ကွင်းထိုးဂမုန်း

ဝီကီပီးဒီးယား မှ

ကွင်းထိုးဂမုန်း(ဂွင်းထိုး)ပင်များကို အိမ်၏ အဝင်အထွက် တံခါးပေါက် တစ်ဖက်တစ်ချက်တွင် စိုက်ပျိုးတတ်ကြသည်။ အရွက်များသည် တစ်ဝက်မှနေ၍ အလျားလိုက် လိပ်ပြီး၊ တစ်ရွက်နှင့်တစ်ရွက် ကွင်းစွပ်နေကြသည်။ အပင်နှစ်ပင်ပူး၍ စိုက်ပျိုးထားပါလျှင် နှစ်ပင်ပူးနေပါလျက် တစ်ပင်၏ အရွက်ထဲသို့ နောက်တစ်ပင်၏ အရွက်ဝင်၍ ကွင်းထိုး ဝင်မစွပ်ပါ။ သီးခြားစီ ကိုယ်အရွက် ကိုယ့်အပင်ချင်းသာ ကွင်းထိုးပါသည်။ လက်ယှက်ထိုး ကွင်းရာထွေးပြီး တစ်ရွက်နှင့် တစ်ရွက် အဆက်မပြတ် ကွင်းထိုး၍ ဝေဆာနေပါလျှင် လာဘ်လာဘရွှင်လန်း၍ ဘေးဥပါဒ် အန္တရာယ်ကင်းဝေးကာ လူချစ်လူခင် ပေါများ၍ အိမ်ထောင်ရေး အဆင်ပြေ ချောမွေ့ပါသည်။

ကွင်းများမထိုးတော့ပဲ ပြေပြီး တစ်ရွက်ချင်းစီဖြစ်နေလျှင် စီးပွားကျဆင်းပြီး အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ လူမှုရေးစသည်များ အဆင်မပြေ ရှိပြီး ဒုက္ခရောက်ရတတ်သည်။ ဤသို့ အရွက်များ ပြေ၍ ကွင်းမထိုးတော့ပါလျှင် အမွှေးနံ့သာများ ပက်ဖြန်း၍ အမွှေးတိုင်များ ထွန်းညှိပြီး သန့်ရှင်းစင်ကြယ်စွာ ပြန်လည်ထားရှိရပါမည်။ ဤသို့ သန့်ရှင်းစင်ကြယ်စွာ ပြုပြင်လိုက်ပါလျှင် အရွက်များသည် ပြန်လည်၍ လိပ်ပြီး ကွင်းပြန်စွပ်ပါလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမများ ကိုင်မိထိမိလျှင် သော်လည်းကောင်း၊ ခွေးများ၊ ကြောင်များ ဖြတ်ကျော်သွားလျှင်သော်လည်းကောင်း၊ မသန့်သော နေရာတွင် ထားမိလျှင်သော်လည်းကောင်း ကွင်းများပြေ၍ ကွင်းမထိုးတော့ပါ။

ကွင်းထိုးဂမုန်းသည် အပွင့်ပွင့်ရန် ခဲယဉ်းသော်လည်း ဘောလုံးပန်းကဲ့သို့ စပယ်ရနံ့သင်းသော အဖြူရောင်အပွင့်များ ပွင့်လာပါက စီးပွားဥစ္စာဓန ဒီရေအလား တိုးပွားတတ်သည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

၎င်း၏ ပန်းပင်အရိုးမှာ တစ်ပေခွဲလောက် ရှိပြီး ပန်းပွင့်ပုံမှာ လေးကျွန်းကြာခိုင်အပွင့်၊ ဆရာကြီးဂမုန်းအပွင့်၊ ဂမုန်းကိုယ်ရံကြီးအပွင့်တို့နှင့် ဆင်တူသည်။

ကွင်းထိုးဂမုန်းအား ခတ္တာကွင်းထိုး၊ ဂမုန်းသံကွင်းဆက်၊ ဂမုန်းလက်ယှက်၊ ကိုယ်ရံကြီးကွင်းထိုးဟူ၍လည်း ခေါ်ကြသေးသည်။ ကွင်းထိုးဂမုန်း၏ အရွက်သည်လည်း လေးကျွန်းကြာခိုင် အရွက်နှင့် ဆင်တူသည်။ အရှည် ၃၅"ခန့် ရှည်၍ ဗျက် ၂"ခွဲခန့် ရှိသည်။ ထိပ်သို့ ရှူးသွားသည်။ အရွက်အလယ်တွင်သာ ဗျက်ကြီးသည်။ ကွင်းထိုးဂမုန်းသည် ဥမှ အပင်ဖြစ်သော ဂမုန်းမျိုးဖြစ်သည်။ အမြစ်ဥ ရှုပ်ထွေး၍ ကြက်သွန်နီဥသဏ္ဌာန် ရှိသည်။ ၎င်းဂမုန်းပင်အား စိုက်ပျိုးလိုလျှင် လပြည့်နေ့ (မည်သည့်လမဆို) များတွင် စိုက်ပျိုးလျှင်ပိုကောင်းပါသည်။ စတင်စိုက်ပျိုးချိန်တွင် ဒိဝါတပတိ (သဗ္ဗဇယ မင်္ဂလာ) ဂါထာတော်ကို ရွတ်ဆို၍ စိုက်ပျိုးပါက ချမ်းသာသုခ ရပါမည်။

အာနိသင်[ပြင်ဆင်ရန်]

  1. အန္တရာယ်ကာကွယ်ပေးခြင်း၊
  2. လူချစ်လူခင် ပေါများခြင်း၊
  3. နှစ်ရှည်လများ ကွဲကွာနေသော သူများနှင့် ပြန်လည်တွေ့ဆုံ ပေါင်းစည်းရခြင်း၊
  4. လာဘ်လာဘအရာ၌ အထူးကောင်းမွန်ခြင်း တို့ ဖြစ်သည်။ [၁]

အရွက်များမှာ အလိပ်လိုက်ထွက်လာ၍ တစ်ရွက်နှင့် တစ်ရွက်ငုံကာ အငုံမပြန့်မီ နောက်တစ်ရွက် ထွက်သည်။ ယင်းဂမုန်းမှာ အပင်အနည်းငယ်ကြီးမှ ဤသို့ အရွက်ကွင်း ထိုးသည်။ အပင်ပေါက်စတွင် အရွက်သီးခြားထွက်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အောင်(ရေကျောင်းအင်ဂျင်နီယာ)၊ စွမ်းအားရှင်ဂမုန်းများ၊ (အောက်တိုဘာလ၊ ၂၀၀၄)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)