဿနာများ၊ အစိုးရအာဏာပိုင်များ၏ ဖောက်ပြန်မှုများနှင့် ဆိုဗီယက် သမိုင်းဆိုင်ရာ အငြင်းပွားဖွယ် အချက်အလက်များ စသည်တို့ကို ယခင်က မတင်ပြစကောင်းသော အကြောင်းရပ်များအဖြစ် မှတ်ယူထားခဲ့ရာမှ ယခုအခါ ယင်းအကြာင်းရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပြီး ဖြစ်သည်။ ထို့ပင် အများပြည်သူတို့၏ဆွေးနွေးတင်ပြပိုင်ခွင့် နယ်ပယ်ကို တိုးချဲ့ပေးသည်။ အစိုးရကို အတိုက်အခံပြုသူတို့နှင့် စပ်လျဉ်း၍ သိသိသာသာပျော့ပျောင်းသော သဘောထားမျိုးထားရှိလာသည်ကို တွေ့ရသည်။ ယင်းလမ်းကြောင်းကို ရုရှားဝေါဟာရ ဂလပ်စနော့ ဟူသော အခေါ်အဝေါ်ဖြင့် နိုင်ငံတကာတွင် လူသိများလာသည်။ များသောအားဖြင့် ဂလပ်စနော့ကို ပွင့်လင်းမှုဟု ဘာသာပြန်ဆိုသည်။


ဂလပ်စနော့အတွက် အဓိက တွန်းအားပေးသော အကြောင်းတရားကား စီးပွားရေးမအောင်မြင်မှုများ၊ ဗျူရိုကရေစီစနစ်၏ ချွတ်ယွင်းမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် လူမှုရေးမတရားမှုများကို ဖော်ထုတ်ရန်ပယ်ရက် စထရွိုင်ကာ (ပြန်လည်တည်ဆောက်ရေး) မူဝါဒတစ်စိတ်တစ်ပိုင်းအရ လိုအပ်နေခြင်းပင်ဖြစ်သည်။ ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၈၅ ခုနှစ် မတ်လတွင် မစ္စတာဂေါ်ဘာချော့ရွေးချယ် တင်မြှောက်ခံရပြီး မရှေးမနှောင်းမှာပင် ပယ်ရက်စထရွိုင်ကာကို စတင်ချမှတ် အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ ချွတ်ယွင်းချက်များကို ဖော်ထုတ်ရန် စည်းဝါးကိုက်၍ ဇာတ်တိုက်ထားသော လူထုဆက်သွယ်ရေး လှုပ်ရှားမှုတို့ကို အတိတ်ကာလက အသုံးပြုဖူးသည်မှန်းသော်လည်း ဂလပ်စနော့အရ ဟန်သစ်ဖြင့်မိမိကိုယ် ကို ဝေဖန်ရေးပြုလုပ်သော အတိုင်းအတာသည်လည်းကောင်း၊ လူထုဆက်သွယ်ရေးနယ်ပယ်တို့ကိုအပ်နှင်းလာသည့် ရှေ့ဆောင်တင်ပြနိုင်ခွင့် အတိုင်းအတာသည်လည်းကောင်း မကြုံစဖူးထူးကဲ လှပေသည်။ အရည်အချင်းညံ့ဖျင်းမှုနှင့် မတရားမှုတို့ကို အရေးယူခြင်းနှင့် သာမန်ပြည်သူတို့အား ထင်ရာစိုင်း၍ အပြစ်ဒဏ်မပေးနိုင်အောင်ကာ ကွယ်စောင့်ရှောက်ပေးခြင်းတို့ကို အထင်အရှား တွေ့မြင်ရသည်နှင့်အမျှ ဂလပ်စနော့၏ ရည်ရွယ်ချက်သည် အများပြည်သူ၏ ယုံကြည်ကိုးစာသူ ပိုမိုရရှိရန်နှင့် တစ်ဦးချင်းတီထွင် ဖန်တီးမှုကို မြှင့်တင်အားပေးနိုင်ရန် ဖြစ်သည်ဟုဆိုနိုင်ပေ သည်။

ဆိုဗီယက် ပြည်ထောင်စု မြောက်ပိုင်းရှိ မြစ်များ မြောက်ဘက်သို့ စီးဆင်းနေရာမှ တောင်ဘက်သို့ စီးဆင်းအောင် ပြောင်းလဲရေး စီမံကိန်းတစ်ရပ်ကို ၁၉၈၅ ခုနှစ်က ချမှတ်သောအခါ ဆိုဗီယက် စာရေးဆရာ တစ်စုသည် စတင်ဦးဆောင်၍ ကန့်ကွက်ခဲ့ကြသည်။ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မည်သို့ဩဇာ သတ်ရောက်မည်ကို ရေရေရာရာမသိပါဘဲ မိုက်မဲစွာ ချမှတ်သော စီမံကိန်းအဖြစ် တိုက်ခိုက်ခဲ့ကြသည်။

ဒေသစွဲ စိတ်ဓာတ်ဖြင့် ဝေဖန်သည်ဟုဆိုကာ အခြားအဖွဲ့အစည်း ၁၈၅ ဖွဲ့က ဆန့်ကျင်သဖြင့် ယင်းစာရေး ဆရာတို့၏ ဝေဖန်ရေးမှာ အရေးနိမ့်မည့်အခြေသို့ ဆိုက်ခဲ့သည်။ ထိုအခါ လူထုဆက် သွယ်ရေး နယ်ပယ်များ မှတစ်ဆင့် ယင်းကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်။ တစ်စတစ်စနှင့် အင်အားချိန်ခွင်လျှာ ပြောင်းလဲ့သွားခဲ့သည်။ ဆိုဗီယက်ပြည်သူအများစုက ယင်းစီမံ ကိန်းကို ကန့်ကွက်လာတော့သည်။ အစိုးရအဖွဲ့သည် ၁၉၈၆-ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်အတွင်း အကောင်အထည်ဖော်ရမည့် ယင်းစီမံကိန်းကို ရပ်ဆိုင်လိုက်ရန်၁၉၈၆ ခုနှစ် ဩဂုတ်လတွင် ဆုံးဖြတ်ခဲ့သည်။ ယင်းဖြစ်ရပ်သည် ဂလပ်စနော့၏ ဗွေဆော်ဦး အကျိုးကျေးဇူးတစ်ရပ် အဖြစ် ဆိုစမှတ်ပြုကြသည်။ ပြည်သူ့ဆန္ဒ၏ ပထမဦးဆုံးသော အဓိကအောင်ပွဲပင်ဖြစ်သည်။

ဆိုဗီယက် သတင်းစာ ဝယ်ယူဖတ်ရှုသူ အရေအတွက်သည် ၁၉၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် သန်း ၂ဝ နီးပါးတိုးပွားလာသည်။ လူထုဆက်သွယ်ရေးနယ်ပယ်တွင် ယခင်က မဖော်ပြ စကောင်းဟုသတ်မှတ်ထားသော အကြောင်းရပ်များကို တိုးချဲ့ဖော်ပြလာ၍ ပြည်သူတို့ စိတ်ဝင်စားမှုမြင့်မား လာခြင်းဖြစ်ပေသည်။

မျက်မှောက်ကာလတွင် ကြုံနေရသောပြဿနာများကို ဖော်ထုတ်ဆွေးနွေးရာတွင် ကွယ်လွန်သူသမ္မတ ဗရက်ဇညက်၏ လက်ထက် (၁၉၆၄-၈၂ ခုနှစ်) ကာလအတွင်းက ခေါင်းဆောင်ပိုင်းကို တရားဝင်ပြစ်တင် ဝေဖန်လာသည်ကိုတွေ့ရသည်။ ထို့ပြင် ဆိုဗီယက်သမိုင်းဆိုင်ရာ အငြင်းပွားဖွယ် အချက်အလက်များကို ပိုမို၍ ဝေဖန် ဆန်းစစ် စူးစမ်းလာသည်ကို ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်ပိုင်း၏ ကြေညာချက်များတွင်အထင်အရှား တွေ့လာရသည်။ လီနင်၏ နိုင်ငံရေးကျမ်းရိုးနှင့်တကွ ၁၉၂ဝ ပြည့်လွန်နှစ်များအတွင်း လီနင်၏ သမဝါယမ စီမံကိန်းနှင့် စီးပွားရေး မူဝါဒသစ် အကောင်အထည်ဖော်မှုအပိုင်းတို့ကို လည်းကောင်း၊ စတာလင် အာဏာစွဲကိုင် လာခြင်းနှင့် အမိန့်ပေးစနစ်ဖြင့် စီမံခန့်ခွဲသည့် ယန္တရားကို တည်ဆောက်လာခြင်းတို့ကိုလည်း ကောင်း၊ ခရူးရှက်၏စီးပွားရေး လူမှုရေးပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကိုလည်းကောင်း၊ ဗရက်ဇညက်လက်ထက်တိုးတက်မှုမရှိဘဲ တုံ့ဆိုင်းနေခဲ့ခြင်းကိုလည်းကောင်း ဝေဖန်ဆန်းစစ်လာသည်။

မစ္စတာ ဂေါ်ဘာချော့ ကိုယ်တိုင် ၁၉၈၇ ခုနှစ် နိုဝင်ဘာလဆန်းက အောက်တိုဘာတော်လှန်ရေး နှစ် ၇ဝ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ဆိုဗီယက် သမိုင်းကို ပြန်လည်ဆန်းစစ်ဝေဖန် သော မိန့်ခွန်းကို ပြောကြားခဲ့ပေသည်။

ကွန်မြူနစ်ပါတီအာဘော်သတင်းစာ ပရောဗဒါကလည်း ထိပ်တန်းပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်သည့်စနစ်ကို ပြုပြင်ရန် ၁၉၈၈ ခုနှစ် ဧပြီလ တွင် တိုက်တွန်းရေးသားခဲသည်။ ဗရက်ဇညက်သည် ဒုတိယကမ္ဘာစစ်အတွင်းက တပ်မတော်၌ ပူးတွဲခန့်ထားသော နိုင်ငံရေး တာဝန်ခံသာ ဖြစ်ခဲ့ပြီး စစ်မတိုက်ခဲ့ရပါဘဲလျက် ရဲစွမ်းသတ္တိ ဆိုင်ရာ သူရဲကောင်းမှတ်တမ်းဝင် ရွှေတံဆိပ်လေးခုကို မိမိကိုယ် မိမိအပ်နှင်းခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်တွင် အာဏာရလာသောအခါ လူသိမများလှသော ပင်လယ်နက်ကမ်းခြေ တစ်နေရာက တိုက်ပွဲနှင့် ဆက်စပ်၍ မိမိကိုယ်ကို သိဒ္ဓိတင်ခဲ့ကြောင်းဖြင့် ဝေဖန်ရေးသားခဲ့သည်။ စတာလင်ဂရက် တိုက်ပွဲကဲ့သို့သော တိုက်ပွဲကြီးများ၌ ဦးဆောင်ခဲ့သည့် တပ်မှူးကြီးများနျင့်သာ ထိုက်တန်သည့် အောင်စစ်သည် ဂုဏ်ထူးဆောင် ဘွဲ့ကဲ့သို့သော စစ်ရေးဆိုင်ရာ အမြင့်ဆုံးဆုကို ဗရက်ဇညက်ရယူ ခဲ့ခြင်းအတွက် ရှုတ်ချရေးသားသည်။ တစ်ချိန်ကထိပ် တန်းအစိုးရ အရာရှိကြီးဖြစ်ခဲ့ပြီး ၁၉၈၈-ခုနှစ်တွင် ကိုယ်ကျိုးရှာမှု၊ လာဘ်စားမှုတို့ဖြင့် တရားစွဲဆိုခံနေရသော ဗရက်ဇညက်၏ သားမက်ဖြစ်သူ ချာဘာနော့ကိုလည်း တိုက်ခိုက်ရေးသားသည်။ စစ်အတွင်းက ကလေးသူငယ်မျှသာရှိသေးသော ချာဘာနော့အား စစ်ပြီး နောက် နှစ်ပေါင်း ၃ဝ ကြာတွင် ကြယ်နီဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ကြောင်း၊ အာဖဂနိစတန်သို့ ခရီးထွက် ခဲ့ဖူးသော်လည်း စစ်မှုမထမ်းခဲ့ပါဘဲလျက် အောင်လံနီဂုဏ်ထူး ဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်းဖြင့် ပရောဗဒါ သတင်းစာက ထောက်ပြခဲ့သည်။

နိုင်ငံတော်ပိုင်းက တာဝန်ယူရသော အရေးကြီးသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတစ်ဝန်းဆွေး နွေးအကြံပြုမှုဆိုင်ရာ ဥပဒေကို ဆိုဗီယက် ဦးစီးလွှတ်တော်ချုပ်က ၁၉၈၇-ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေသစ်တစ်ရပ်ပေါ် အဆိုပြုချက်များနှင့် ဝေဖန်ဆန်းစစ်ချက်များကို ဆိုဗီယက်နိုင်ငံသား များ တစ်ဦးချင်း ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ဥပဒေမူကြမ်းအဖြစ် ထုတ်ဝေချိန်မှ သက်ဆိုင်ရာ ဒေသအဆင့်၊ သမ္မတနိုင်ငံအဆင့်သို့မဟုတ် ပြည်ထောင်စုအဆင့် ဥပဒေပြု အဖွဲ့အစည်းတစ်ရပ်သို့ တင်သွင်းချိန်အထိကာလ အပိုင်းအခြားအတွင်း လွတ်လပ်ပွင့်လင်းစွာ တင်ပြနိုင်မည့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းထားသည့်ဥပဒေ ဖြစ်သည်။

၁၉၈၇ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ဂလပ်စနော့ မူဝါဒထွန်းကားစေရန် စာနယ်ဇင်းထုတ်ဝေဖြန့်ချိ မှုဆိုင်ရာဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းရန် ပြင်ဆင်နေပြီဟူသော သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ယခင် ကပိတ်ပင်ထားခဲ့သော စာအုပ်များကို ပြန်လည်စိစစ်၍ ထုတ်ဝေခွင့်ပြုခဲ့ရာ စာအုပ် ၆ဝဝဝ ခန့်ရှိသည့်အနက် ၁၉၈၇ခုနှစ် တစ်နှစ်တည်းတွင် ၄ယ၃ဝ၃ အုပ် ထုတ်ဝေခွင့် ပြုခဲ့သည်။ ယင်းခွင့်ပြု စာအုပ်များထဲတွင် ကီရင်စကီး၊ မီလျူကော့နှင့် ကော့ဆက်တပ်မှူး ကရက်စနော့တို့၏ဘဝအတွေ့အကြုံ မှတ်တမ်း စာအုပ်များလည်း ပါဝင်သည်။

ဆာဗင်ကော့နှင့် ဗိုလ်ချုပ်ကြီး ဒင်နီကင်တို့၏ စာအုပ်များလည်းပါဝင်သည်။ လူနာချာစကီး၊ ဘူခါရင်နှင့် ရိုင်ကော့တို့၏ စာပေလက်ရာများလည်း ပါဝင်သည်။ ယင်းစာရေးဆရာတို့သည် ၁၉၂ဝ ပြည့် လွန်နှစ်များနှင့် ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်းက သိက္ခာချခံရသူများ၊ ပါတီမှ ထုတ်ပယ်ခံရသူများ ဖြစ်ကြသည်။

ဘူခါရင်သည် ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်း စတာလင်နှင့် သဘောထားကွဲလွဲသော အဓိကအတိုက် အခံတစ်ဦးဖြစ်သည်။ ဘူခါရင်နှင့်ရိုင်ကော့တို့သည် ၁၉၃၈ ခုနှစ်တွင် ဟန်ပြတရားခွင် ၌ စီရင်ခံရပြီးပစ်သတ် ခံခဲ့ကြရသည်။ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်၍ သိက္ခာတင်ခံကြရသည်။ ဗြိတိသျှစာရေးဆရာ ဂျော့အော်ဝဲလ် (၁၉ဝ၃-၅ဝ) ရေးသားသော ဗညငောူ ွှမော ဝတ္ထုကို ၁၉၈၈ ခုနှစ် မတ်လမှ ဇွန်လအထိ ဆိုဗီယက်စာပေမဂ္ဂဇင်း တစ်စောင်၌ အခန်းဆက်ဖော်ပြခွင့်ရသည်။ (အကြွင်းမဲ့ အာဏာရှင် စနစ်ကိုသရော်သော ယင်းဝတ္ထုကို ဆရာကြီး သခင်ဘသောင်းက ခြေလေးချောင်းတော်လှန်ရေး ဟူသောအမည်ဖြင့် ၁၉၅၁ ခုနှစ်တွင် မြန်မာပြန်ဆိုထုတ်ဝေခဲ့ဖူးသည်။) စာပေမဂ္ဂဇင်း အစောင်စောင်တွင် ပလက်တိုနော့၊ နာဘိုကော့၊ ဂရော့စမင်းနှင့် ပါစတာညက်တို့ကဲ့သို့သော တစ်ချိန်က အဖိနှိပ်ခံ စာရေးဆရာတို့၏ စာပေလက်ရာများကို ဖတ်ရှုနိုင်ကြပြီး ဖြစ်သည်။ အစိုးရနှင့် သဘောထားကွဲလွဲသူများအနက် အထင်ရှားဆုံး ပုဂ္ဂိုလ်များဖြစ်ကြသည့် နိုဗဲဆုရ ရူပဗေဒပညာရှင် ဆခါးရော့နှင့် သမိုင်းပညာရှင် ရွိုင်မက်ဗီဒေ့တို့ နှင့် တွေ့ဆုံဆွေးနွေးခန်းများ ကိုပင်လျှင် ဆိုဗီယက်သတင်းစာများ၌ ဖတ်ရှုနိုင်ကြပြီးဖြစ်သည်။

ဂလပ်စနော့ မူဝါဒကြောင့် ပြည်ပဘဝဝန်းကျင်၏ အကြောင်းကိုလည်း ပြည်သူအများစု လေ့လာခွင့် ရရှိပြီဖြစ်သည်။ ဆိုဗီယက် သတင်းစာဆရာတို့သည် အနောက်တိုင်းနိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး၍ သတင်းစာနှင့်ရေဒီယို ရုပ်မြင်သံကြားတို့တွင် တင်ဆက်ပေးနေပြီဖြစ်သည်။ အဇ္ဇဗက်ရှားသတင်း စာအပါအဝင် ဆိုဗီယက် သတင်းစာများတွင် အနောက်ဥပရောပနှင့် အမေရိကန်တို့မှ သတင်းစာဆရာတို့၏ ရေးသားချက်များကို ဖော်ပြနေပြီဖြစ်သည်။ ပြည်ပအသံလွှင့်ဌာနတို့မှအသံလွှင့်ချက်များကို ဖြတ်တောက် ဖျက်ဆီးခြင်း မပြုတော့ချေ။ ဂလပ်စနော့သည် အရှိန်ရနေပြီဖြစ်သည်။ ပယ်ရက်စထရွိုင်ကာ လုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် အထောက်ကူပြုမည်ဟု ဆိုဗီယက်ပြည်သူ အများစုက ယုံကြည်လျက် ရှိကြပေသည်။


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)