ကြွေရည်သုတ်ခြင်း

ဝီကီပီးဒီးယား မှ
ဘိုင်ဇင်တိုင်း အင်ပိုင်ယာခေတ်မှ ကြွေရည်သုတ်ပစ္စည်း
ဗြိတိသျှတော်ဝင်ပြတိုက်တွင် ရှိသော ရွှေဖလား
St. Gregory the Great in painted Limoges enamel on a copper plaque, by Jacques I Laudin

ကြွေရည်သည် အဓိကအားဖြင့် ဖဲလစ်ပါး(စဉ့်ကျောက်တမျိုး)၊ ကျောက်သလင်း၊ ဆီလီကွန်၊ လက်ချား၊ ခဲပုပ်နှင့် အခြားတွင်းထွက်ပစ္စည်းများ ပါဝင်သော ချော်ရည် တမျိုးပင် ဖြစ်သည်။ သို့သော် ကြွေသည် ဖန်ထက်ပိုမို ခိုင်ခံ့၍ သတ္တုကဲ့သို့ ကြာရှည်ခံ၏။ ကြွေရည်လုပ်ငန်းမှာ အထက်တွက် ဖော်ပြခဲ့သော ပစ္စည်းများကို လိုအပ်သလို ရောစပ်ပြီးနောက် ညက်ညက်ကြေအောင် ကြိတ်ချေရသည်။ ဤကြွေဆေးကို အမှုန့်အတိုင်းသော်လည်းကောင်း၊ အရည်တခုခုတွင်ဖျော်၍သော်လည်းကောင်း၊ ကြွေရည်သုတ်လိုသော ပစ္စည်းပေါ်၌ သုတ်လိမ်းပြီးနောက် ပေါင်းအိုးတွင် ထည့်၍ ပေါင်းတိုက်ပေးရသည်။ ထိုအခါ ကြွေဆေးသည် အရည်ပျော်၍ ကြွေရည်သုတ်လိုသည့် ပစ္စည်းမျက်နှာပေါ်၌ တညီတညာ ပျံ့နှံ့ပြီး စွဲကပ်သွားသည်။ ကြွေရည်ထူထူ သုတ်လိုသည့်အခါ ဤနည်းအတိုင်း သုံးလေးကြိမ်မျှ ထထပ်ပြီး တထပ် သုတ်ပေးရသည်။ ကြွေရည်သုတ်အတတ်မှာ ရှေးနှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့ပေသည်။ ရှေးခေတ်မှ ကြွေရည်သုတ် ပန်းအိုးများ၊ ဓားမြှောင်များ၊ လက်ဝတ်ရတနာများကို တူးဖော်ရရှိခဲ့ကြရာ ယခုအခါ အင်္ဂလန်၊ အမေရိကန်စသော နိုင်ငံကြီးများရှိ ပြတိုက်ကြီးများတွင် ထိုရှေးဟောင်းပစ္စည်းများကို တွေ့မြင်နိုင်ပေသည်။

ကြွေရည်သုတ်ဆိုရာ၌ ပန်းကန်ပြား၊ လက်ဖက်ရည်အိုး၊ ကြွေဇွန်း စသည်တို့ကဲ့သို့သော ရွံ့စေးဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများသာလျှင် မဟုတ်၊ သံ၊ ကြေးစသော သတ္တုတခုခုနှင့် ပြုလုပ်ထားသော အထည်ပစ္စည်းများပေါ်တွင်လည်း အလှအပနှင့် အသုံးခံမှုအတွက် ကြွေရည်သုတ်ပေးနိုင်သည်။ ကြွေရည်သုတ်ပစ္စည်းများသည် ကြွေထည်သက်သက်များကဲ့သို့ပင် ချောညက် ကြည်လင်သည်။ ကြွေရည်သုတ်နည်း အမျိုးမျိုးရှိသည့်အနက် ရှေးအကျဆုံးနည်း ၂ နည်းမှာ မြှုပ်ပန်းဖော်နည်းနှင့် ပန်းကြွဖော်နည်းတို့ဖြစ်သည်။ မြှုပ်ပန်းဖော်နည်းတွင် အောက်ခံပစ္စည်းပေါ်ရှိ အလိုရှိသည့် ပန်းပုံကို ထွင်းခြစ်ပေး၍ ထိုအချိုင်များတွင် လိုရာရောင်စုံကြွေဆေးကို ထည့်ပေးရသည်။ ပြီးလျှင် ပေါင်းအိုးတွင်ထည့်၍ ပေါင်းတိုက်ပေးရသည်။ ထို့နောက် တိုက်ချွတ်ဆေးကြော၍ ချောမွှတ်ပြောင်လက်သည့်တိုင်အောင် အရောင်တင်ပေးရသည်။

ပန်းကြွဖော်နည်းတွင်မူ အောက်ခံအထည်ပေါ်၌ ပန်းပုံများကို ထွင်းမည့်အစား ယင်းအထည်နှင့် မျိုးချင်းတူသည့် သတ္တုချောင်းများကို အလိုရှိသည့်ပုံပန်းအတိုင်း ခွေ၍ ဂဟေဖြင့် တင်ရသည်။ ထို့နောက် သတ္တုချောင်းများအကြား ချိုင့်ခွက်ကလေးများထဲသို့ အလိုရှိသည့်ကြွေဆေးများကိုထည့်၍ အထက်နည်းအတိုင်း ပေါင်းတိုက်ပေးရသည်။ ထို့နောက် စီးနေသော ရေတွင် နူးညံ့သောကျောက်ပွဖြင့် ရက်အတော်ကြာအောင် တိုက်ချွတ်ပေးရလေသည်။

အနောက်နိုင်ငံများနှင့် ကြွေရည်သုတ်ခြင်း[ပြင်ဆင်ရန်]

ယခုခေတ်တွင် တရုတ်နှင့် ဂျပန်လူမျိုးတို့သည် ဤပန်းကြွေဖွဖော်နည်းအတတ်၌ ထူးချွန်သူများ ဖြစ်ကြပေသည်။ သို့သော် ကြွေရည်သုတ်အတတ်သည် ရှေးဦးစွာ အနောက်တိုင်းများတွင် အလွန်ရှေးကျသောခေတ်က စတင်ပေါ်ပေါက်ခဲ့၍ ၄ ရာစုနှစ်သို့ရောက်မှ အရှေ့တိုင်းသို့ ရောက်လာကြောင်း အထောက်အထားများရှိသည်။ အီဂျစ်၊ ဆီးရီးယားနှင့် ဘေဘီလုံနိုင်ငံများတွင် ရှေးခေတ်နန်းတော်နံရံများ၌ ကြွေရည်သုတ်အုပ်ချပ်များ အသုံးပြုခဲ့ကြောင်းကို တွေ့ရသည်။ ကြွေရည်သုတ် အိုးခွက်များကိုလည်း ပြုလုပ်ခဲ့ကြသည်။ အလှအပကို အထူးနှစ်သက်တတ်သော ဂရိလူမျိုးတို့က လက်ဝတ်တန်ဆာများကိုသာမက ရုပ်လုံးများကိုပင် ကြွေရည်သုတ်၍ ပြုလုပ်ခဲ့ကြသည်။

အီဂျစ်နှင့် ဂရိလူမျိုးများနည်းတူပင် ရှေးခေတ်ဗိုင်ဇင်းတိုင်လူမျိုးတို့သည်လည်း ကြွေရည်သုတ်ခြင်းအတတ်ကို ကောင်းစွာတတ်မြောက်ခဲ့ကြပေသည်။ သူတို့သည် ဥရောပမြောက်ပိုင်းရှိ ကဲ့လူမျိုးတို့ထံမှ ထိုအတတ်ကို ရရှိတတ်မြောက်ခဲ့ဟန်တူသည်။ အကြောင်းမှာ ရှေးခေတ်က ကဲ့လူမျိုးတို့၏သင်းချိုင်းများကို တူးဖော်ရာတွင် စစ်သားများ သုံးစွဲခဲ့သော ဒိုင်းများ၊ မြင်းဇက်ကြိုးများ၊ ခါးပတ်ကွင်းများ၌ စိမ်း၊ နီ၊ ဝါ၊ ပြာ စသော ရောင်စုံကြွေဆေးများဖြင့် မွမ်းမံခြယ်လှယ်ထားခဲ့သည်ကို တွေ့ရသောကြောင့် ဖြစ်၏။ ကဲ့လူမျိုးများ တိမ်ကောပြီးနောက် ဗိုင်ဇင်းတိုင်နိုင်ငံ၌ ကြွေဆေးသုတ်အတတ် ထွန်းကားလာသည်။ ၉ ရာစုလောက်တွင် ဗိုင်ဇင်းတိုင်လူမျိုးတို့သည် ကြွေရည်သုတ်အတတ်၌ ထိပ်တန်းသို့ ရောက်ခဲ့ကြ၍ သူတို့၏ သေသပ်ကောင်းမွန်လှသော လက်ရာများကို ယခုတိုင် တွေ့မြင်နိုင်ပေသေးသည်။

သုတ်နည်းများ[ပြင်ဆင်ရန်]

၁၅ ရာစုနှစ်တွင် အီတလီနိုင်ငံ၌ နည်းသစ်တခု ပေါ်ပေါက်ခဲ့ပြီးလျှင် ဥရောပတိုက်၏ မြောက်ပိုင်းနှင့် အခြားဒေသများ ပျံ့နှံ့ခဲ့သည်။ ထိုနည်းမှ အတွင်းခံ သတ္တု၏ မျက်နှာပြင် ၂ ခုစလုံးကို ကြွေရည်သုတ်ကာ ပေါင်းတိုက်ပြီးနောက် တွင်းထွက် ကြွေဆေးရောင်စုံတို့ဖြင့် အလိုရှိရာ ပန်းပု၊ ရုပ်ပုံများကို ရေးခြယ်ပေး၍ ဒုတိယအကြိမ် ပေါင်းတိုက်ခြင်းပင်ဖြစ်သည်။ လက်ရှိ ၂၀ ရာစုနှစ်အတွင်း အထူးကျွမ်းကျင်သူများသာ လုပ်ကိုင်နိုင်သည့် နည်းတမျိုး ပေါ်လာပြန်၍ ဤနည်းကိုလည်း အီတလီနိုင်ငံကပင် စတင်တွေ့ရှိခဲ့ဟန် တူလေသည်။

ဤနည်းမှာ ရုပ်လုံးဖော်အတတ်ဖြင့် အချိုင့်ထွင်းခြင်း တမျိုးပင်ဖြစ်၍ အောက်ခံရွှေထည် သို့မဟုတ် ငွေထည်ပေါ်တွင် သေးသွယ်လှပသော ပန်းပုကပလေးများ ထုထွင်းပြီးသော် ကြွေဆေးအကြည်ဖြင့် သုတ်ပေးကာ ပေါင်းတိုက်ပေးရသည်။ သတ္တုပေါ်တွင် ထွင်းထုရာ၌ အနိမ့်အမြင့် အမျိုးမျိုး ရှိ၍ ကြွေဆေးတင်သောအခါ ကြွေဆေး အထူအပါးအလိုက် အလင်းအမှောင်ကို ဖြစ်ပေါ်စေသည်။

အသုံးဝင်မှုများ[ပြင်ဆင်ရန်]

လူ့အသုံးအဆောင်ပစ္စည်းများစွာတို့တွင် ကြွေရည်မသုတ်ဘဲ ကောင်းစွာ သုံး၍ မရသော ပစ္စည်းများမှာ သံနှင့် ပြုလုပ်သောအိုးခွက် အသုံးအဆောင်များ ဖြစ်သည်။ ကြွေရည်သည် သံချေးမတတ်အောင် ကာကွယ်၍ ချောညပ်လှပသော မျက်နှာပြင်ကိုလည်း ဖြစ်စေသည်။ ကြွေရည်သုတ်အတတ်၏ ကျေးဇူးကြောင့် ပန်းကန်ခွက်ယောက်မှအစ ရေချိုးစည်ကြီးများအထိ လူ့အသုံးအဆောင်ပစ္စည်အမျိုးမျိုးကို သံဖြင့် ကြာရှည်ခံအောင် ပြုလုပ်နိုင်ခဲ့ကြလေသည်။ ထို့ကြောင့် ကြွေရည်သုတ်အတတ်သည် လူတို့အဖို့ အလှအပတွင် ခရီးရောက်သလောက် အသုံးဝင်မှုလည်း တွင်ကျယ်လှပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂