ဂီးလဗတ် ကိသ် ချက်စတာတန်

ဝီကီပီးဒီးယား မှ
(ချက်စတာတန် ဂျီ၊ ကေ မှ ပြန်ညွှန်းထားသည်)

ဂီးလဗတ် ကိသ် ချက်စတာတန် (Gilbert Keith Chesterton)မှာ သတင်းစာဆရာအဖြစ်နှင့်လည်ကောင်း၊ စာရေး ဆရာအဖြစ်နှင့်လည်းကောင်း ထင်ရှားသည်။ စာရေးဆရာအနေနှင့်ကား၊ ကဗျာနှင့် ဝတ္ထုတို့အပြင်၊ အက်ဆေးခေါ် စာဖွဲ့ခြင်း၌လည်း စွမ်းရည်သတ္တိရှိသူတစ်ဦး ဖြစ်သည်။

ချက်စတာတန်သည် ၁၈၇၄ ခုနှစ် မေလ ၂၉ ရက်နေ့ တွင် လန်ဒန်မြို့၌ မွေးဖွား၍၊ ၁၉၃၆ ခုနှစ် ဇွန်လ ၁၄ ရက် နေ့တွင် ဗီးကွန်စဖီး၌ ကွယ်လွန်သည်။

ချက်စတာတန်သည် လန်ဒန်မြို့ စိန်ပေါကျောင်းတွင် ငယ်စဉ်က ပညာသင်စဉ်၊ အင်္ဂလိပ်ကဗျာ အရေးအသား အတွက် အင်္ဂလိပ်ကဗျာဆရာကြီး မီလတန်ကို ရည်စူး၍ ချီးမြှင့်သောဆုကို ရခဲ့ဘူးသည်။ ၁၈၉၁ ခုနှစ်တွင် ဆလိတ်ပန်းချီ ကျောင်း၌ ပန်းချီအတတ်ကို သင်ခဲ့သည်။ ထို့နောက် အနုပညာ နှင့် ဆိုင်ရာတို့ကို ဝေဖန်သူအဖြစ်နှင့် စာပေဘက်သို့ ရောက် လာသည်။ ချက်စတာတန်မှာ ကိုယ်ခန္ဓာ ဝဖြိုးကြံ့ခိုင်သူတစ်ဦး ဖြစ်ရာ၊ စာပေများစွာတို့ကို အဆက်မပြတ် ရေးသားနိုင်ပေ သည်။ သူ၏နာမည် အတိုကောက် ဂျီကေစီကို အစွဲပြု၍ ဂျီကေစီ သီတင်းစဉ်ကို အပတ်စဉ်ထုတ်ဝေနေစဉ်ပင် လန်ဒန်မြို့ရုပ်စုံ သီတင်းစဉ်ထဲ၌ အပတ်စဉ် ဆောင်းပါးများ ရေးသား ခဲ့သည်။

သူ၏ အက်ဆေးခေါ် စာဖွဲ့ခြင်းတို့၌ စိတ်ကူးဉာဏ် နက်နဲခြင်းနှင့် အရေးအသား ထူးခြားခြင်းတို့သည် ပေါ်လွင်လျက် ရှိပေသည်။ သို့သော်သူ၏ဝတ္ထုတို့မှာ ပို၍ထင်ရှားသည်။ အထူးသဖြင့် 'ဖားသားဗရောင်း'အမည် ရှိသော စုံထောက်ဝတ္ထုများကို လူကြိုက်များကြသည်။ သူ၏စုံထောက်ဝတ္ထုတို့မှာ စုံထောက်ဝတ္ထုမည်ကာမတ္တ မဟုတ်ချေ။ လူ့သဘာဝနှင့် လူ့စိတ် တို့ကို ဝိပဿနာတင်၍ ကြည့်သော စိတ္တဗေဒနှင့် ယှဉ်သည့် ဝတ္ထုများ ဖြစ်သည်။

ဝတ္ထုအပြင်၊ စာပေဝေဖန်မှုနှင့် စာဆိုများအကြောင်း အတ္ထုပ္ပတ္တိများစွာတို့ကို ရေးသားခဲ့ရာ၊ သူရေးခဲ့သော 'ရောဗတ် ဗရောင်းနင်း'၊ 'ချားဒစ်ကင်း၊' 'ဗားနတ်ရှော၊' 'စတီဗင်ဆန်'၊ 'ချော်စာ'တို့၏ အတ္ထုပ္ပတ္တိများမှာ လူသိများပေသည်။ သူ၏ ကဗျာများကို ရံဖန်ရံခါ စုပေါင်း၍ ရိုက်နှိပ်လေ့ရှိသည်။ ၁၉၂၇ ခုနှစ်တွင် ရှေးက သူရေးခဲ့သော ကဗျာများကို နှောင်းတွင် ရေးသောကဗျာများနှင့် စုပေါင်း၍ ကဗျာညွန့်ပေါင်းစာအုပ် ထုတ်ဝေခဲ့သည်။

၁၉၂၂ ခုနှစ်တွင် ချက်စတာတန်သည် ဗရင်ဂျီဂိုဏ်းသို့ ဝင်ခဲ့ရာ ထိုဂိုဏ်းကို ကာကွယ်စောင့်ရှောက်သောအားဖြင့် ကျမ်းများစွာတို့ကို ပြုခဲ့သည်။

၁၉၁၇ ခုနှစ်တွင် အင်္ဂလန်ပြည်သမိုင်းအကျဉ်းချုပ်ကို ရေးသားထုတ်ဝေခဲ့ရာ၌ ချက်စတာတန်၏ အသစ်ထွင် ရေးသားသော အဖွဲ့အနွဲ့ကြောင့် လူကြိုက်များသည်။ စိတ်ကူးဉာဏ် ဆန်းကြယ်စွာ ကွန့်မြူးထားသော စာပေအမြောက်အမြားကို လည်း ရေးသားခဲ့သည်။ ၁၉၃၆ ခုနှစ်၌ သူကိုယ်တိုင်ရေး သူ့ အကြောင်းအတ္ထုပ္ပတ္တိကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)