ကြံပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြံ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Poales]]
မျိုးရင်း [[Poaceae]]
မျိုးရင်းသေး [[Panicoideae]]
မျိုးဇာတ် [[Andropogoneae]]
မျိုးစု '''''Saccharum'''''


ကြံပင်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ စီးပွားရေးတစ်ရပ်ဖြစ်သော ကြံပင် ကြံ၏အရသာကို မြန်မာတိုင်း သိကြပေသည်။ သို့သော် ကြံပင် သည် မည်သည့်အရပ်၌ စတင်ပေါ်ပေါက်၍ မည်သို့ပျံ့နှံ့သွား သည်ကိုမူ သိကြမည်မဟုတ်ပေ။ ထို့ပြင် ကြံမှထွက်သော သကြားသည် တိုင်းပြည်စီးပွားရေး အတွက် မည်မျှအရေးပါနိုင် သည်ကို ချိန်ဆပြီးလျှင် မြန်မာနိုင်ငံသည် ကြံစိုက်၍ မည်မျှ ဖြစ်ထွန်းနိုင်ကြောင်းကို လေ့လာသင့်သည်။

ကြံပင်ကို မမြင်ဘူးသူဟူ၍ မြန်မာနိုင်ငံ၌ ရှိမည်မထင်ချေ။ မြင်ဘူးကြရုံမက ကြံလတ်လတ် ဆတ်ဆတ်ကို၄င်း၊ အရည် ညှစ်၍ရသော ကြံရည်ကို၄င်း၊ ကြံရည်မှ ကျိုချက်၍ရသော ကြံသကာနှင့် သကြားကို၄င်း စားဘူးကြသဖြင့် ကြံ၏အရသာ ကိုလည်း လူတိုင်းပင် သိကြသည်။

ကြံပင်သည် အာရှတိုက်အရှေ့ပိုင်း၌ ရှေးဦးစွာ ပေါက်သည် ဟု ထင်မှတ်ရသည်။ အာရပ်လူမျိုးတို့က ကြံပင်ကို အိန္ဒိယ နိုင်ငံမှတစ်ဆင့် ဥရောပတိုက်သို့ ယူဆောင်ပြီးသော် အီဂျစ် နိုင်ငံ၊ စစ္စလီကျွန်းနှင့် စပိန်နိုင်ငံများ၌ စိုက်ပျိုးကြသည်။ ထို့နောက် ပေါ်တူဂီလူမျိုးတို့က တစ်ဖန်၊ ဗရာဇီးနိုင်ငံသို့ ယူဆောင်သွားခဲ့သည်တွင်၊ ထိုနိုင်ငံနှင့် အနောက်အိန္ဒိယ ကျွန်းစုတို့၌ ကြံပင်ကို အကြီးအကျယ် စိုက်ပျိုးလာကြပြန် သည်။ ဥရောပတိုက်တွင် ကြံမှရရှိသော သကြားကို မသုံး နိုင်မီက ပျားရည်ကို သုံးစွဲခဲ့ကြရသည်။ သို့သော် နပိုလီယန် စစ်ပွဲများ ဖြစ်ပွားသော ခေတ်အတွင်းက ဥရောပတိုက်တွင် အချိုအရသာအတွက် သကြားမုန်လာပင်များကို စတင်စိုက် ပျိုးခဲ့ကြသည်။ သကြားမုန်လာပင်သည် သမပိုင်းဒေသများ၌ စိုက်ပျိုးနိုင်သော အပင်ဖြစ်၍ ကြံပင်ကိုမူ အပူပိုင်းနှင့် အပူ လျော့ပိုင်းဒေသများတွင်သာ စိုက်ပျိုးနိုင်သည်။


အိန္ဒိယနိုင်ငံ၊ ကျူးဗားကျွန်း၊ ဂျားဗားကျွန်း၊ ဖိလစ်ပိုင် ကျွန်း၊ အမေရိကန်ပြည်ထောင်စုနှင့် ပွားတိုရီးကိုး ကျွန်းတို့မှာ ယခုအခါ ကမ္ဘာပေါ်၌ ကြံပင်အကြီးအကျယ်စိုက်ပျိုး၍ သကြား အမြောက်အမြားထွက်သောဒေသများ ဖြစ်ကြပေသည်။ မြန်မာနိုင်ငံ ခရိုင်တိုင်းလိုမှာပင် ကြံပင်စိုက်ပျိုးနိုင်သည်။ သို့ရာတွင် အထူးတလည် အောင်မြင်ဖြစ်ထွန်းသော ဒေသတို့မှာ သထုံ၊ မြစ်ကြီးနား၊ ရမည်းသင်း၊ တောင်ငူ၊ ပဲခူးနှင့် ကျောက် ဆည်ခရိုင်တို့ ဖြစ်ကြသည်။ ကြံသကာလုပ်ငန်းသည် ရမည်း သင်းခရိုင်၊ ပျဉ်းမနားနယ်တွင် အထူးထင်ရှား၍ သကြား လုပ်ငန်းမှာ မြစ်ကြီးနား၊ တောင်ငူနှင့် သထုံခရိုင်များတွင် စတင်အမြစ်တွယ်ကာ ထွန်းကားလာနေပေပြီ။ မြစ်ကြီးနား ခရိုင်ရှိ ဆားမှော်သကြားစက်၊ တောင်ငူခရိုင်ရှိ ဇေယျဝတီ သကြားစက်နှင့် သကြားလုပ်ငန်း၏ အခြေခံဌာနများပင် ဖြစ်ကြလေသည်။

ကြံပင်သည် သန်စွမ်းကြီးထွားရေးအတွက် ပူအိုက်သော ရာသီကို လိုသည်။ သို့သော် ရာသီအမျိုးမျိုး အခြေအနေ အမျိုးမျိုးရှိသော ဒေသတို့၌လည်း ပေါက်နိုင်သည်ကို တွေ့ရ သဖြင့် ရာသီဥတုနှင့် စပ်လျဉ်း၍ ပုံသေကားချ ပြောဆိုရန် မလွယ်ကူချေ။ ကြံပင်သည် ကြီးပွားဆဲအချိန်၌ ရေအမြောက် အမြားလိုသော်လည်း ရင့်ရွမ်းချိန်တွင် သွေ့ခြောက်သော အခြေ အနေကို ကြိုက်နှစ်သက်သည်။ မျိုးဖြတ်ကိုင်းကလေးများသည် မိုးမရွာသော်လည်း စိုက်ခင်းမြေအတွင်း၌ အစိုဓါတ်ရှိနေပါက အမြစ်တွယ်၍ အပ်ငပေါက်နိုင်သည်။ ကြံကောင်း ထွက်ရန် မိုးရေချိန် တစ်နှစ်လျှင် လက်မ ၅ဝ ခန့် လိုသော်လည်း မိုးမှာ ပဓာနမဟုတ်။ စိုက်ခင်းတွင် ရေတော်သင့်အောင် ရမှုသာလျှင် အရေးကြီးသည်။

နုံးမြေသည် ကြံစိုက်ရန် အထူး သင့်လျော၍ မြစ်ကမ်းရိုး၊ ချောင်းကမ်းရိုးတလျှောက်ရှိ၊ မြေစေးနှုံး မြေနက်များမှာ အကောင်းဆုံး ဖြစ်သည်။ မြေစေနှုံးမြေများတွင် ကြံစိုက်ပျိုး လိုပါက ရေထုတ်မြောင်းများရှိဖို့ လိုအပ်သည်။ ကြံစိုက်ပျိုးရာ၌ အနာအဆာကင်း၍ မျက်ကွယ်ပါသော မည်သည့်အပိုင်းအဆစ်ကိုမဆို စိုက်ပျိုးနိုင်သည်။ အဖျားပိုင်းရှိ အဆစ်များ ရှစ်ဆယ်မှ ဆယ်ဆစ်တို့သည် မျိုးအတွက် အသင့် ဆုံး ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကြံစိုက်ပျိုးသည့်အချိန်မှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ အောက်မြန်မာနို်င်ငံတွင် ချောင်းကမ်းပါး များ၌ဖြစ်စေ၊ ကုန်းမြေများ၌ဖြစ်စေ၊ မိုးနှောင်းမိုးလို ကြံပင်များ သောက်သုံးနိုင်စေရန် တော်သလင်းလပြည့်မှ သီတင်းကျွတ် လပြည့်တိုင်အောင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ပျဉ်းမနားနယ်၌ နတ်တော်လ၊ ပြာသိုလများလောက်တွင် စတင် စိုက်ပျိုးကြ၍ တစ်ခါတစ်ရံ တပေါင်းလတိုင်အောင် စိုက်ကြ သည်။ ရေသွင်းပေးနိုင်သော ဒေသများတွင်မူ ကြံပင်စိုက်ရန် အကောင်းဆုံးအချိန်အဖြစ် တပေါင်းလို သတ်မှတ်ကြသည်။ ကြံခင်းမြေကို တတ်နိုင်သမျှ နက်အောင် ထယ်ထိုးပေးလျှင် အထူးကောင်းမွန်သည်။ နွားချေးကို အမှုန့်ချေလျက် ကြံပင်စိုက် သည့် အတန်းလိုက် ချပေးပါက ကြံပင်များသန်စွမ်းသည်။ နွားချေးမှုန့်ကို ဤနည်းအတိုင်း ကြံပင်များ သန်စွမ်းသည် နွားချေးမှုန့်ကို ဤနည်းအတိုင်း ကြံပင်များ ကြီးမြင့်လာသည့် တိုင်အောင် နှစ်ကြိမ်သုံးကြိမ် စသည်ဖြင့် လိုသလို ချပေးသင့် သည်။ အခြားမြေဩဇာကောင်းများမှာ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ မြေပဲဖတ်နှင့် ကြက်ဆူစေ့ဖတ်များ ဖြစ်ကြသည်။ သို့ရာတွင် ကြံစိုက်သည့်နည်းလမ်းတို့သည် ကြံစိုက်သည့် အချိန်ကဲ့သို့ပင် အမျိုးမျိုး နေရာဒေသအလိုက် ကွဲပြားကြသည်။

ကြံစိုက်သည့်အချိန်မှ ၁ဝ လ ၁၂ လခန့် ကြားလျှင် ဖြတ် သိမ်းရန် တော်လောက်ပြီ။ သို့သော် ကြံသကာနှင့် သကြား ချက်ရန်အတွက်ဖြစ်မူ ၁၂ လ လောက်ထားပြီးမှ ဖြတ်သိမ်း လျှင် ပို၍ကောင်းသည်။ ကြည့် ရှု ပြုစုကောင်းပါက မြန်မာ နိုင်ငံတွင် မြေတစ်ဧကလျှင် ကြံချောင်းရေ ၁ဝဝဝဝ မှ ၂ဝဝဝဝ အထိ ထွက်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အညာကြံ၊ ကြံနက်၊ ကိုင်းကြံ၊ ကျောက် ကောင်းကြံ စသည်ဖြင့် အမျိုးပေါင်းများစွာ ရှိ သော်လည်း အကြီးအကျယ် စိုက်ပျိုးရန်ကောင်းသော မြန်မာကြံမျိုးကောင်း နှစ်မျိုးမှာ ပျဉ်းမနားကြံနီနှင့် တောင်ငူကြံဝါတို့ ဖြစ်ကြသည်။ ပျဉ်းမနားကြံသည် မိုးပါးသော မြန်မာနိုင်ငံအထက်ပိုင်း၌ အထူးဖြစ်ထွန်း၍ တောင်ငူကြံဝါမှာ မိုးများသော မြန်မာနိုင်ငံ အောက်ပိုင်းနှင့် ရေသွင်းပေးနိုင်သော ဒေသများတွင် သင့်လျော် သည်။ သို့သော် တောင်ငူကြံဝါသည် အပင်လဲ၍ ပေါက်တတ် သည်ကို သတိပြုရမည်။

အထက်ပါကြံမျးအပြင် ယခုအခါ နိုင်ငံခြားမှ ရရှိသော ကြံမျိုးများစွာကိုလည်း မြန်မာနိုင်ငံ၌ စမ်းသပ် စိုက်ပျိုးကြရာ ကောင်းစွာဖြစ်ထွန်းကြောင်း တွေ့ရသည်။ နိုင်ငံခြားကြံမျိုးများ အနက် ပီ၊ အို၊ ဂျေ (၂၈၇၈)နှင့် ပီ၊ အို၊ ဂျေ (၂၇၂၇)တို့ သည် ကြံချောင်းရေအတွက်၌၄င်း၊ သကြားအထွက်၌၄င်း၊ များစွာ ကောင်းမွန်သဖြင့် ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြား မှာပင် စိုက်ပျိုးလုပ်ကိုင်နေကြပြီ။ ကွိုင်ဗာတူးကြံမျိုးကိုလည်း စိုက်ပျိုးလျက် ရှိကြပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)