ဂစ္စကတ်-ဒက်စတိုင်း ဗလာရီ

ဝီကီပီးဒီးယား မှ
ဂစ္စကတ် ဒက်စတိုင်း ဗလာရီ ကို ၁၉၇၈ တွင် တွေ့ရပုံ

ပြင်သစ်သမ္မတများအနက် အသက်အငယ်ဆုံး တစ်ဦးဖြစ်ခဲ့သည်။ အနောက်ဂျာမနီနိုင်ငံ ကိုဗလင်မြို့၌ ၁၉၂၆ ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် အစိုးရအရာရှိ တစ်ဦး ဖြစ်သည်။

ဒုတိယက မ္ဘာစစ်ကြီးအတွင်း အထက်တန်းကျောင်းသား ဘဝက ပြင်သစ်နိုင်ငံအား ဖက်ဆစ်ဂျာမန်တို့ စိုးမိုးမှုမှ လွတ် မြောက်ရန် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ပြင်သစ် တပ်မတော် ပြန်ဖွဲ့ပြီးသောအခါ တပ်မတော်ထဲဝင်၍ ဗာဂန်ဒီနှင့် အယ်လဆေး တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။

ထို့နောက် တပ်မှ ထွက်သောအခါ စက်မှုလက်မှု ကျောင်းနှင့် အမျိုးသားအုပ်ချုပ်ရေး ပညာကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားသည်။ ယင်းကျောင်းတို့မှ အောင်မြင်ပြီးသောအခါ ပြင်သစ်နိုင်ငံ အစိုးရ၏ ဘဏ္ဍာရေး ဌာနတွင် ဝင်ရောက် အမှုထမ်းသည်။ ၁၉၅၄ ခုနှစ်တွင် အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးဝန် ဖြစ်လာသည်။

၁၉၅၆-၅၈ ခုနှစ် ပါလီမန် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင် အရွေးခံ၍ အမတ်ဖြစ်လာသည်။ သမ္မတ ဒီဂိုးလက်ထက် ၁၉၅၉ ခုနှစ်တွင် လက်ထောက် ဘဏ္ဍာရေးဝန်ကြီးအဖြစ်၎င်း တာဝန် ထမ်းဆောင်ရလေသည်။

ဂစ္စကတ်-ဒင်စတိုင်းသည် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈ ခုနှစ်များတွင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြင်သစ် အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ရလေသည်။ ၁၉၆၆ ခုနှစ်တွင် သမ္မတဒီဂိုးက အစိုးရသစ် ပြန်၍ ဖွဲစည်းသောအခါ ဂစ္စကတ်သည် ရာထူးမှ နုတ်ထွက်လိုက် သည်။ ထိုနှစ် ဇွန်လတွင် လွတ်လပ်သော အမျိုးသား ရီပတ်ဗလစ်ကန် ပါတီကို တည်ထောင်သည်။

၁၉၆၉ ခုနှစ်တွင် သမ္မတဒီဂိုး ပြည်သူ့ဆန္ဒ ခံယူပွဲ၌ အရေးနိမ့်၍ သမ္မတရာထူးမှ နုတ်ထွက်လိုက်သည်။ သို့ဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာ ၁၉၆၂-၆၈ ခုအထိ ဒီဂိုး၏ ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ပွန်ပီဒိုသည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ သမ္မတပွန်ပီဒို၏ လက်ထက်တွင်လည်း ဂစ္စကတ်သည် စီပွားရေးရာနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ သမ္မတကြီး ပွန်ပီဒိုသည် သက်တမ်းမစေ့မီ ၁၉၇၄ ခု ဧပြီလ ၂ ရက်နေ့ တွင် ကွယ်လွန်သွားသည်။ ထိုအခါ သမ္မတရာထူးအတွက် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖရန်ဆွာ မစတာရင်းနှင့် ဂစ္စကတ်သည် ယှဉ်ပြိုင် အရွေးခံသည်။

ဂစ္စကတ်သည် ဒီဂိုး၏ ဘက်တော်သားများနှင့် မဟာမိတ်ဖွဲ့၍ ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းဖြစ်ရာ မစ်တာရင်းအား မဲအနည်းငယ် ဖြင့် ကပ်၍ အနိုင်ရရှိပြီး ၁၉၇၄ ခု မေလ ၁၉ ရက်နေ့တွင် သမ္မတ ဖြစ်လာခဲ့လေသည်။

ဂစ္စဂတ်သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လက်ခံသည်။ သမ္မတ ဖြစ်လာခဲ့သည့် သက်တမ်းအတွင်း ဝန်ကြီးချုပ် နှစ်ဦး ပြောင်းလဲခဲ့သည်။ သမ္မတဖြစ်စဉ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သော ချီရက်အား ၁၉၇၆ ခု ဩဂုတ်လတွင် နုတ်ထွက်စေခဲ့ပြီး ရေမွန်ဗားအား ဝန်ကြီးချုပ် အဖြစ် ခန့်အပ် ဆောင်ရွက်စေသည်။ ၁၉၇၇ ခု မတ်လတွင် ရေမွန်ဗားအား အစိုးရအဖွဲ့သစ် ဖွဲ့စည်းစေခဲ့သည်။ ဂစ္စကတ်- ဒက်စတိုင်းသည် အင်အားမသေးသော အတိုက်အခံများကို ရင်ဆိုင်လျက် သမ္မတအဖြစ် ဆောင်ရွက်လျက်ရှိသည်။[၁]

သူသည် ၂၀၂၀ ဒီဇင်ဘာ ၂ ရက်တွင် COVID-19 ေနာက်ဆက်တွဲရောဂါများကြောင့် အသက် ၉၄ တွင် သေဆုံးခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. "Valéry Giscard d'Estaing dies after COVID-1 diagnosis"၊ The Guardian၊ 2 December 2020။ 2 December 2020 တွင် ပြန်စစ်ပြီး