ခင်ဘကုန်းပါဠိတော်ရွှေပေလွှာ

ဝီကီပီးဒီးယား မှ

ခင်ဘကုန်းပါဠိတော် ရွှေပေလွှာများ ဆိုသည်မှာ ၁၉၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ၊ သရေခေတ္တရာပျူမြို့ဟောင်း၏ အရှေ့တောင်ဘက် ကုလားကန်ကုန်းရွာအနီး မောင်ခင်ဘပိုင်ယာမြေ၊ ဘုရားပျက် အုတ်ပုံ ဌာပနာတိုက်အတွင်းမှ ရွှေ၊ ငွေတို့ဖြင့် ပြုလုပ်ထားသော ဌာပနာပစ္စည်း အမျိုးပေါင်း (၅ဝဝ) ကျော်၊ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ အဂ္ဂသာဝကနှစ်ပါးခြံရံထားသော ဘုရားလေးဆူ ဖောင်းကြွခပ်နှိပ်ထားသည့် အမြင့် (၁) မီတာခန့်ရှိ ငွေသားဓာတ်တော်ကြုပ်တို့နှင့်အတူ တွေ့ ရှိခဲ့သည့် ပျူခေတ် ပါဠိတော် ရွှေပေလွှာများဖြစ်သည်။[၁] ပေထုပ်တစ်ထုပ်ကဲ့သို့ ရွှေပြားအဖုံးနှစ်ချပ်နှင့် ဖုံးအုပ်ထားကာ ရွှေကြိုးဖြင့်စီးနှောင်ထား၍ အတွင်းဘက်ရှိ ရွှေပေလွှာများတွင် ပါဠိတော်ကောက်နုတ်ချက်များ ရေးသားထားသည်။ အဖုံးနှစ်ချပ်အပါအဝင် စုစုပေါင်း ရွှေပေလွှာတော် (၂၂) ချပ် ပါရှိသည်။ ယင်း ပါဠိတော်ရွှေပေလွှာများတွင် ရေးသားထားသည့် ပါဠိပိဋကတ်တော်မူမှာ လက်ရေးပုံနှင့် အက္ခရာပုံစံများအရ အေဒီ (၅) ရာစု အစောပိုင်းတွင်ရေးသားခဲ့ခြင်းဟု သုံးသပ်ထားပြီး ယနေ့ခေတ်ထိကျန်ရစ်သမျှ ပါဠိတော်မူများတွင် ရှေးအကျဆုံးဖြစ်ကြောင်း ပညာရှင်များ ယူဆထားကြသည်။[၂]

ယင်းရွှေပေလွှာများ၏ အရွယ်အစားမှာ အလျား ၆ ၁/၂ လက်မ၊ အနံ ၁ ၁/၄ လက်မ ဖြစ်၍ အဖုံးနှစ်ချပ် အပါအဝင် စုစုပေါင်း ပေလွှာ (၂၂) ချပ်၏ ရွှေသား အလေးချိန်မှာ ၁၃ ကျပ်သား၊ ၁၄ ပဲ၊ ၂ ရွေး ဖြစ်သည်။ ပါဠိတော်ရေးသားထားသော ရွှေပေလွှာတော် အချပ် (၂ဝ) အနက် ရွှေပေတော်-၁ မှ ရွှေပေတော်-၁၈ ထိ ပေချပ်တစ်ချပ်စီတွင် ပါဠိတော် သုံးကြောင်းစီရေးသားထား၍ ရွှေပေတော်-၁၉ တွင် ပါဠိတော် လေးကြောင်း နှင့် ရွှေပေတော်-၂ဝ တွင် ပါဠိတော် နှစ်ကြောင်းပါဝင်ကာ စုစုပေါင်း ပါဠိတော်အကြောင်းရေ (၆ဝ) ပါရှိသည်။ ယင်းပါဠိတော် အကြောင်းရေ (၆ဝ) မှာ အောက်ပါ အကြောင်းအရာ (၈) မျိုးကို ပါဠိပိဋကတ်တော်မှ ကောက်နုတ်ရေးသားထားကြောင်း တွေ့ရသည်။

(၁) ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်

(၂) ဝိပဿနာဉာဏ် (၇) ပါး

(၃) ဗောဓိပက္ခိယတရား (၃၇) ပါး

(၄) ဝေသာရဇ္ဇသုတ်

(၅) ဗုဒ္ဓဉာဏ်တော် (၁၄) ပါး

(၆) အားလုံးတွင် အမြတ်ဆုံး (၄) ပါး

(က) လမ်းခရီး အားလုံးတွင် အမြတ်ဆုံး

(ခ) သစ္စာအားလုံးတွင် အမြတ်ဆုံးသစ္စာ

(ဂ) သဘောတရားအားလုံးတွင် အမြတ်ဆုံး

(ဃ) အခြေနှစ်ချောင်းရှိသော သတ္တဝါအားလုံးတွင် အမြတ်ဆုံး

(၇) မြတ်စွာဘုရား ရဟန္တာတစ်ထောင်နှင့်အတူ ရာဇဂြိုဟ်ပြည်သို့ဝင်တော်မူရာတွင် သိကြားမင်းသည် လုလင်အသွင်ဖန်ဆင်း၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့၏ရှေ့ မှ သွားလျက် သီဆိုသောဂါထာများနှင့် လူတို့က ဤလုလင်သည် အဘယ်သူ၏သား ဖြစ်ပါသနည်းဟု ပြောဆိုကြရာတွင် သိကြားမင်းလုလင်က ပြန်လည်သီဆိုသောဂါထာ

(၈) ဗုဒ္ဓဂုဏ်တော် (၉) ပါး[၃]

အထက်ဖော်ပြပါ ရွှေပေလွှာတော် အချပ် (၂ဝ) ရှိ ပါဠိတော်ကောက်နုတ်ချက်များမှာ ဗုဒ္ဓဝါဒ၏ အနှစ်ချူပ်သဘောတရားများဖြစ်၍ ယင်းရွှေပေလွှာတော်ကို ရေးသားခဲ့ကြသည့် ထိုခေတ်အခါက သံဃာတော်များ၏ ပါဠိပိဋကတ်တော် ကျွမ်းကျင်နှံ့စပ်မှုကိုဖော်ပြနေသည်။

ယင်းရွှေပေလွှာတော်ပေါ်မှ ပါဠိတော်စာသားများနှင့် ပတ်သက်၍ ၁၉၉၅ ခုနှစ်က ကိန်းဗရစ်တက္ကသိုလ်တွင် ပညာရှင်အချို့ အသိအမြင်ဖလှယ်ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲတွင် အော်စကာ ဗွန် ဟိနုဗာ (Frieburg)၊ ဟယ်ရီဖော့ (Berlin)၊ ရစ်ချာတ် ဂွမ်းဘရစ်ချ် (Oxford) နှင့် ဂျင်းနက်စတားဂတ်တို့ ပါဝင်ခဲ့ကြသည်။ ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ခင်ဘကုန်းရွှေပေလွှာ ပါဠိတော်စာသားများနှင့် ပတ်သက်၍ ယခင်က သတိမထားမိခဲ့ကြသော အချက်အလက်အချို့ ကို လေ့လာသိရှိခဲ့ကြကြောင်း သိရသည်။ ယင်း အချက်အလက်များတွင် ပထမအချက်မှာ ရွှေပေလွှာများတွင် ရေးသားထားသည့် ပါဠိတော် အက္ခရာပုံစံများနှင့် အတူတွေ့ ရှိခဲ့သည့် ငွေသားဓာတ်တော်ကြုပ်ပေါ်တွင် ရေးသားထားသော အက္ခပုံစံများသည် ယခင်က ပညာရှင် ဖိနော့ထ် (Finot) သုံးသပ်ခဲ့သည့် ကဒံဗ အက္ခရာပုံစံများနှင့် ဆက်နွယ်နေခြင်း မဟုတ်ဘဲ အေဒီ (၅) ရာစုနှစ်အတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်း အန္ဓရဒေသတွင် သုံးစွဲခဲ့သော အက္ခရာပုံစံများနှင့်ဆက်နွယ်နေခြင်းသာဖြစ်သည် ဟုသောအချက်ဖြစ်သည်။ ဒုတိယအချက်မှာ ယင်းပါဠိတော် စာသားများကို တစ်ဦးတစ်ယောက်တည်းက ရေးသားခဲ့ခြင်းမဟုတ်ဘဲ အများရေးသားခဲ့သည် ဟုသောအချက်ဖြစ်၍ တတိယအချက်မှာ ယခင်က ရွှေပေလွှာ ပါဠိစာသားများတွင် အရေးအကူးမှားယွင်းခဲ့သည်ဟု ထင်မြင်ယူဆခဲ့သော စာလုံးပေါင်းပုံစံများမှာ မှားယွင်းခဲ့ခြင်းမဟုတ်ဘဲ ရေးသားသူ၏ သက္ကတဘာသာစကားနှင့်ပတ်သက်သော ဗဟုသုတကိုဖော်ပြနေကာ မှန်ကန်သည်ဟု လက်ခံနိုင်သော ရေးထုံးမူကွဲသာဖြစ်သည် ဟုသော အချက်ဖြစ်သည်။ နောက်ဆုံးအချက်မှာ ရွှေပေလွှာများနှင့်အတူတွေ့ရှိခဲ့သော ငွေသားဓာတ်တော်ကြုပ်နှုတ်ခမ်းပေါ်ရှိစာသားများမှာ ပါဠိတော်ရွှေပေလွှာများရှိ စာသားများနှင့် ဆက်စပ်နေကြောင်း အခိုင်အမာ ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်းဖြစ်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Marshall, John, ed., Annual Report of the Archaeological Survey of India 1926-27 (Calcutta: ASI, 1930), 170-181.
  2. Thein Lwin, Win Kyaing, and Janice Stargardt, "The Pyu Civilization of Myanmar and the City of Śri Kṣetra." In Lost Kingdoms: Hindu-Buddhist Sculpture of Early Southeast Asia, edited by John Guy, 63-68. New York, Metropolitan Museum of Art, 2014.
  3. သန်းဆွေ၊ ဒေါ်။ ပျူစာခင်ဘရွှေပေချပ်ဓာတ်ပုံများ။ ရန်ကုန်၊ မြန်မာစာဦးစီးဌာန၊ ၁၉၉၁။
  4. Stargardt, Janice. Tracing Thought through Things: The oldest Pali Texts and the Early Buddhist Archaeology of India and Burma. Netherlands: Gonda Lecture, 2000.