ခေါင်းကိုက်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ခေါင်းကိုက်ခြင်း သို့မဟုတ် ဆယ်(လ်)ဖဲ့(လ်)ဂျီးယား သည် ဦးခေါင်း သို့မဟုတ် လည်ပင်းတဝိုက်ရှိ မည်သည့်နေရာတွင်မဆို နာကျင်ခြင်း ဖြစ်သည်။ ဦးခေါင်း သို့မဟုတ် လည်ပင်းတို့၏ အမျိုးမျိုးသော အခြေအနေများတွင် ဖြစ်သော ရောဂါလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ဦးနှောက် တစ်ရှူးတွင် နာကျင်မှုကိုသိစေသော အာရုံခံ မရှိသောကြောင့် ကိုယ်တိုင်က နာကျင်မှုကို မခံစားရပေ။ ထို့ထက်၊ ဦးနှောက်တဝိုက်ရှိ နာကျင်မှုကို ခံစားလွယ်သော ဖွဲ့စည်းတည်ဆောက်မှုများ၏ နှောက်ယှက်မှုကြောင့် နာကျင်မှုဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ဦးခေါင်း သို့မဟုတ် လည်ပင်းတဝိုက်ရှိ နေရာအတော်များများတွင် ဤသို့သော နာကျင်မှုကို ခံစားသော ဖွဲ့စည်းတည်ဆောက်မှုများ ရှိပြီး နှစ်မျိုး ခွဲခြားနိုင်သည်- ဦးခေါင်းထိပ်ပိုင်း (သွေးကြောများ၊ ဦးနှောက်အမြှေးအလွှာများ၊ နှင့် ဦးခေါင်းရှိ အာရုံကြောများ) နှင့် ဦးခေါင်းထိပ်ပိုင်းပြင်ပ (ဦးခေါင်ခွံတွင်း အမြှေးပါး၊ ကြွက်သားများ၊ အာရုံကြောများ၊ သွေးလွှတ်ကြောများနှင့် သွေးပြန်ကြောများ၊ အရေပြားအောက်ရှိ တစ်ရှူးများ၊ မျက်စိများ၊ နားများ၊ နဖူး၊ ပါးရိုး နှင့် နှာခေါင်းရိုး တဝိုက်ရှိ လေအိတ်ငယ်များနှင့် အကျိအချွဲရှိသော အမြှေးပါးများ) ဖြစ်သည်။ခေါင်းကိုက်ခြင်းများအတွက် အမျိုးအစားခွဲခြားခြင်း စနစ် အမျိုးမျိုးရှိသည်။ လူသိအများဆုံးမှာ အပြည်ပြည်ဆိုင်ရာ ခေါင်းကိုက်ခြင်း အဖွဲ့အစည်းက သတ်မှတ်ထားချက်များ ဖြစ်သည်။ ခေါင်းကိုက်ခြင်းကို ကုသခြင်းမှာ အခြေခံ အကြောင်းရင်းလေ့လာချက် သို့မဟုတ် အကြောင်းရင်းအပေါ် မူတည်သော်လည်း အများအားဖြင့် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုကြသည်။

အကြောင်းရင်း[ပြင်​ဆင်​ရန်​]

ခေါင်းကိုက်ခြင်း အမျိုးပေါင်း ၂၀၀ ကျော်ရှိပြီး အန္တရာယ်မရှိသော အခြေအနေမှသည် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်စေနိုင်သည်။ အာရုံကြောဆိုင်ရာ စစ်ဆေးရာတွင် တွေ့ရှိချက်များနှင့်အတူ ခေါင်းကိုက်ခြင်းကို ဖော်ပြချက်သည် နောက်ထပ် စစ်ဆေးစမ်းသပ်ခြင်းများ လိုအပ်မှုနှင့် အသင့်လျော်ဆုံးသော ကုသမှုတို့ကို တိုင်းတာဆုံးဖြတ်ပေးသည်။

ဖြစ်လေ့ရှိသော အကြောင်းရင်းများ[ပြင်​ဆင်​ရန်​]

အများဆုံး ဖြစ်လေ့ဖြစ်ထရှိသော ခေါင်းကိုက်ခြင်းမှာ “မူလ ခေါင်းကိုက်စေသော မူမမှန်မှုများ” ဖြစ်သည်- ဥပမာ ကိုယ်စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်းနှင့် မိုင်ဂရိန်း ခေါ် ခေါင်းတစ်ခြမ်းကိုက်ခြင်း။ ၎င်းတို့တွင် ဖြစ်လေ့ရှိသော လက္ခဏာများရှိသည်၊ ဥပမာ ခေါင်းတစ်ခြမ်းကိုက်ခြင်းတွင် သွေးခုန်နှုန်းနှင့်အတူ စည်းချက်မှန်မှန် ကိုက်ခဲတတ်ခြင်း၊ ဦးခေါင်း တစ်ခြမ်းကို သက်ရောက်ခြင်း၊ ပျို့ခြင်း၊ နှင့် ပြင်းထန်စွာ နာကျင်ခြင်း၊ နှင့် ပုံမှန်အားဖြင့် ၃ နာရီမှ ၃ ရက်အထိ ကြာတတ်သည်။ ပိုမိုရှားပါးသော မူလ ခေါင်းကိုက်စေသော မူမမှန်မှုများမှာ ထရိုင်ဂျဲမနယ် နျူရဲ(လ်)ဂျာ ခေါ် အာရုံကြောများမူမမှန်မှုကြောင့် နာကျင်ခြင်း (သေနတ်ပစ်သကဲ့သို့သော မျက်နှာဖြစ်စေသော နာကျင်မှု)၊ စုဖွဲ့ခေါင်းကိုက်ခြင်း(အချိန်တိုအတွင်း အားလုံး စုပေါင်း၍ ပြင်းထန်စွာ နာကျင်မှု) နှင့် ဟဲမီခရေးနီးယား ကွန်တင်းနျူယာ ခေါ် အဆက်မပြတ် ခေါင်းကိုက်ခြင်း (ဦးခေါင်းတစ်ခြမ်းတွင် အဆက်မပြတ် ခေါင်းကိုက်ခြင်း) တို့ဖြစ်သည်။

အခြား အကြောင်းအရင်းများ[ပြင်​ဆင်​ရန်​]

ခေါင်းကိုက်ခြင်းများသည် ဦးခေါင်း သို့မဟုတ် လည်ပင်း တစ်နေရာရာတွင်ရှိသော ပြဿနာများကြောင့်လည်း ဖြစ်ပွားနိုင်သည်။ ဤသို့သော ပြဿနာများမှ အချို့မှာ အန္တရာယ်မရှိပါ၊ ဥပမာ ဇက်ကြောတက်ပြီး ခေါင်းကိုက်ခြင်း (လည်ပင်းကြွက်သားများမှလာသော နာကျင်မှု)။ ဆေးဝါး အလွန်အကျွံ သုံးစွဲခြင်းကြောင့် ခေါင်းကိုက်ခြင်းသည် ခေါင်းကိုက်ခြင်းများအတွက် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်သုံးရာမှ ခေါင်းကိုက်ခြင်းကိုပိုမိုဆိုးရွားလာစေခြင်း ဖြစ်သည်။

ခေါင်းကိုက်ခြင်းဖြစ်စေသော အချို့လက္ခဏာများမှာ အန္တရာယ်ဖြစ်နိုင်ခြေရှိသော အခြား အကြောင်းရင်းများကြောင့်ဖြစ်သည်။ အချို့မှာ အသက်အန္တရယ်ထိခိုက်နိုင်ခြင်း သို့မဟုတ် ရေရှည် ထိခိုက်ပျက်စီးစေခြင်း ဖြစ်နိုင်သည်။ ထို့ကြာင့် “အလံနီ” ရောဂါလက္ခဏာ အချို့သည် ခေါင်းကိုက်ခြင်းကို အထူးကုများနှင့် နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သတိပေးချက်များ ဖြစ်သည်။ အလံနီ ရောဂါလက္ခဏာများသည် အသက် ၅၀ ကျော် လူတစ်ဦးတွင် ဖြစ်သော ခေါင်းကိုက်ခြင်းအသစ် သို့မဟုတ် ထူးခြားသည့် ခေါင်းကိုက်ခြင်း ဖြစ်သည်- မိနစ်ပိုင်းအတွင်း ခေါင်းကိုက်ခြင်း(လျှပ်တပြက် ခေါင်းကိုက်ခြင်း)၊ ခြေလက်များ မလှုပ်ရှားနိုင်ခြင်း သို့မဟုတ် အာရုံကြောဆိုင်ရာ စစ်ဆေးချက်တွင် မူမမှန်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ ခေါင်းကိုက်ခြင်းဝေဒနာဖြင့် အိပ်နေရာမှ နိုးလာခြင်း၊ အနေအထား ပြောင်းလဲခြင်းကြောင့် ပိုမိုဆိုးရွားလာသော ခေါင်းကိုက်ခြင်း၊ အားစိုက်လှုပ်ရှားမှုကြောင့် ပိုမိုဆိုးရွားလာသော ခေါင်းကိုက်ခြင်း သို့မဟုတ် ဗယ်(လ်)ဆယ်(လ်)ဗာ မနူးဗား (ချောင်းဆိုးခြင်း၊ အားစိုက်လုပ်ဆောင်ခြင်း)၊ အမြင်အာရုံ ပျောက်ဆုံးခြင်း သို့မဟုတ် အမြင်အာရုံ မူမမှန်ခြင်းများ၊ မေးရိုး နာကျင်ခြင်း(အစာ ဝါးရာတွင် မေးရိုး နာကျင်မှု)၊ လည်ပင်းခိုင်ခြင်း၊ အဖျား၊ နှင့် HIV၊ ကင်ဆာရောဂါ သို့မဟုတ် သွေးကြောပိတ်ဆို့ခြင်း အန္တရာယ်များသော သူများတွင် ဖြစ်သော ခေါင်းကိုက်ခြင်းများ။

လျှပ်တပြက် ခေါင်းကိုက်ခြင်း[ပြင်​ဆင်​ရန်​]

“လျှပ်တပြက် ခေါင်းကိုက်ခြင်း”သည် ဦးနှောက်တွင်း သွေးယိုစီးခြင်း ကြောင့် ဖြစ်ပေါ်လာသော တစ်ခုတည်းသော ရောဂါလက္ခဏာ ဖြစ်နိုင်သည်။ ၎င်းသည် အများအာဖြင့် ဦးနှောက်သွေးကြော ပြတ်တောက်ခြင်းကြောင့် ဦးနှောက်တဝိုက်တွင် သွေး စုပုံလာသော လေဖြတ်ခြင်း တစ်မျိုးဖြစ်သည်။ ဖျားလျှက် ခေါင်းကိုက်ခြင်းသည် အထူးသဖြင့် ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာများ (လည်ပင်းခိုင်ခြင်းကြောင့် လည်ပင်းမရွေ့နိုင်ခြင်း) ရှိပါက ဦးနှောက်အမြေးှရောင်ရောဂါကြောင့် ဖြစ်နိုင်ပြီး ဦးနှောက်ရောင်ခြင်း (အချို့သော ကူးစက်ရောဂါပိုးများကြောင့် အမြဲဖြစ်တတ်သော ဦးနှောက်ရောင်ခြင်း)နှင့် ရောထွေးနိုင်သည်။ အားစိုက်လှုပ်ရှားမှုကြောင့် သို့မဟုတ် အနေအထား ပြောင်းလဲခြင်းကြောင့် ပိုမိုဆိုးရွားလာသော ခေါင်းကိုက်ခြင်း သည် ဦးခေါင်းခွံအတွင်း ဖိအားများလာခြင်းကြောင့် ဖြစ်နိုင်သည်။ နံနက်ပိုင်းအချိန်တွင် ပိုမို ဆိုးရွားလေ့ရှိပြီး အော့အန်ခြင်းနှင့် ဆက်စပ်လျှက်ရှိသည်။ ဦးနှောက်တွင်း ဖိအားများခြင်းသည် ဦးနှောက်အကျိတ်၊ ဦးနှောက်အတွင်း သွေးဖိအားများခြင်းကြောင့် အာရုံကြောဆိုင်ရာ မူမမှန်မှု (IIH၊ အသက်ငယ်ရွယ်ပြီး ကိုယ်အလေးချိန်ပိုများနေသော အမျိုးသမီးများတွင် ပိုမိုဖြစ်တတ်သည်)နှင့် တခါတရံတွင် ဦးနှောက်အတွင်း သွေးကြောပိတ်ဆို့ခြင်းကြောင့် ဖြစ်သော လေဖြတ်ခြင်း တို့ကြောင့် ဖြစ်တတ်သည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အားနည်းခြင်းနှင့်အတူ ခေါင်းကိုက်ခြင်းသည် လေဖြတ်ခြင်း (အထူးသဖြင့် ဦးနှောက်တွင်း သွေးယိုစီးခြင်း သို့မဟုတ် ဦးနှောက်မြှေးအပြင်ဆုံးလွှာ သွေးယိုစိမ့်မှု) သို့မဟုတ် ဦးနှောက် အကျိတ် ဖြစ်မှုကို ညွှန်ဆိုခြင်း ဖြစ်နိုင်သည်။ အသက်အရွယ် ကြီးရင့်သူများ ခံစားရသော ခေါင်းကိုက်ခြင်းသည် အထူးသဖြင့် အမြင်အာရုံ ရောဂါလက္ခဏာများ သို့မဟုတ် မေးရိုးနာကျင်မှုနှင့် ဆက်နွယ်သည့် အခါမျိုးတွင် သွေးကြောနံရံများ ရောင်ရမ်းသော ဦးနှောက်တွင်း သွေးလွှတ်ကြောရောင်ခြင်း (GCA)၊ နှင့် သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းများကို ဖော်ပြခြင်း ဖြစ်နိုင်သည်။ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းသည် ခေါင်းကိုက်ခြင်းသာမက ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားအားနည်းခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းတို့ကို ဖြစ်စေနိုင်သည်။ အပိတ် ရေတိမ်ရောဂါ (မျက်လုံးအိမ်တွင် ဖိအား အလွန်များခြင်း)သည် မျက်လုံးတဝိုက်တွင် ကိုက်ခဲခြင်း အပြင် အမြင်အာရုံ မူမမှန်ခြင်းများ၊ ပျို့ခြင်း၊ အန်ခြင်းနှင့် မျက်ဆံကျယ်ခြင်းနှင့်အတူ မျက်စိနီခြင်းတို့ ဖြစ်စေနိုင်သည်။

ဆေးကုသခြင်း[ပြင်​ဆင်​ရန်​]

ရေရှည်မဟုတ်သော စူးရှပြင်းထန်စွာ ခေါင်းကိုက်ခြင်းများ

ခေါက်ကိုက်မှုအားလုံးကို ဆေးဝါးဖြင့် ကုသရန် မလိုအပ်ပါ။ အများစုမှာ ပါရာစီတမော(လ်)/အဆီတမီနိုဖန် တို့ကဲ့သို့သော ရိုးရှင်းသည့် အကိုက်အခဲပျောက်ဆေးများ (နာကျင်မှုပျောက်ဆေးများ) သို့မဟုတ် အက်စပရင်၊ အိုင်ဗျူပရိုဖန် သို့မဟုတ် ဒိုင်ကလိုဖန်နက် တို့ကဲ့သို့သော စတီးရိုက်မပါသည့် အရောင်လျော့ဆေးများ ဖြင့် ပျောက်ကင်းနိုင်သည်။

နာတာရှည် ခေါင်းကိုက်ခြင်းများ[ပြင်​ဆင်​ရန်​]

နာတာရှည် ခေါင်းကိုက်ခြင်းများကို စီမံထိန်းချုပ်ခြင်း

အကြောင်းရင်းမသိဘဲ ထပ်ခါထပ်ခါ ခေါင်းကိုက်တတ်သူများသည် ခေါင်းကိုက်သည့် အမျိုးအစား၊ ဆက်နွယ်နေသော ရောဂါလက္ခဏာများ၊ ရုတ်တရက်ခေါင်းကိုက်စေခြင်း နှင့် ပိုဆိုးလာစေခြင်း အချက်အလက်တို့ကို မှတ်သားထားသည့် “ခေါင်းကိုက်မှု နေ့စဉ်မှတ်တမ်း” သိမ်းဆည်းထားခြင်းသည် အသုံးဝင်နိုင်သည်။ ယင်းသည် ထူးခြားသော ဆက်နွယ်မှုပုံစံကို ဖော်ထုတ်နိုင်သည်-ဥပမာ ဆေးဝါး၊ ဓမ္မတာလာခြင်း သို့မဟုတ် ပျက်ကွက်ခြင်း၊ အချို့သော အစားအစာတို့နှင့် ဆက်နွယ်မှုများ။ ၂၀၀၇ခုနှစ်တွင် သီးခြား သုတေသီ အုပ်စုနှစ်ခုက အစီအရင်ခံသည်မှာ ထည့်သွင်းထားသော အီလက်ထရုတ်များနှင့် ဦးနှောက်ကို တက်ကြွစေခြင်းသည် စုဖွဲ့ခေါင်းကိုက်ခြင်းကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေသည်ဟု ဆိုသည်။အပ်စိုက်ကုသခြင်းသည် ကိုယ်စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းနှစ်မျိုးလုံးကြောင့်ဖြစ်သော နာတာရှည် ခေါင်းကိုက်ခြင်းများတွင် အကျိုးများကြောင်း တွေ့ရသည်။ အပ်စိုက်ကုသခြင်းနှင့် ‘ဟန်ဆောင်’ အပ်စိုက်ကုသခြင်း တို့ကို နှိုင်းယှဉ်သော သုတေသနက အပ်စိုက်ကုသခြင်း ရလဒ်များသည် လူနာကိုစိတ်ကျေနပ်အောင် နှစ်သိမ့်သည့်သဘောဖြင့် ကုသသည့်နည်း၏ အကျိုးအာနိသင်ကြောင့် ဖြစ်နိုင်သည်ဟု ပြသခဲ့သည်။

သို့သော် ကုသမှု နည်းတစ်မျိုးသည် နာတာရှည် ခံစားနေရသူများအတွက် အများအားဖြင့် မလုံလောက်ဘဲ ၎င်းတို့သည် နာတာရှည် နေ့စဉ် ခေါင်းကိုက်ခြင်း ဝေဒနာများကို စီမံကိုင်တွယ်ဖြေရှင်းရန်၊ မည်သို့နေထိုင်ရမည်ကို သိရှိရန်နှင့် ကုသမှုရှာဖွေရန် နည်းအမျိုးမျိုးကို ရှာဖွေလေ့လာနိုင်သည်။သို့သော် နာတာရှည် ခေါင်းကိုက်ခြင်းများကို ကုသရန် နည်းလမ်းနှစ်မျိုးရှိရာ စူးရှပြင်းထန်စွာ နာကျင်မှုကို ပြေပျောက်ရန် ကုသခြင်းနှင့် ကာကွယ်ကုသခြင်းတို့ဖြစ်သည်။ ပထမနည်းမှာ ရောဂါလက္ခဏာများကို ချက်ချင်း ပြေပျောက်စေရန် ရည်ရွယ်ပြီး ဒုတိယနည်းမှာ နာတာရှည်ဖြစ်နေသော ခေါင်းကိုက်ခြင်းကို ထိန်းချုပ်ရန် အဓိကထားသည်။ ထိုအကြောင်းကြောင့် နာကျင်မှုပြေပျောက်ရန် ကုသခြင်းကို ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် ကုသခြင်း၌ ထိရောက်စွာ အသုံးပြုနိုင်ပြီး ကာကွယ်ကုသခြင်းကို နာတာရှည် ခေါင်းကိုက်ခြင်းများကို ထိန်းချုပ်ခြင်းတွင် ပုံမှန်အားဖြင့် အသုံးပြုသည်။ ကာကွယ်ရန်ကုသခြင်း၏ အဓိက ရည်မှန်းချက်မှာ ခေါင်းကိုက်မှု အကြိမ်အရေအတွက်၊ ပြန်းထန်မှုနှင့် ဝေဒနာခံစားရသည့် ကာလတို့ကို လျှော့ချရန် ဖြစ်သည်။ ဤသို့သော ကုသမှုတွင် အနည်းဆုံး ၃ လ၊ အချို့မှာ ၆ လကျော်အထိ နေ့စဉ် ဆေးဝါး သောက်သုံးခြင်း ပါဝင်သည်။[20] ကာကွယ်ကုသခြင်းတွင် အသုံးပြုသည့် ဆေးဝါးများသည် အများအားဖြင့် လူနာ ခံစားနေရသော အခြား အခြေအနေများပေါ်တွင် အခြေခံပြီး ရွေးချယ်လေ့ ရှိသည်။ ယေဘုယျအားဖြင့် ကာကွယ်ကုသခြင်းတွင် အသုံးပြုသော ဆေးဝါးများသည် ပမာဏ အနည်းငယ်ပေးခြင်းဖြင့် စတင်ပြီး တဖြည်းဖြည်း ပမာဏတိုးမြှင့်သွားကာ နာကျင်မှု ပျောက်ကင်းပြီး ရည်မှန်းချက် အောင်မြင်သည်အထိ သို့မဟုတ် ဘေးထွက်ဆိုးကျိုး ပေါ်ထွက်လာသည့်အချိန်ထိ ကုသသည်။

ယခုအချိန်အထိ အာမီထရစ်တလင်း၊ ဖလူအော့ဇီတင်း၊ ဂါဘာပန်တင်း၊ တိုင်ဇန်နီတင်း၊ တိုပီရာမိတ်၊ နှင့် ဘော့ကျူလင်နင် တော့ဇင် အမျိုးအစား အေ (BoNTA) တို့သာလျှင် နာတာရှည် နေ့စဉ်ခေါင်းကိုက်ခြင်းကို ကျပန်းစမ်းသပ်ခြင်း၊ အုပ်စုနှစ်ခုခွဲ စမ်းသပ်ခြင်း၊ လူနာကိုစိတ်ကျေနပ်အောင် နှစ်သိမ့်ကုသသည့်နည်း သို့မဟုတ် အချိန်ပြည့် နှိုင်းယှဉ်မှုအသုံးပြု စမ်းသပ်ခြင်း တို့ဖြင့် အကဲဖြတ်ပြီးဖြစ်သည်။ ဝက်ရူးပြန် အတက်ရောဂါအတွက်ဆေး များ ကို နာတာရှည် နေ့စဉ် ခေါင်းကိုက်ခြင်းကို ကာကွယ်ကုသခြင်းတွင် အသုံးပြုနိုင်ပြီး ဗဲ(လ်)ပရိုရိတ် ပါဝင်သည်။[20] ရောဂါတစ်ခုထက် ပိုမိုခံစားနေရသော လူနာများ သိုု့မဟုတ် ဆေးဝါးများသုံးစွဲသော်လည်း မသက်သာသည့်သူများတွင် စိတ်ပညာဆိုင်ရာ ကုသခြင်းများကို အသုံးပြုရန် စဉ်းစားကြသည်။

ကလေးများတွင်ဖြစ်ပွားခြင်း[ပြင်​ဆင်​ရန်​]

ကလေးများသည်လည်း လူကြီးမျာကဲ့သို့ပင် အလားတူ ခေါင်းကိုက်ခြင်းမျိုးများကို ခံစားနိုင်ပါသည်။ သို့သော် ၎င်းတို့၏ ရောဂါလက္ခဏာများမှာ အမျိုးမျိုးကွဲပြားခြင်း ရှိနိုင်ပါသည်။ ခေါင်းကိုက်ခြင်းအချို့တွင် ကိုယ်စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်းများ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းများ၊ နာတာရှည် နေ့စဉ်ခေါင်းကိုက်ခြင်းများ၊ စုဖွဲ့ခေါင်းကိုက်ခြင်းများနှင့် နဖူး၊ ပါးရိုး နှင့် နှာရိုးတဝိုက်ရှိ လေအိတ်ငယ်များ ရောင်ယမ်းခြင်းကြောင့် ခေါင်းကိုက်ခဲခြင်း တို့ပါဝင်ပါသည်။အမှန်စင်စစ် ကလေးငယ်အရွယ်သို့မဟုတ် မြီးကောင်ပေါက်အရွယ်မှ စတင်ပြီး ခေါင်းကိုက်ခြင်းမှာ ထုံးစံပင်ဖြစ်သည်။ နမူနာအားဖြင့် ခေါင်းကိုက်ရောဂါ ဝေဒနာရှင် လူကြီး ၂၀%သည် ယင်းတို့၏ ခေါင်းကိုက်ရောဂါသည် အသက် ၁၀နှစ် မတိုင်ခင်က စတင်ခဲ့ပြီး ၅၀%မှာ အသက် ၂၀ မပြည့်ခင်က စတင်ခဲ့ကြောင်း ပြောကြားခဲ့ကြပါသည်။ ကလေးများနှင့် မြီးကောင်ပေါက်များတွင် ခေါင်းကိုက်မှုများ ဖြစ်ပွားခြင်းမှာ ထုံးစံပင်ဖြစ်ပါသည်။ လေ့လာမှုတစ်ခုက အသက် ၁၂နှစ်နှင့် ၁၇ နှစ်အကြား ယောကျင်္ားလေး ၅၆%နှင့် မိန်းကလေး ရ၄%သည် လွန်ခဲ့သည့် တစ်လအတွင်း ခေါင်းကိုက်ရောဂါတစ်မျိုး ခံစားခဲ့ရကြောင်း အစီရင်ခံခဲ့ပါသည်။

ကလေးများ၌ ခေါင်းကိုက်ခြင်းများ ဖြစ်ပွားရသည့် အကြောင်းရင်းများတွင် အကြောင်းရင်းတစ်ခုသော်လည်းကောင်း၊ ပေါင်းစည်းထားသော အကြောင်းရင်းများသော်လည်းကောင်း ပါဝင်ပါသည်။ ဖြစ်လေ့ဖြစ်ထအများဆုံးရှိသောအကြောင်းရင်း အချို့တွင် အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတွင် မျိုးရိုးဗီဇအရ ဖြစ်ပွားရန်အလားအလာရှိခြင်း၊ မတော်တဆ ချော်လဲမှုကြောင့် ဖြစ်ရသော ဦးခေါင်းထိခိုက်ဒဏ်ရာ၊ နာမကျန်းမှုနှင့် ရောဂါပိုးကူးစက်ခြင်း၊ ဥပမာ အအေးမိခြင်းများနှင့် တုပ်ကွေးတို့အပါအဝင် နား သို့မဟုတ် နဖူး၊ ပါးရိုး နှင့် နှာရိုးတဝိုက်ရှိ လေအိတ်ငယ်များတွင် ရောဂါဖြစ်ပွားခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကဲ့သို့ စိတ်လှုပ်ရှားမှုနှင့် ပတ်သက်သော အကြောင်းရင်းများ၊ အစားအစာများနှင့် အဖျော်ယမကာများ၊ ကဖင်းဓာတ် သို့မဟုတ် အစားအစာတွင် ဖြည့်စွက်ထားသောအရာများ၊ အိပ်စက်ခြင်းသို့မဟုတ် လုပ်ရိုးလုပ်စဉ်ပုံစံကို ပြောင်းလဲခြင်း၊ ကျယ်လောင်သော အသံများတို့ ပါဝင်ပါသည်။ လွန်ကဲစွာ ခန္ဓာကိုယ် လှုပ်ရှားခြင်းနှင့် နေ တို့သည်လည်း အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ပွားစေနိုင်ပါသည်။

ကလေးများတွင်ဖြစ်ပွားသော ခေါင်းကိုက်ခြင်းအများစုကို ပြင်းထန်မှုမရှိဟု ယူဆပါသည်။ အခြားရောဂါလက္ခများ ဖြစ်သည့် စကားမပြောနိုင်သည့် ပြဿနာများ၊ ကြွက်သားအားနည်းမှုနှင့် အမြင်အာရုံဆုံးရှုံးမှုတို့နှင့် တွဲဖက်ဖြစ်ပွားသည့်အခါ ပိုမိုစိုးရိမ်ရသည့် အခြေခံအကြောင်းရင်းတစ်ခုရှိနိုင်ကြောင်း သံသယဝင်နိုင်ပါသည်။ ယင်းတို့တွင် ဟိုက်ဒရိုဆဲဖလပ်စ် ခေါ် ဦးနှောက်ထဲ ရေဝင်ခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်ရောင်နာ၊ ပြည်တည်နာ၊ သွေးယိုစီးခြင်း၊ အကျိတ်၊ သွေးခဲများနှင့် ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း တို့ ပါဝင်ပါသည်။ ဤဖြစ်ပွားမှုများတွင် ပင်မအာရုံကြောနှင့်သက်ဆိုင်သောစနစ်ရှိ ဖြစ်နိုင်ချေရှိသော ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆိုင်သော ကစဉ့်ကလျားဖြစ်ခြင်းကို ကြည့်ရန်အတွက် ခေါင်းကိုက်ခြင်းကို စစ်ဆေးရာ၌ ကွန်ပျူတာ ဓာတ်မှန် ခေါ် စီတီ စကဲန် သို့မဟုတ် သံလိုက်အားသုံး ဓာတ်မှန် ခေါ် အမ်အာအိုင်တို့ဖြင့် စစ်ဆေးခြင်း ပါဝင်နိုင်ပါသည်။အချို့သော စီမံဆောင်ရွက်ချက်များသည် ကလေးများတွင် ဖြစ်သော ခေါင်းကိုက်ခြင်းကို တားဆီးရာတွင် ကူညီနိုင်ပါသည်။ ယင်းတို့အနက်အချို့မှာ တစ်နေ့လုံး ရေအများအပြားသောက်ခြင်း၊ ကဖင်းဓာတ်ကို ရှောင်ခြင်း၊ အိပ်ရေးဝဝနှင့် ပုံမှန်အိပ်ခြင်း၊ သင့်တော်သောအချိန်တွင် မျှတသော အစားအစာများကို စားခြင်းနှင့် စိတ်ဖိစီးမှုနှင့် အလွန်အကျွံ လှုပ်ရှားမှုပြုခြင်းတို့ကို လျှော့ချခြင်းတို့ ဖြစ်ကြပါသည်။