ကျွဲစာ၊ နွားစာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကျွဲစာ၊ နွားစာ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ကျေးလက်တောရွာအနီးအပါးများ၌ ကျွဲ စားကျက်၊ နွားစားကျက်ဟူ၍ သတ်မှတ်ထားသော မြက်ခင်း များကို တွေ့နိုင်ပေသည်။ ကျွဲစားကျက်များ ထားရှိသည့်အပြင် ကောက်ရိုး၊ ပြောင်းရိုး စသည်တို့ကိုလည်း သိုလှောင်ထားတတ် ကြသေးသည်။ ဧက ၂ဝ ခန့်ရှိသော တောင်သူတစ်ယောက် သည် မြေ ၈ ဧကခန့်ကို ဝါစိုက်၍ ၈ ဧကခန့်ကို နှမ်းစိုက်ပြီး လျှင် ကျန် ၄ ဧကကို နွားစားပြောင်း စိုက်လေ့ရှိ၏။


အချို့မြေပဲစိုက်သောသူတို့သည် မြေပဲကို မတူးဖော်မီ ပဲရိုးများ ကို ဖြတ်၍ ထိုရိုးဖြတ်များ ကို ကျွဲစာ၊ နွားစာအဖြစ် သိုလှောင် ထားတတ်ကြသည်။ ဤနည်းဖြင့် သန့်ရှင်း၍ ကောင်းသော နွားစာမြေပဲရိုးရ၏။ သို့ရာတွင် စရိတ်ကြီးသဖြင့် ယခုအခါ ဤနည်းကို အသုံးပြုသူ နည်းလေပြီ။ အများအားဖြင့်၊ ပဲရိုးကို ထွန်နှင့်တိုက်၍ ဖြတ်ကြသည်က များ၏။ ထွန်နှင့်တိုက်သော အခါ ပဲရိုးများသည် မြေကြီးနှင့် ရောထွေးနေသဖြင့် နွားစာ အတွက် ဖြတ်သောအရိုးလောက် မကောင်းလှချေ။ ဤသို့ ကျွဲစာ၊ နွားစာများကို သိုလှောင်ထားခြင်းအားဖြင့် ကျွဲနွားများ ကျွေးမွေးရန် အစာကို တစ်ရာသီနှင့် တစ်ရာသီ အဆက်မပြတ် ရရှိနိုင်ကြပေသည်။

မြန်မာနိုင်ငံအောက်ပိုင်း၌ မိုးဦးကျအချိန်မှစ၍ ကောက်စိုက် သည့် အချိန်အထိ ကျွဲနွားများ ကျွေးမွေးရန်အတွက် နွေရာသီ ကပင် ကောက်ရိုးများကို ကုန်းကျ၍ ရေမဝပ်နိုင်သောနေရာ များတွင် စုပုံထားတတ်ကြသည်။ မိုးတွင်းအခါ ရေလှမ်းသော ဒေသများတွင်မူ၊ စင်များ ဆောက်လုပ်၍၊ သိုလှောင်ထားတတ် ကြ၏။ ထို့ပြင် မိုးရေကြောင့် ကောက်ရိုးများ မပျက်စီးစေရန် အတွက်လည်း ကောက်ရိုးပုံများကို အမိုးမိုးပေးထားတတ်ကြ၏။ မိုးတွင်းအခါ ကန်သင်းရိုးနှင့် လယ်ကြိုလယ်ကြားတွင် ပေါက် သောမြက်များကို ရိတ်၍ ကျွဲနွားများကို ကျွေးမွေးနိုင်ကြသော် လည်း များသောအားဖြင့် လောက်လောက်ငင မကျွေးနိုင်ကြပေ။ မြေပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ ဖွဲနု၊ ဆန်ကွဲ၊ ပဲမှော်တို့ ကိုလည်း၊ ကျွဲစာ၊ နွားစာအဖြစ် အသုံးပြုတတ်ကြရာ ယင်းတို့ကို လည်း သိုလှောင်ထားတတ်ကြပေသည်။ စဉ်းပြီးသားကောက်ရိုး ပြောင်းရိုးတို့နှင့်အတူ မြေပဲဖတ်၊ နှမ်းဖတ်၊ ပဲမှော် စသည် တို့ကို ရောနယ်၍ ကျွေးမွေးလျှင် ကျွဲနွားများအဖို့ အာဟာရ ဓါတ် ပို၍ဖြစ်၏။ ရှားပါးသော အချို့အရပ်များတွင် ပေအူ၊ ထန်းအူများကိုပင် ကျွဲစာ၊ နွားစာအဖြစ် ကျွေးမွေးကြရသည်။ ကျွဲစာ၊ နွားစာဖြစ်သော မြက်များကို မြက်ဝိုင်း၊ မြက်ကြား၊ ဘဲစာမြက်၊ မြက်ချို၊ ဝါးရုံမြက်၊ မြက်မှား၊ မြက်ခါး၊ မြက်လူး စသည်တို့ ဖြစ်ကြသည်။

ကျွဲနွားတိရစ္ဆာန်များကို သီးသန့်မွေးမြူသည့် အနောက်နိုင်ငံ များတွင်မူ ထိုတိရစ္ဆာန်တို့အတွက် အစာဖူလုံရအောင် မြက် အပြင် ပဲပင်အမျိုးမျိုးလည်း အထူးစိုက်ပျိုးထားကြသည်။ ပဲပင်များကို စိုက်ပျိုးရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ ထို တိုင်းပြည်များတွင် ဆောင်းဥတု၏အအေးဒဏ်ကို မြက်က ခံနိုင် ရည် မရှိသောကြောင့် ဖြစ်သည်။

ကျွဲစာ နွားစာအတွက် မြက်၊ ပဲပင်တို့ကို စိုက်ပျိုးကြရာ၌ တိရစ္ဆာန်များအတွက် လိုအပ်သည့် ပရိုတင်း အချိုဓါတ် အစ ရှိသော အာဟာရဓါတ်များ မပျက်ပြားသွားစေရန် မြက်ကို ပွင့်ချိန်တွင် ရိတ်သိမ်းကြသည်။ တစ်ခါတစ်ရံ လယ်တစ်ကွင်း ထဲမှ တစ်နှစ်လျှင် ၂ ကြိမ် ၃ ကြိမ်မျှ ရိတ်သိမ်းရသည်၊ ရိတ်ပြီးသည့်မြက်ကို လယ်ကွင်းထဲတွင် ၃ ရက်ခန့် အခြောက် လှန်းထားလေ့ရှိသည်။ ထို့နောက် မြက်အခြောက် မမြန်လွန်း ရအောင် ထွန်ခြစ်များဖြင့် အစုလိုက်၊ အပုံလိုက်ပြုလုပ်၍ ရက်သတ္တတစ်ပတ်မျှ လယ်ကွင်းထဲ၌ ထားရပြန်သည်။ ပြီးမှ ကျီများသို့ မြက်ခြောက်ကို သယ်ယူသိုလှောင်ထားကြသည်။ ယခုအခါ မြက်ကို ရိတ်သိမ်း သိုလှောင်ခြင်း၊ အသယ်ရအသိုရ လွယ်ကူအောင် သိပ်သည်းစွာစည်းနှောင်ခြင်း အစရှိသော လုပ်ငန်းကိစ္စအဝဝတို့ကို စက်ဖြင့် ဆောင်ရွက်လျက်ရှိကြရာ၊ လုပ်ငန်းမှာ ပိုမိုလွယ်ကူလာသည်။ ထို့ပြင် မြက်စိုကို မူလ အာဟာရဓာတ်များ မပျက်ပြားစေဘဲ၊ ခြောက်သွေ့လာစေနိုင် သည့် စက်ကို အသုံးပြုနိုင်ပြီ ဖြစ်၍ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းသည် တိုးတက်လာလေသည်။