ကြက်ဆူပင်
| ကြက်ဆူပင် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Ricinus communis'' | ||||||||||||||
[ပြင်ဆင်ရန်] ကြက်ဆူပင်
ကြက်ဆူပင်သည် နွေးသောရာသီဥတုရှိသည့် ဒေသများ၌ အပေါက်ရောက်ဆုံး ဖြစ်သည်။ အများအားဖြင့် နှစ်ကြာခံပင်မျိုး ဖြစ်၍ မြေဩဇာကောင်းသော အရပ်၌ ပေ ၃ဝ အမြင့်အထိ ရှည်နိုင်သည်။ အေးသောဒေသများ၌ကား တစ်နှစ်သာလျှင် ခံ၍ အပင်၏အမြင့်မှာ ၄ ပေကျော်ခဲသည်။
ကြက်ဆူပင်၌ လက်ခြားရွက်ကြီးများ ရှိသည်။ အစေ့သည် အရွယ်အမျိုးမျိုး ပုံအမျိုးမျိုးရှိ၍ ယင်း၏အရောင်မှာ ညိုမှိုင်း မှိုင်း ဖြစ်သည်။ အသီး၌ အမွေးကြမ်းများရှိသည်။ အရွက်ကို ပိုးမျှင်ကောင်များ စားသည်။ အစေ့မှရသော အဆီကို ဝမ်းနုတ် ဆေးအဖြစ် သုံးရသည့်ပြင် ချောဆီ၊ လှည်းငဆီ၊ သားရေ၊ ဆပ်ပြာများ လုပ်ရာ၌လည်း သုံးရသည်။ ကမ္ဘာတွင် ကြက်ဆူ စေ့ အများဆုံး ထုတ်ရောင်းနိုင်သော နိုင်ငံများမှာ ဗရာဇီး နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း၌ အလေ့ကျပေါက်သော ကြက် ဆူပင် အများအပြားကို တွေ့ရသည်။ တစ်ခါတစ်ရံ ကြက်ဆူ ပင်များကို စိုက်ပျိုးယူကြသည်။ ကြက်ဆူရိုးကြီး၊ ကြက်ဆူရိုးနီ၊ ကြက်ဆူရိုးဖြူတို့ ရှိကြရာ ကြက်ဆူရိုးကြီးသည် အရွက်ကြီး သော ကြက်ဆူပင်မျိုး ဖြစ်သည်။ ယင်းကို သင်္ဘောကြက်ဆူဟု လည်း ခေါ်သည်။ ကြက်ဆူရိုးနီသည် အရိုးနီသော ကြက်ဆူပင် မျိုး ဖြစ်၍ ကြက်ဆူရိုးဖြူသည် အရိုးဖြူသော ကြက်ဆူပင်မျိုး ဖြစ်သည်။ ကြက်ဆူရိုးကြီးအရွက်မှရသော အစေးကို အနာလိမ်း ဆေးအဖြစ် သုံးရသည်။ အစေ့မှရသော ဆီကို ဝမ်းနုတ်ဆီ၊ အန်ဆေးအဖြစ် သုံးရ၍ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ချောဆီများ လုပ်ရာ၌လည်း သုံးရသည်။ ရှေးအခါက ကြက်ဆူရိုးဖြူ အရိုးကိုပြာချ၍ သစ်သားသင်ပုန်းချေရာတွင် အသုံးပြုကြသည်။ [၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)