ချက်ကိုဆလိုဗားကီးယားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ချက်ကိုဆလိုဗားကီးယား ဆိုရှယ်လစ်သမ္မတနိုင်ငံ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

ခေါင်းဆောင်ကြီးမာဆာရစ်ပြုစုခဲ့သော သမ္မတနိုင်ငံ ပထမကမ္ဘာစစ်အပြီးတွင်၊ စုပေါင်းဖွဲ့စည်း တည်ထောင်ထား သော သမ္မတနိုင်ငံဖြစ်သည့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ၏ အကြောင်းရာဇဝင်နှင့်တကွ သိမှတ်ဖွယ်ရာအချက်အလက် အစုံ အလင်ကို ဤတွင်ဖော်ပြထားသည်။ အထူးသဖြင့် ကွန်မြူနစ် နိုင်ငံအဖြစ် ပြောင်းလဲလာပုံမှာ စိတ်ဝင်စားစရာပင် ဖြစ်သည်။

ချက်ကိုဆလိုဗားကီးယားနိုင်ငံ[ပြင်​ဆင်​ရန်​]

ချက်ကိုစလိုဗားကီးယားနိုင်ငံသည် ဥရောပတိုက် အလယ်ပိုင်းတွင် တည်ရှိ၍၊ သမုဒ္ဒရာပင်လယ်တို့နှင့် လုံးဝ ဆက်စပ်ခြင်း မရှိသည့် ကုန်းတွင်းနိုင်ငံဖြစ်၏။ မြောက်ဘက် တွင် ဂျာမနီနှင့် ပိုလန်နိုင်ငံတို့နှင့်၎င်း၊ တောင်ဘက်တွင် ဩစတြီးယား ဟန်ဂေ ရီနှင့် ရူမေးနီးယားနိုင်ငံတို့နှင့်၎င်း နယ်နိမိတ်ချင်း ဆက်စပ် တည်ရှိသည်။ နိုင်ငံမှာ ရှည်မျောမျော ပုံသဏ္ဌာန်ဖြစ်၏။ အရှေ့နှင့် အနောက် အလျားကျယ်၍ တောင်နှင့်မြောက် အနံကျဉ်းမြောင်း သည်။

အရှေးဖျားနှင့်အနောက်ဖျားသို့ မိုင်ပေါင်း ၆ဝဝ ခန့် ရှည်လျား၍တောင်နှင့်မြောက်မှာ မိုင် ၅ဝ မှ ၁ဝဝ ခန့် အထိသာကျယ်ဝန်းသည်။ ချက်ကိုစလိုဗားကီးယားနိုင်ငံသည် ယခင်က ဩစတြီးယားဟန်ဂေရီနိုင်ငံတွင် ပါဝင်ခဲ့သောနယ်မြေ များကိုပထမကမ္ဘာစစ်ကြီးအပြီးတွင် စုပေါင်းကာ ဖွဲ့စည်း တည်ထောင်ခဲ့သော သမ္မတစ်နိုင်ငံတစ်ခု ဖြစ်ပေသည်။ ချက် လူမျိုးတို့ နေထိုင်ရာ ချက်ချီ သို့မဟုတ် ဗိုဟီးမီးယားနယ်နှင့် မိုရေးဗီးယားနယ်တို့သည် နိုင်ငံ၏အနောက်ပိုင်း ဖြစ်သည်။ ဆလိုဗက်တို့သည် ဆလိုဗား ကီးယားနယ်၏ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။

ချက်ကိုစလိုဗားကီးယားနိုင်ငံသည် ဥရောပတိုက်ရှိ အလှပ ဆုံးသောနိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြေမျက်နှာ အသွင်အပြင်ကိုလိုက်၍ ချက်ကိုစလိုဗားကီးယား နိုင်ငံကို အနောက်ပိုင်းနှင့် အရှေ့ပိုင်း ဟူ၍ ၂ ပိုင်းခြားထား နိုင်၏။ အနောက်ပိုင်းမှာ ကုန်းပြင်မြင့် ဖြစ်လျက် မြောက်မှ တောင်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ အရှေ့ပိုင်း မှာမူကား မြင့်မားသော တောင်တန်းများဖြင့် ထူထပ်နေသည်။ ယခင်က အုပ်ချုပ်ရေး အတွက် (၁) ဗိုဟီးမီးယား (၂) မိုးရေးဗီးယား (၃) ဆိုင်လီရှား (၄) ဆလို ဗားကီးယားနှင့် (၅) ကာပေ သီယန်ရူသီးနီးယားဟူ၍ ပြည်နယ် ၅ နယ် ခွဲခြားသတ်မှတ်ထားခဲ့သည်။ ယခုသော် ဗိုဟီးမီးယား၊ မိုရေးဗီး ယားဆိုင်လီးရှားနှင့် ဆလိုဗားကီးယား ဟူ၍ ပြည်နယ် ၃ ခုသာ ရှိတော့သည်။ ရူသီးနီးယား ပြည်နယ်မှာ ဒုတိယကမ္ဘာ စစ်ကြီးအပြီးတွင် ဆိုဗီယက်ယူနီယန်တွင် ပါဝင်သွားလေသည်။ ထိုပြည်နယ်ကြီးများသည် ချက်ကိုစလိုဗားကီးယားနိုင်ငံ၏ သဘာဝဒေသကြီးများလည်း ဖြစ်ပေသည်။ ယင်းတို့အနက် အနောက်ပိုင်းရှိ ဗိုဟီးမီးယားပြည်နယ်သည် ကုန်းမြင့်ကြီးပေါ် တွင် တည်ရှိသော်လည်း မြေဩဇာ ကောင်းမွန်သဖြင့် လယ်ယာစိုက်ပျိုး လုပ်ကိုင် ဖြစ်ထွန်းလေသည်။

တွင်းထွက်သတ္တုပေါများ၍ ကောက်ပဲသီးနှံ ဖွံ့ဖြိုးသော ကြောင့် ချက်ကိုစလိုဗားကီးယားနိုင်ငံတွင် အရေးပါ အရာ ရောက်ဆုံးသော ပြည်နယ်ဖြစ်၏။ ထို့အပြင် ချက်ကိုစလို ဗားကီးယားနိုင်ငံ၏မြို့တော် ပရာဟမြို့မှာ ဤပြည်နယ်တွင် တည်ရှိပေသည်။ ဗိုဟီးမီးယားပြည်နယ်၏ မြို့တော်လည်း ဟူသည်။

ဗိုဟီးမီးယားပြည်နယ်၏ အရှေ့ဘက်တွင် ကပ်လျက် တည်ရှိနေသော မိုရေးဗီးယားပြည်နယ်(ယခု မိုရေး ဗီးယားဆိုင် လီးရှားပြည်နယ်)သည်လည်း ဗိုဟီးမီးယားကဲ့သို့ပင် ကုန်းပြင် မြင့်ပေါ်တွင် တည်ရှိပြီး၊ တွင်းထွက်ရတနာများ ကြွယ်ဝ၍ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ဖြစ်ထွန်းသည့်ဒေသပင် ဖြစ် သည်။ ဤပြည်နယ် ၂ ခုလုံးတွင်ပင် သံထည်လုပ်ငန်းသည် အကြီးအကျယ်ဆုံးသော စက်မှုလုပ်ငန်းကြီးဖြစ်၍ သကြား မုန်လာ အကြီးအကျယ် စိုက်ပျိုးသည်။ အရှေ့ဘက်ပိုင်းတွင် ရှိသော ပြည်နယ်များမှာ အနောက်ပိုင်းနှင့် သဘာဝအနေ အထားမှအစ ကွားခြားသည်။ ဆလိုဗားကီးယားပြည်နယ်သည် ဗိုဟီးမီးယားပြည်နယ်လောက် မတိုးတက်လှပေ။ ယင်းပြည်နယ် တွင် စက်မှုလုပ်ငန်း မတိုးတက်လှပေ။ ယင်းပြည်နယ်တွင် စက်မှုလက်မှုလုပ်ငန်း အနည်းငယ်သာ ရှိသဖြင့် နေထိုင်မှု အဆင့်အတန်းနိမ့်သည်။ အထူးသဖြင့် အနောက်ပိုင်းသည် ဥရောပတိုက်မြောက်ပိုင်းနိုင်ငံများနှင့် စီးပွားရေးပေါင်းသင်း ဆက်ဆံရေးနှင့် ယဉ်ကျေးမှုတို့တွင် ဆက်သွယ်နေ၏။ အရှေ့ ပိုင်းကမူ ဥရောပတိုက် တောင်ပိုင်းဒေသများနှင့် ဆက်သွယ် နေသည်။ အရှေ့ပိုင်းသားတို့သည် ယဉ်ကျေးမှုနှင့် လယ်ယာ စိုက်ပျိုးရေးတွင် အတော်ခေတ်နောက်ကျလျက် ရှိသည်။ ချက်ကိုစလိုဗားကီးယားနိုင်ငံသည် အင်္ဂလန်တောင်ပိုင်း၊ ပြင်သစ်နိုင်ငံမြောက်ပိုင်းတို့နှင့် လတ္တီတွဒ်တစ်ပြေးတည်းတွင် တည်ရှိသော်လည်း အအေးအပူ ပြင်းထန်သော ရာသီဥတုရှိ သည်။ နွေအခါတွင် ပူပြင်း၍ ဆောင်းအခါတွင် လွန်ကဲစွာ အေးလေသည်။ တောင်ထူထပ်သော ခရိုင်များတွင် လွန်ကဲစွာ အေးလေသည်။ တောင်ထူထပ်သော ခရိုင်များမှာ ချိုင့်ဝှမ်းများ ထက် အေးသည့်ပြင် မိုးလည်းပို၍ရ၏။ အရှေ့ဘက်ကျလေလေ ကုန်းတွင်းဥတုဆန်လေလေ ဖြစ်သည်။ ကောက်ပဲသီးနှံ စိုက်ပျိုး နိုင်လောက်အောင် မိုးရေအလုံအလောက်ရရှိသည်။

ချက်ကိုစလိုဗားကီးယားနိုင်ငံသည် စီးပွားရေးတွင် အတော် ပင် တောင့်တင်းသည်ဟု ဆိုရပေမည်။ သဘာဝ ပစ္စည်းများဖြင့် ကြွယ်ဝ၍ စက်မှုလက်မှုလုပ်ငန်းများတွင် ဥရောပတိုက်၏ အထွန်းကားဆုံးနိုင်ငံတစ်ခု ဖြစ်သည်။ မို့၊ ချိုမူတော့၊ တက်ပလစ်၊ အော့စတြားဗား၊ ဖော့လကနော့ခရိုင် များတွင် အရေးပါသော ကျောက်မီးသွေးတွင်းများ ရှိ၏။ သံ၊ ဘော်၊ ကြေးနီ၊ ခဲတို့ကိုလည်း တူးဖော်ရရှိလေသည်။ သံမဏိ စက်ရုံများ၊ သွန်း သံစက်ရုံများနှင့် သတ္တုစက်ရုံများ အများ အပြားရှိလေသည်။ ချက်ကိုစလိုဗားကီးယားနိုင်ငံရှိ အရေးပါ သော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်မှုလုပ်ငန်းကြီးများ အတွက် ကုန်ရိုင်းများကို နိုင်ငံတွင်းရှိ လယ်ယာလုပ်ငန်းထွက် ပစ္စည်းများမှ ရရှိသည်။ ပမာဆိုသော် သကြားချက်ရုံများ၊ ဗီယာချက်ရုံများ၊ သစ်သီးဗူးများ၊ အမဲသားဗူးများ ထုတ်လုပ် သော စက်ရုံများ စသည်တို့ဖြစ်၏။ စက်မှုလုပ်ငန်းများအားလုံး လိုလိုမှာ မိုရေးဗီးယားနှင့် ဗိုဟီးမီးယားပြည်နယ်များတွင် တည်ရှိ၏။ စက်ကိရိယာကြီးများ၊ လက်နက်ခဲယမ်းမီးကျောက် များ၊ ဖိနပ်များ၊ လက်အိတ်များနှင့် အထည်အလိပ်များမှာ အရေးပါသော ထွက်ကုန်များ ဖြစ်သည်။ ပီလဇင်မြို့ရှိ ဆကိုးဒါ ခဲယမ်းမီးကျောက်အလုပ်ရုံနှင့် ဇလင်မြို့ရှိ ဗာတာဖိနပ်စက်ရုံ တို့မှာ ကမ္ဘာကျော်သည်။ ထို့ပြင် အထည်အလိပ် အမျိုးမျိုးနှင့် တကွ စက္ကူ၊ ဖန်၊ မှန်၊ ကြွေထည်၊ အိုးခွက်၊ စက်ကိရိယာ များ ထုတ်လုပ်သည်။ လယ်ယာလုပ်ငန်းမှာ အကြီးအကျယ် တိုးတက်လျက်ရှိသည်။ အနိမ့်ပိုင်းများတွင် သကြားမုန်လာ၊ ပြောင်းနှင့် မုယောစပါးတို့ကို စိုက်ပျိုး၍၊ အမြင့်ပိုင်းများတွင် ကား၊ အာလူး၊ ဂျုံ၊ မြင်းစားဂျုံနှင့် ရိုင်းဂျုံတို့ကို စိုက်ပျိုး၏။ ဗီယာချက်ရန်နှင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချရန်အတွက် ဟော့ခေါ် ဗီယာခတ်ဆေးပင်များကို အကြီးအကျယ် စိုက်ပျိုး သည်။ တစ်ကမ္ဘာလုံးရှိ ဘီယာခတ်ဆေးပင်ခြံများအနက် ၄ ပုံ ၃ ပုံမှာ ချက်ကိုစလိုဗားကီးယားနိုင်ငံတွင် ရှိ၏။ ထို့ကြောင့်ပင် ဤ နိုင်ငံသည် ဗီယာကောင်းထွက်သည်ဟု နာမည်ကျော်လှပေ သည်။ သစ်သီးပင်များကို ခရိုင်အများအစားတွင် စိုက်ပျိုး၍ စပျစ်ခြံများကိုလည်း နေရာတိုင်းလိုလိုတွင် တွေ့ရလေသည်။ ချက်ကိုစလိုဗားကီးယား တစ်နိုင်ငံလုံး၏ ဧရိယာ တစ်ဝက် ခန့်မှာ စိုက်ပျိုးလုပ်ကိုင်နိုင်အောင် မြေဩဇာကောင်း သည်။ တောင်ခြေများတွင် အဖိုးတန်သစ်သောများ တည်ရှိ သည်။ ဥရောပတိုက်ရှိ သစ်တောအထူထပ်ဆုံး ဒေသများတွင် အပါ အဝင်ဖြစ်၍၊ သစ်လုပ်ငန်းမှာ အရေးပါအရာရောက်လေ သည်။ ထို့ပြင် မြစ်များတစ်လျောက် ရေအားသုံးလျှပ်စစ် ဓါတ်အားပေး စက်ရုံကြီးများ ရှိလေသည်။ အခြားအရေးပါသော လယ်ယာလုပ်ငန်းများမှာ နို့ထွက်ပစ္စည်းလုပ်ငန်းနှင့် သိုးနွား တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ဖြစ်သည်။

၁၉၁၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့၌ ချက်ကို စလိုဗားကီးယားနိုင်ငံကို အချုပ်အခြာအာဏာပိုင်နိုင်ငံ ဟု ကျေညာလိုက်သောအခါ၊ ယင်းနိုင်ငံ၏အကျယ်အဝန်းသည် စတုရန်းမိုင်ပေါင်း ၅၃၇ဝဝ ရှိသည်ဟု ဆိုသည်။ သို့သော် ဆိုဗီယက်ယူနီယန်နှင့် စာချုပ်ချုပ်၍ ရူသီးနီးယားနယ်ကို ပေး အပ်လိုက်ရသောအခါ၊ လူဦးရေပေါင်း ၇၅ဝဝဝဝ နေထိုင်ရာ ဖြစ်သော ဧရိယာတုရန်းမိုင်ပေါင်း ၄ဝဝဝ ကို ဆိုဗီယက်ရုရှ သို့ လွှဲအပ်လိုက်ရသည်။ ၁၉၅ဝ ပြည့်နှစ် ဇန္နာဝါရီလ ၁ ရက် သန်းခေါင်စာရင်းအရဆိုလျှင်၊ ချက်ကိုစလိုဗားကီးယား၌ လူဦး ရေ ၁၂၅၃၆ဝဝဝ ရှိသည်။ ယင်းတို့အနက် ချက်လူမျိုးနှင့် ဆလိုဗက်လူမျိုးတို့သည် လူများစုဖြစ်ကြသည်။ ချက်နှင့် ဆလိုဗက်တို့မှာ ဘာသာစကားချင်း နီးစပ်သည့်ပြင် မျိုးနွယ် ချင်းလည်း နီးစပ်သည်။ သူတို့သည် ဆလဗအနွယ်များဖြစ်၏။ မြောက်ဘက်ဂျာမနီနိုင်ငံနှင့် ကပ်လျက်ရှိသေနယ်စပ်တွင်မူ ဂျာမန်သွေး ရောစပ်သူများ နေထိုင်ကြလေသည်။ အခြားလူမျိုး များမှာ မဂ္ဂယာလူမျိုးနှင့် ရူသီးနီယန်လူမျိုးတို့ ဖြစ်ကြ၏။ ယဟူဒီလူမျိုး အနည်းငယ်လည်း နေထိုင်ကြသည်။ ချက်ကို စလိုဗားကီးယားနိုင်ငံရှိ လူဦးရေ ၃ ပုံ ၁ ပုံသည် လယ်ယာ လုပ်ငန်းဖြင့် ဖြစ်စေ၊ သစ်လုပ်ငန်းနှင့်ဖြစ်စေ၊ အသက်မွေးကြ ၏။ ကျန်သူများမှာ စက်ရုံများတွင် လုပ်ကိုင်သူများ ဖြစ်ကြ သည်။

မြို့ကြီးများမှာ အားလုံးလိုလိုပင် နိုင်ငံအနောက်ပိုင်း တွင် တည်ရှိသည်။ ပရာဟမြို့မှာ နိုင်ငံ၏မြို့တော် ဖြစ်သည်။ ဗရနိုမြို့မှာ မိုရေးဗီးယားပြည်နယ်၏ မြို့တော်ဖြစ်၍ ဗရတစ် ဆလားဗားမြို့မှာ ဆလိုဗားကီးယား ပြည်နယ်၏မြို့တော် ဖြစ် လေသည်။ ပီလဇင်မြို့မှာ ဗီယာချက်လုပ်ရာ ဗဟိုဌာန ဖြစ်လေ သည်။

ထိုနိုင်ငံသားများဖြစ်သည့် ချက်နှင့် ဆလိုဗက်လူမျိုးတို့ သည် ဆလဗလူမျိုးများမှ ဆင်းသက်ပေါက်ပွား လာကြသူများ ဖြစ်၏။ တစ်ဦးတွင် ဘာသာစာပေတစ်မျိုးစီ ရှိကြသော်လည်း တစ်ဦး၏ ဘာသာစာပေကို အခြားတစ်ဦးက ကောင်းစွာ နား လည်ကြသည်။ ၉ ရာစုနှစ်လောက်က ဆလဗလူမျိုးတို့သည် ယခု ဆလိုဗား ကီးယား တည်ရှိရာနေရာတွင် မိုးရေးဗီးယန်း နိုင်ငံတော်ကြီးတစ်ခု တည်ထောင်ခဲ့ကြလေသည်။ ၉ဝ၅ ခုနှစ် တွင် အရှေ့ဘက်မှ မဂ္ဂယာလူမျိုးတို့က ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးကြသဖြင့် ထိုနိုင်ငံတော်ကြီး ပျက်စီးခဲ့ရ၏။ မိုးရေးဗီးယန်းနိုင်ငံတော်ကြီး ပျက်စီးသွားသည့်နောက် တွင် ဆလိုဗက်လူမျိုးတို့သည် နှစ်ပေါင်း ၁ဝဝဝ မျှ မဂ္ဂယာတို့ လက်အောက်တွင် နေထိုင်ခဲ့ကြရသည်။ ချက်လူမျိုးတို့ကမူ ဩစတြီးယားနိုင်ငံတော်အတွင်း၌ အခြေစိုက်ခဲ့ကြ၏။ ဤကဲ့သို့ သူတစ်ပါးလက်အောက်တွင် နေထိုင်လာခဲ့ကြ၍၊ ၁၆ နှင့် ၁၇ ရာစုနှစ်များသို့ ရောက်သောအခါ သာသနာရေး၌၎င်း၊ နိုင်ငံရေး ၌၎င်း၊ ချုပ်ချယ်ခံရသဖြင့် ချက်လူမျိုးတို့သည် လက်နက် စွဲကိုင်ကာ တော်လှန်ပုန်ကန်ခဲ့ကြ၏။ တော်လှန်မှုမှာ ထမြောက် အောင်မြင်ခြင်း မရှိသည်သာမက သူတို့တွင် ရရှိနေသေးသော လွတ်လပ်မှုပင်လျှင် ၁၆၂ဝ ပြည့်နှစ်၌ ဆုံးရှုံးခဲ့ကြရ၏။ ချက်တို့နေထိုင်ရာ ဗိုဟီးမီးယားနယ်သည်လည်း ဟက်စဗတ် နိုင်ငံတော်အောက်သို့ ပြည်နယ်တစ်ခုအဖြစ်ဖြင့် နှစ်ပေါင်း ၃ဝဝ မျှ ကျရောက်ခဲ့လေသည်။

ဤသို့ လွတ်လပ်မှု ဆုံးရှုံး၍ လူမျိုးတစ်ကွဲတစ်ပြားစီ ဖြစ်လာခဲ့ကြသည်မှာ ၁၇ ရာစုနှစ်ကစ၍၊ ၂ဝ ရာစု နှစ်ဆန်းစ အထိပင် ဖြစ်၏။ ပထမကမ္ဘာစစ်ကြီး မဖြစ်မီက ချက်နှင့် ဆလိုဗက်လူမျိုးတို့အတွက် ဘခင်သဖွယ် အားကိုးအားထားပြု ရသော အမျိုးသားခေါင်းဆောင်ကြီး တောမတ်၊ဂျီ၊မာဆာရစ် ပေါ်ပေါက်လာခဲ့သည်။ သူသည် ပရာဟမြို့ရှိ တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်လေသည်။ လွတ်လပ်ရေး ဆုံးရှုံးခဲ့သည့် နေ့မှစ၍၊ ဩစတြီးယားလူမျိုးတို့အား မော်၍ပင်မကြည့်ရဲအောင် ဖြစ်ခဲ့ကြသော ချက်နှင့် ဆလိုဗက်လူမျိုးတို့သည် မာဆာရစ်၏ ခေါင်းဆောင်မှုဖြင့် သွေးစည်းကာ နယ်ချဲ့အင်အားစုကို ဆူပူ ကန့်ကွက်လာခဲ့ကြပြီးလျှင် တော်လှန်ရန် အချိန်ကောင်းကိုသာ စောင့်မြှော်နေခဲ့ကြလေသည်။

၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားသော ကမ္ဘာစစ်ကြီးအတွင်း ကား ခေါင်းဆောင်ကြီးမာဆာရစ်၏ စွမ်းဆောင်ချက်များကြောင့် စစ်ပြီးသည့်အခါ ဩစတြီးယား၏လက်အောက်မှ လွတ်မြောက် ခဲ့ပြီးလျှင်၊ ၁၉၁၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ချက်ကိုဆလိုဗားကီးယားသမ္မတစ်နိုင်ငံကို တည်ထောင်နိုင်ခဲ့ သည်။ အမျိုးသားခေါင်းဆောင်ကြီး မာဆာရစ်အား သမ္မတ အဖြစ်ဖြင့် တင်မြှောက်ခဲ့ကြသည်။

ချက်ကိုစလိုဗားကီးယားသမ္မတစ်နိုင်ငံတွင် ဗိုဟီးမီးယား နှင့် မိုရေးဗီးယား၊ ဆိုင်လီးရှားနယ်သား ချက်လူမျိုးများနှင့် ဆလိုဗားကီးယားနယ်သား ဆလိုဗက် နယ်သားအများအစား ပါဝင်သည်။ ချက်နှင့် ဆလိုဗက်လူမျိုးတို့ ပူးပေါင်း၍ နိုင်ငံ သစ် တည်ထောင်ထားသည်ကို အစွဲပြု၍ ချက်ကိုဆလို ဗားကီးယားနိုင်ငံဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။ သမ္မတစ်နိုင်ငံသစ်၏ အုပ်ချုပ်ပုံအခြေခံဥပဒေကို ၁၉၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ကြီးက ရေးဆွဲအတည်ပြုခဲ့လေသည်။ ထိုအခြေခံဥပဒေအရ အထက်နှင့် အောက်လွှတ်တော် ၂ ရပ်ခွဲထားရာ အထက် လွှတ်တော်အမတ်များကို ၈ နှစ်လျှင်တစ်ကြိမ်၊ အောက် လွှတ်တော်အမတ်များကို ၆ နှစ်လျှင် တစ်ကြိမ်၊ ရွေးကောက် တင်မြှောက်ကြရလေသည်။ သမ္မတကြီးကိုမူကား ၇ နှစ်လျှင် တစ်ကြိမ်ကျ ရွေးကောက်တင်မြှောက်ရသည်။

ခေါင်းဆောင်ကြီးမာဆာရစ်သည် ၄ ကြိမ်တိုင်တိုင်ပင် သမ္မတအဖြစ် ရွေးကောက်တင်မြေ|ာက်ခြင်း ခံရလေသည်။ အသက်အားဖြင့် ၈၅ နှစ်ရှိလာပြီဖြစ်သော သမ္မတမာဆာရစ် သည် ကြီးလေးစွာသော နိုင်ငံတော်၏တာဝန်ကို အချိန်ပြည့် မထမ်းဆောင်နိုင်မည်ကို စိုးသဖြင့် ၁၉၃၅ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်၏။ မာဆာရစ် ရာထူးမှ နုတ်ထွက်သည်နှင့် တစ်ပြိုင် နက်၊ နိုင်ငံခြားရေးဝန်ကြီး အက်ဒွပ်ဗင်းနက်ရှအား သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြလေသည်။

သမ္မတကြီးမာဆာရစ်လက်ထက်မှစ၍ သမ္မတဗင်းနက်ရှ လက်ထက်တိုင်အောင် ချက်ကိုစလိုဗားကီးယား သမ္မတနိုင်ငံကို ထူထောင်ခဲ့ရာ အတော်ပင် ထိရောက်အောင်မြင်ခဲ့သည်။ ရှေးက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အဓိကလုပ်ငန်းတစ်ရပ် ဖြစ်ခဲ့ သော်လည်း ယခု သမ္မတနိုင်ငံတွင် စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာ၏။ မီးရထားလမ်း၊ ကားလမ်း၊ တူးမြောင်းများကို လိုအပ်သည့် နေရာတိုင်းတွင် ဖောက်လုပ်ထားသဖြင့် နိုင်ငံတွင်း ကူးသန်းသွားလာရေးမှာ လွယ်ကူလာ၏။

ချက်ကိုစလိုဗားကီးယားနိုင်ငံကို ထိုသို့ထူထောင်နေချိန် တွင် ပထမကမ္ဘာစစ်ကြီးတွင် အရေးနိမ့်ခဲ့သော အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံသည် လူအင်အား လက်နက်အင်အားကို နေ့မအား ညမအား စုဆောင်း ပြင်ဆင်လာခဲ့သည်။ ၁၉၃၈ ခုနှစ် စက်တင်ဘာလတွင် ဂျာမန်တို့က ချက်ကိုစလိုဗားကီး ယား နိုင်ငံအတွင်းရှိ ဆူဒေတင်နယ်ကို တောင်းဆို၏။ ချက်ကို စလိုဗားကီးယားနိုင်ငံကလည်း ဂျာမန်တို့၏ တောင်းဆိုချက်ကို ငြင်းဆိုခဲ့၏။ သို့ရာတွင် ကမ္ဘာစစ်ကြီး ဖြစ်မည်စိုး၍ အင်္ဂလိပ် နှင့် ပြင်သစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ကာ မျူးနစ်စာချုပ် ချုပ်ဆို၍ ဂျာမန်တို့တောင်းဆိုချက်အတိုင်း ဆူဒေတင်နယ်ကို ဂျာမနီနိုင်ငံအတွင်းသို့ သွတ်သွင်းပေးခဲ့သည်။ ဆူဒေတင်နယ် အပါအဝင် နယ်စပ်ဒေသများမှာ စိုက်ပျိုးလုပ်ကိုင်ရန် အကောင်းဆုံးဒေသများ၊ စက်မှုလက်မှုလုပ်ငန်း အထွန်းကားဆုံး ဒေသများ ဖြစ်သည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ တို့က ဂျာမန်နည်းတူ အခွင့်ကောင်းယူ၍ နယ်မြေများကို တောင်းဆိုခဲ့ရာ ပိုလန်သည် ဆိုင်လီးရှားနယ်စပ်ရှိ စတုရန်းမိုင် ၄ဝဝ ရှိ နယ်မြေကို၎င်း၊ ဟန်ဂေရီသည် ဆလိုဗားကီးယား ပြည်နယ်မှ ဧရိယာအတော် များများကို၎င်း ဖဲ၍ယူလိုက်သည်။ ထိုသို့ ချက်ကိုစလိုဗားကီးယားနိုင်ငံမှ နယ်မြေအတော်များများ ခွဲပေးလိုက်ရသဖြင့် သမ္မတဗင်းနက်ရှလည်း ရာထူးမှ နုတ်ထွက် ကာ အင်္ဂလန်ပြည်သို့ သွားရောက်နေထိုင်သည်။

မျူးနစ်စာချုပ်တွင် ဆူဒေတင်နယ်ကို ရရှိပြီးသည့်နောက် ဂျာမန်တို့သည် ချက်ကိုစလိုဗားကီးယားနိုင်ငံမှ နောက်ထပ် တစ်စုံတစ်ရာ တောင်းဆိုခြင်းမပြုပါ ဟူသောအချက် ပါရှိခဲ့သော်လည်း၊ ၁၉၃၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဂျာမန် စစ်တပ်များက စစ်မကြေညာဘဲ ချက်ကိုစလိုဗားကီး ယားနိုင်ငံကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့၏။ ဂျာမန် တို့သည် ဗိုဟီး မီးယားနှင့် မိုရေးဗီးယားဟူ၍ ပြည်နယ် ၂ ခု ခွဲကာ၊ ဂျာမန် ရုပ်သေး အစိုးရများ ဖွဲ့စည်းတည်ထောင်၍၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည်အထိ အုပ်စိုးခဲလေသည်။ ၁၉၄ဝ ပြည့်နှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့တော်၌ ချက်ကိုစလိုဗားကီးယား ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့၏။ ထိုယာယီအစိုးရကို ၁၉၄၁ ခုနှစ်တွင် ဗြိတိန်၊ ပြင်သစ်၊ ရုရှနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံတို့က အသိအမှတ်ပြုခဲ့၏။ ချက်စစ်သားများနှင့် လေတပ်သားများ သည် ဥရောပစစ်မျက်နှာတွင် မဟာမိတ်တို့ဖက်မှ ပါဝင်ကူညီ တိုက်ခိုက်ခဲ့၏။ နိုင်ငံတွင်း ကျန်ရစ်ခဲ့သော ချက်မျိုးချစ်တို့က လည်း ဂျာမန်တို့ကို အင်အားရှိသမျှနှင့် ခုခံတော်လှန်ခဲ့ကြလေ သည်။ ရုရှတပ်များက ဂျာမန်အား ထိုးစစ်ဆင်ခဲ့၍၊ ၁၉၄၄ ခုနှစ်တွင် ဆလိုဗားကီးယားပြည်နယ်အရှေ့ပိုင်းကို သိမ်းပိုက်မိ သောအခါ သမ္မတကြီးဗင်းနက်ရှနှင့်တကွ အစိုးရအဖွဲ့ဝင်များ သည် ရုရှနိုင်ငံ မော်စကိုမြို့တော်သို့ သွားရောက်ပြီးလျှင် ချက်ကိုစလိုဗားကီးယား နိုင်ငံအတွင်း ဗင်းနက်ရှအစိုးရအဖွဲ့ ပြန်လည်အခြေစိုက်နိုင်ရန်နှင့် ဂျာမန်တို့အား ဆက်လက် တော်လှန်ရန် ခွင့်တောင်းဆွေးနွေးကြသည်။ သမ္မတကြီး ဗင်းနက်ရှ၏ တောင်းဆိုချက်ကို ရုရှတို့က ခွင့်ပြုသဖြင့်၊ ၁၉၄၅ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဆလိုဗားကီးယား ပြည်နယ် ကောရှီစီမြို့၌ ဖီးယားလင်းဂါး ခေါင်းဆောင်သော ဖက်ဆစ်တော်လှန်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်လေသည်။ အဆိုပါ ဖက်ဆစ်တော်လှန်ရေး ချက်အစိုးရအဖွဲ့သည် ရုရှတပ်နီ တော်နှင့် ပူးပေါင်းတိုက်ခိုက်ရာ အတော်ပင် ထိရောက် အောင်မြင်ခဲ့၏။ နောက်ဆုံးတွင် ဂျာမန်တို့ လက်နက် ချရလေသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက်၊ ၁၉၄၅ ခုနှစ် တွင်ပင် ချက်ကိုစလိုဗားကီးယားနိုင်ငံ၏ မဟာမိတ် ကြိုးကိုင် အဖွဲ့ အုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ၊ ဂျာမနီ၊ ဟန်ဂေရီ၊ ရူမေးနီးယားနှင့် ပိုလန် နိုင်ငံတို့က ချက်ကိုစလို ဗားကီးယားနိုင်ငံမှဖဲ့၍ သိမ်းယူထားသောနယ်ပယ်မှန်သမျှကို ပြန်ပေးကြရလေသည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် ရူသီးနီးယား ပြည်နယ်ကို ရုရှသို့ လွှဲပြောင်းပေးလိုက်လေသည်။ မကြာမီ ချက်ကိုစလိုဗားကီးယားနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံ ဖြစ်လာ သည်။ နိုင်ငံတွင်းရှိ ၆ဝ ရာခိုင်နှုန်းမျှ စက်မှုလက်မှုလုပ်ငန်း များကို ပြည်သူပိုင်ပြုလုပ်ခဲ့၏။ နာဇီတို့နှင့် ပူးပေါင်းခဲ့သော နိုင်ငံရေးပါတီ မှန်သမျှကိုလည်း တရားမဝင်ဟု ကျေညာလိုက် လေသည်။

၁၉၄၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ချက်ကိုစလိုဗားကီး ယားသမ္မတစ်နိုင်ငံ၏ ရွေးကောက်ပွဲကြီးကျင်းပခဲ့ရာ ကွန်မျူနစ် ပါတီသည် ၁၁၄ နေရာရရှိ၍ နိုင်ငံတွင်း အင်အားအကောင်း ဆုံး ပါတီ ဖြစ်လာသည်။ ထိုအခါ ကွန်မျူနစ်ခေါင်းဆောင် ဂေါ့တဝေါခေါင်းဆောင်သည် ညွန့်ပေါင်း (ဆိုရှယ်လစ်နှင့် ကွန်မျူနစ်) အစိုးရအဖွဲ့သည် နိုင်ငံကို အုပ်ချုပ်ခဲ့လေသည်။ ဂေါ့တဝေါ၏ အစိုးရအဖွဲ့သည် ၂ နှစ်အတွင်း စီးပွားရေး ပြည်လည်ထူထောင်ရန်နှင့် အခြေခံဥပဒေသစ် ရေးဆွဲရန်တို့ကို အားသွန်ကြိုးပမ်းခဲ့လေသည်။ အခြေခံဥပဒေသစ်ကို ချက် ပြည်သူ့လွှတ်တော်က အတည်ပြုချက်ရလျှင် ရွေးကောက်ပွဲ အသစ်တစ်ခုကျင်းပရန် စီစဉ်သည်။

ဥရောပတိုက် အရှေ့ပိုင်းရှိနိုင်ငံများမှ ကွန်မျူနစ်အဖွဲ့ များက ကွန်မင်ဖောင်းအမည်ရှိ ကွန်မျူနစ်အဖွဲ့ချုပ်ကြီး ဖွဲ့စည်း တည်ထောင်ရာတွင် ချက်ကိုဆလိုဗားကီးယားနိုင်ငံမှ ကွန်မျူနစ် အဖွဲ့သည်လည်း ၁၉၄၇ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ ပါဝင်ခဲ့သည်။ ပြည်တွင်းပြည်ပ ကုန် သွယ်ရေးကို အစိုးရက အုပ်ချုပ်သည်။ လုပ်သား ၅ဝ ထက် မနည်း လုပ်ကိုင်သောစက်မှုလုပ်ငန်းများကို အစိုးရက သိမ်းယူ ကာ၊ ၅ နှစ်စီးပွားရေးစီမံကိန်းကို ရေးဆွဲပြီးလျှင် စတင် လုပ်ကိုင်သည်။

၁၉၄၈ ခု ဖေဖော်ဝါရီလထဲတွင် ကွန်မြူနစ်တို့ တော်လှန် ၍ အုပ်ချုပ်ရေးအာဏာကို သိမ်းယူခဲ့လေသည်။ ထိုအခါ တိုင်းပြည်၏ ဆိုးဝါးလှသောကြမ္မာကို မရှုစိမ့်နိုင်သော နိုင်ငံ ခြားရေးဝန်ကြီး ယန်မာဆာရစ်သည် ကိုယ့်ကိုယ်ကို သတ်သေ လိုက်သည်။ ၁၉၄၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ချက်ကိုစလို ဗားကီးယား အောက်လွှတ်တော်က ကန့်ကွက်ခြင်းမရှိဘဲ လုံးဝ ထောက်ခံ အတည်ပြုချက်ရရှိသော အခြေခံဥပဒေသစ်အရ၊ ၁၉၄၈ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် နိုင်ငံလုံးကျွတ် ရွေး ကောက်ပွဲကြီးတစ်ခု ထပ်မံကျင်းပလေသည်။ ထိုရွေးကောက် ပွဲကြီးမှ တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များ စုဝေးရာ ပြည်သူ့လွှတ်တော်အား ရှေးကထက် ပိုမို၍ အာဏာ များ ပေးထားလိုက်လေသည်။ ထိုရွေးကောက်ပွဲကြီးတွင် ကွန်မျူနစ်အမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ လွှတ်တော် အတွင်း ဩဇာလွှမ်းမိုးနိုင်လာလောက်အောင် အရွေးခံခဲ့ရ လေသည်။ ၁၉၄၆ ခုနှစ်တွင် ရာသက်ပန်သမ္မတအဖြစ် တင် မြေ|ာက်ခြင်းခံရသော အက်ဒွပ်ဗင်းနက်ရှက အခြေခံဥပဒေ သစ်ကို သဘောမတူသဖြင့် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ သော်လည်း ပြည်သူ့လွှတ်တော်၏ အာဏာလွှဲအပ်ခြင်း ခံရသော ကွန်မျူနစ်ဝန်ကြီးချုပ် ဂေါ့တဝေါက လက်မှတ် ရေးထိုး အတည်ပြုခဲ့လေသည်။

သမ္မတကြီးဗင်းနက်ရှသည် အခြေခံဥပဒေသစ်နှင့် စပ်လျဉ်း ၍ ပြည်သူ့လွှတ်တော်နှင့် သဘောချင်း ကွဲလွဲခြင်းကြောင့် ရာထူးမှ နုတ်ထွက်သွားရာ၊ ၁၉၄၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်က ဂေါ့တဝေါအား သမ္မတအဖြစ်ဖြင့် ရွေးချယ် တင်မြှောက်လိုက်ကြလေသည်။ ထိုအခါ အန်တိုနင်ဇာ ပိုတော့ကီသည် ဝန်ကြီးချုပ်ဖြစ်လာသည်။ အစိုးရအဖွဲ့နှင့်တကွ နိုင်ငံတော်တွင်းရှိ အုပ်ချုပ်ရေးဌာနများတွင်လည်း ကွန်မျူနစ် အဖွဲ့ဝင်များ ကြီးစိုးနိုင်သဖြင့် ယခုအခါတွင် ချက်ကိုဆလို ဗားကီးယားနိုင်ငံသည် ကွန်မျူနစ်နိုင်ငံကြီးတစ်ခု ဖြစ်လာ လေသည်။

၁၉၅၃ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ချက်ကိုစလို ဗားကီးယားနိုင်ငံ၏ သမ္မတအဖြစ် အန်တိုနင်ဇာပို တော့ကီကို ရွေးချယ်တင်မြေ|ာက်ကြသည်။

ဥရောပတိုက် အလယ်ပိုင်းတွင် အရေးပါလှသော စက်မှု လုပ်ငန်းထွန်းကားရာ နိုင်ငံဖြစ်သည့်အလျောက် ချက်ကို ဆလိုဗားကီးယားနိုင်ငံသည် စက်မှုလုပ်ငန်းထွက်ကုန် ပစ္စည်း များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ပရာဟမြို့တော်ကြီး သည် သံမဏိလုပ်ငန်းအတွက် အရေးပါဆုံးသောဌာန ဖြစ်ပေ သည်။ ဗရနိုမြို့မှာ သိုးမွှေးထည်များ ရက်လုပ်သောဌာနကြီး ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးအစိုးရ တည်ထောင်ခဲ့ရာ ကောရှီစီမြို့တွင် စက္ကူစက်ရုံကြီးများ၊ အရက်ချက်စက်ရုံကြီး များနှင့် ကျောက်ပစ္စည်းများပြုလုပ်သည့် ဌာနကြီးများရှိသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီက ဂျာမနီ၊ ဩစတြီးယားနှင့် အမေရိကန်နိုင်ငံများသို့ ထွက်ကုန်များကို တင်ပို့ရောင်းချခဲ့ရ လေသည်။

ယခုအခါတွင် နိုင်ငံခြားသို့ တင်ပို့ရောင်းချရသော အရေး ပါလှသော ကုန်ပစ္စည်းများမှာ အထည်အလိပ်များ၊ ဖန်ထည် များ၊ စက္ကူ၊ စက်ကိရိယာများ၊ သံမဏိ၊ သကြား၊ ဓာတ်ပစ္စည်း များနှင့် တွင်းထွက်သတ္တုများ ဖြစ်လေသည်။[၁]


၁၉၈၈ ခုနှစ် ရောက်သည့်တိုင် ချက်ကိုစလိုဗက်ကီး ယားနိုင်ငံ အစိုးရ သည် အောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဟုထပ်ဖန်တလဲလဲကြေညာခဲ့သည်။

ထိုနှစ် ဩဂုတ်လ ၂၁ရက်နေ့ကပြည်သူ၁ဝယဝဝဝကျော်သည် ပရာဟာ နွေဦးအရေးအခင်း (၁၉၆၈ ခုနှစ်)အထိမ်းအမှတ် ချီတက်ပွဲဖြင့် ပထမဆုံးအုံကြွခဲ့ကြသည်။ ထိုချီတက်ပွဲ၌ အလက်ဇန္ဒားဒျုချက် ၏ အမည်ကို ကြွေးကြော်ခဲ့ကြသည်။ ဒျုချက်က ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် စီစဉ်ခဲ့ရာ ဆိုဗီယက် တပ်များက နိုင်ငံအတွင်းဝင်ရောက်၍ ပရာဟာ နွေဦး အရေးအခင်းကို ချေမှုန်းခဲ့ခြင်းဖြစ်သည်။ ၁၉၆၉ ခုနှစ်ဧပြီလတွင် ဒျုချက်သည် ချက်ကိုစလိုဗက်ပါတီ ခေါင်းဆောင်အဖြစ်မှဖယ်ရှား ခံရပြီး ၁၉၇ဝပြည့်နှစ် ဇန်နဝါရီ လတွင် ပါတီဗဟိုကော်မတီဝင် အဖြစ်မှလည်း ထုတ်ပယ်ခံရသည်။ ထိုနှစ် တစ်နှစ်လုံးပင်ဒျုချက် ကိုထောက်ခံသူများ ပါတီမှသန့်စင်ခံရသည်။ ထိုစဉ်မှစ၍ဒျုချက် ကိုမူမှ သွေဖည်သူ၊ စေ့စပ်ရေးလမ်းကို လိုက်သူ၊ သူရဲဘော ကြောင်သူဟူ၍ ပါတီအာဘော် ရုဒဲပရာဝို သတင်းစာက အစဉ် တစိုက် ဝေဖန်တိုက်ခိုက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်အောက်တိုဘာ လနှင့် ၁၉၈၉ ခုနှစ် ဇန်နဝါရီလတို့တွင်လည်း အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြပွဲ များဖြစ်ပွားခဲ့ရာ ဒျုချက်ကို ထောက်ခံကြွေးကြော်မှု များရှိခဲ့သည်။ ဒျုချက်၏ ၁၉၆၈ ခုနှစ် ပြုပြင်ပြောင်းလဲရေး အစီ အစဉ်များသည် ဆိုဗီယက်ခေါင်းဆောင် မီခါယီးဂေါ်ဘာချော့၏ မျက်မှောက်ကာလ ပြုပြင်ပြောင်းလဲ ရေးအစီအစဉ်များနှင့်ဆင်တူ သည်ဟု ယူဆကြသည်။

ဒျုချက်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း အရှေ့အုပ်စု ၌ ဒျုချက်နှင့်ပထမဆုံးပြုလုပ်သော တွေ့ဆုံ ဆွေးနွေးခန်းတစ်ရပ် ကို ဟန်ဂေရီရုပ်မြင်သံကြားက ၁၉၈၉ ခုနှစ်ဧပြီလ ၁၇ ရက်နေ့ တွင်ထုတ်လွှင့်ခဲ့သည်။ ပရာဟာ နွေဦးအရေးအခင်းကို ဆိုဗီယက် တို့အင်အားသုံး၍ ဖြိုခွဲခဲ့စဉ် ထိုအချိန်က ပိုလန်နှင့် ဟန်ဂေရီ နိုင်ငံ ခေါင်းဆောင်တို့ ဟန့်တားပေးခြင်းမရှိခဲ့သည်ကို ယင်းဆွေး နွေးခန်း၌ ဒျုချက်က ပြောကြားပြီး ယင်းအရေး အခင်းကိုမှန်ကန် စွာ ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။ ထိုအရေးအခင်းကို ဖြိုခွဲခဲ့စဉ်က ရူမေးနီးယား နိုင်ငံမှအပ ဝါဆောစာချုပ် အဖွဲ့ဝင် နိုင်ငံအားလုံးပါဝင် ပတ်သက်ခြဲ့ကသည်။ ပိုလန် ပါလီမန်သည် လည်းကောင်း၊ ဟန်ဂေရီကွန်မြူနစ်ပါတီနှင့် အစိုးရသည်လည်း ကောင်း ၁၉၈၉ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် ယင်းသို့ စွက် ဖက်ဖြိုခွဲခဲ့မှုကို ရှုတ်ချခဲ့ကြသည်။ ထိုလ ၂၁ ရက်နေ့တွင် ချက်ကိုစလိုဗက်ပြည်သူတို့သည် ပရာဟာ နွေဦး အရေးအခင်း အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ပြန်ရာ လွတ်လပ် ရေးအဓွန့်ရှည်ပါစေ၊ ဟန်ဂေရီနိုင်ငံ အဓွန့်ရှည်ပါစေ၊ ပိုလန်နိုင်ငံ အဓွန့်ရှည်ပါစေဟူ၍ ကြွေးကြော်ခဲ့ကြသည်။


ယင်းအခမ်းအနားများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကဖြိုခွဲခဲ့သည်။ ယင်းဆန္ဒပြပွဲများ၌ ပြဇာတ်စာရေး ဆရာဗက်ကလပ် ဟာဗဲ၊ ပဋိညာဉ် ၇၇ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးခေါင်းဆောင် ဒါနာနင်ကိုဗာ၊ အဓိက မြေအောက်သတင်းစာ လီဒိုဗဲ နိုဗီနီ၏ အယ်ဒီတာရူးဒေါ့ ဇီမန်းစသည့် ခေါင်းဆောင်များ ထင်ရှားလာပြီး ဒျုချက်လည်း ဘရာတစ်လာဗာမြို့၌ လူထုရှေ့မှောက်သို့ ထွက်လာခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ဆန္ဒပြပွဲများ ပိုမိုကျယ်ပြန့်လာခဲ့ ရာထိုနေ့က ဝင်ဆီကလပ် ရင်ပြင်၌ စုရုံးကြသော ပရိသတ်သည် နှစ်သိန်းခန့်ရှိ၍ နှစ်ပေါင်း ၂ဝ အတွင်း အကြီးမားဆုံးသော လူ ထုပရိသတ်ကြီး ဖြစ်သည်။ ကွန်မြူနစ်ပါတီ ကျဆုံးပါစေအထိ ကြွေးကြော်လာခဲ့ကြသည်။ နောက်တစ်နေ့တွင် လူအင်အား ငါး သိန်းထိ တိုးတက်များပြားလာခဲ့သည်။

ပါတီခေါင်းဆောင် ယာကက်ရှ်နှင့် အခြားပေါ်လစ်ဗျူရို အဖွဲ့ဝင် ၁၃ ဦးတို့သည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင်နုတ်ထွက် ခဲ့ကြသည်။ ယာကက်ရှ်၏ နေရာတွင် ကာရဲအူးရဘာနက် (၄၈ နှစ်)ကို အစားထိုး ရွေးချယ်ခန့်အပ်သည်။ ၁၉၆၈ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုဦးဆောင်သော ဝါဆောတပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်ခဲ့စဉ်က အူးရဘာနက်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း မရှိချေ။

ပြုပြင်ပြောင်းလဲရေးဝါဒီ ဝန်ကြီးချုပ် လာဒီဆလပ်အဒမ် မက်သည် ဆန္ဒပြပွဲများအတွင်း ထင်ရှားသော စီဗစ်ဖိုရမ်အဖွဲ့နှင့် မဟာမိတ်ပြုခဲ့သည့် သတင်းများထွက်ပေါ်လာခဲ့သည်။ ဝန်ကြီး ချုပ်ဟောင်း လူဘို မီယာ စထရောဂါးကလည်း ၁၉၆၈ ခုနှစ် အရေးအခင်းဖြစ်ပြီးစက ထုတ်ပယ်သန့်စင်ခံရသော ထိပ်တန်း ခေါင်းဆောင်များအား အတိုက်အခံ လှုပ်ရှားမှုတွင် ပါဝင်ကြရန် နှိုးဆော်ခဲ့သည်။ ထိုစဉ်က ထုတ်ပယ်ခံရ သောပါတီဝင်လေးသိန်း ခန့်သည် အလက်ဇန္ဒားဒျုချက်ကို ထောက်ခံခဲ့ကြသည်။ ကွန်မြူ နစ်ပါတီ၏ သတင်း စာတစ်စောင်ဖြစ်ခဲ့သော စဗိုဗော့ဒနီစလိုဗို (လွတ်လပ်သော စကား)အမည်ရှိ သတင်းစာတွင် ဆန္ဒပြလှုပ်ရှား မှု သတင်းများကို အကျယ်တဝင့် ဖော်ပြခဲ့သည်။

ဗက်ကလပ် ဟာဗဲခေါင်းဆောင်သော စီဗစ်ဖိုရမ် ကိုယ် စားလှယ်အဖွဲ့နှင့် ဝန်ကြီးချုပ် အဒမ်မက်တို့ ၁၉၈၉ ခုနှစ် နိုဝင် ဘာလ ၂၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ အစိုးရအဖွဲ့ နုတ်ထွက်လွှာတင်သွင်းရန် တောင်းဆိုချက်မှအပ အတိုက်အခံ တို့အား လိုက်လျောသည်ဟုဆိုသည်။ နောက်တစ်နေ့တွင် အမျိုး သားလွှတ်တော် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ ချက်ကိုစ လိုဗက်ကီးယားပြည်သူတို့သည် အစည်းအဝေးကျင်းပပုံကို တအံ့ တဩ ကြည့်မြင်လိုက်ရသည်။ အကြောင်းမှာ ကွန်မြူနစ်ပါတီ ကသာ နိုင်ငံကို ဦးဆောင်ရမည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ ကို ပယ်ဖျက်ရန်အဆိုကို ထောက်ခံမဲ ၃ဝ၉ မဲ၊ ကန့် ကွက်မဲမရှိဖြင့် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအချိန်တွင် အစိုးရက ဆောင်ရွက်ပေးပြီးသော ကိစ္စ များမှာ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကဏ္ဍကို ပြဋ္ဌာန်းထား သောဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ဖျက်သိမ်းခြင်း၊ ကွန်မြူနစ်မဟုတ်သော ဝန်ကြီးများပါဝင်သည့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းပေးမည်ဟု ကတိပြုခြင်း၊ ၁၉၆၈ ခုနှစ်က ဆိုဗီယက်ကျူး ကျော်သည့်ဖြစ်ရပ်သည် မှားယွင်းသည်ဟုဝန်ခံခြင်း၊ မာ့က်စ်လီနင် အတွေးအခေါ်ကို မသင်မနေရ ပြဋ္ဌာန်းထားမှု ကို ဖျက်သိမ်းခြင်း၊ 'သံကန့်လန့်ကာ' ကိုဖယ်ရှား၍ ခရီးသွားခွင့် တားမြစ်ကန့်သတ် ချက်များကို ဖျက်သိမ်းခြင်း၊ သတင်းစာ၊ စာအုပ်စာတမ်း၊ ရုပ်ရှင် နှင့်ပြဇာတ်အနုပညာများကို တင်းကျပ်စွာစိစစ်နေခြင်းကို လျှော့ချ ပေးခြင်းတို့ဖြစ်ကြသည်။ အတိုက်အခံဆန္ဒပြသူများက သမ္မတ ဂုစတပ်ဟူဆက် နုတ်ထွက်ပေးရန်၊ သတင်းစာနှင့် စာပေရေးသား မှု လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်တို့ကို အာမခံသော ဥပဒေများပြဋ္ဌာန်းပေးရန်၊ လွတ်လပ်သော ရွေးကောက်ပွဲများကျင်း ပပေးရန်၊ ပါတီ၏ ခါးပိုက်ဆောင်တပ်ဖြစ်သော ပြည်သူ့စစ်တပ် ဖွဲ့များကို ဖျက်သိမ်းပေးရန်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်၊ စီးပွားရေးတွင် ဈေးကွက်ဦးစားပေးသော တံခါးဖွင့် မူဝါဒကို ကျင့်သုံးရန်တို့ကို ဆက်လက်တောင်းဆိုကြသည်။

နိုဝင်ဘာလကုန်တွင် သမ္မတ ဂုစတပ် ဟူဆက်လည်း နုတ်ထွက် သွားသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကွန်မြူနစ်ပါတီနှင့် အတိုက်အခံ စီဗစ်ဖိုရမ် အဖွဲ့တို့သည် သမ္မတသစ် ရွေးချယ်တင် မြေ|ာက်ရန် သဘောတူညီခဲ့ကြပြီး ဆက်လက်၍လုပ်ထုံးလုပ်နည်း များကို ညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ဗက်ကလပ် ဟာဗဲကို သမ္မတအဖြစ် လည်းကောင်း၊ ဒျုချက်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် လည်းကောင်း ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရွေး ချယ်တင်မြှောက် ခဲ့သည်။

ဗက်ကလပ် ဟာဗဲသည် အငှားကားယာဉ်မောင်းလုပ်ရင်း စာပေနယ်သို့ ဝင်ခဲ့သူဖြစ်သည်။ ၁၉၆၃ ခုနှစ်က ပထမဆုံးရေး သားထုတ်ဝေသော ပန်းဥယျာဉ် ဧည့်ခံပွဲအမည်ရှိ ပြဇာတ်သည် အထူးထင်ရှားသည်။ ၁၉၆၈ ခုနှစ် ဧပြီလတွင်မူ ဒုတိယပြဇာတ် လက်ရာ ဖြစ်သော မှတ်တမ်းလွှာကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ပြည်သူ့ဇာတ်ရုံ၌ စင်တင်ကပြရာဟာဗဲကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် လေးလအကြာတွင် ဆိုဗီ ယက်ပြည်ထောင်စု တပ်နီတော်ကျူးကျော်ဝင်ရောက်သည်။ ဆိုဗီယက် ပြည်ထောင်စု၏ ထောက်ခံမှုကို ရသောအစိုးရအဖွဲ့ သစ်သည် ဟာဗဲ၏အရေးအသားများကို စိစစ်ဖြတ်တောက် ပိတ် ပင်မှုများပြုလုပ်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ချက်ကိုစလိုဗက်ကီး ယားနိုင်ငံ၌ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ပဋိညာဉ် ၇၇ အမည်ရှိ အတိုက်အခံ အဖွဲ့အစည်းကို ထူထောင်သူများထဲတွင် ဟာဗဲလည်းတစ်ဦးအပါ အဝင်ဖြစ်သည်။ စီဗစ်ဖိုရမ်ကို ဦးဆောင်ဖွဲ့စည်းရာ၌လည်း ပါဝင် ခဲ့သည်။ အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများဖြစ်အောင် လှုံ့ဆောင်မှု ဖြင့်အကျယ်ချုပ် ရှစ်လချထားခံရလေရာ လေးလမျှကျခံပြီးနောက် ၁၉၈၉ ခုနှစ်မေလကမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၀)