ကျောက်ရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကျောက်ရောဂါ[ပြင်​ဆင်​ရန်​]

ကျောက်ရောဂါဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူသားတို့ကို ဒုက္ခပေးခဲ့သည့် ရောဂါဆိုးကြီးပင် ဖြစ်ပါသည်။ အေဒီ ၉၀၀-ပြည့်နှစ်တွင် ပါရှင်ဆေးဆရာတဦးသည် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါကို ရှေးဦးခွဲခြားသိရှိခဲ့ပါသည်။ သို့သော် ထိုခေတ်မတိုင်မီ နှစ်ပေါင်းများစွာကတည်းကပင် ကျောက်ရောဂါကြောင့် လူအများအပြား သေကြေပျက်စီးခဲ့ရကြောင်း မှတ်တမ်းများတွင် တွေ့ရပါသည်။ အာရှတိုက်နှင့် အာဖရိကတိုက်တို့တွင် ကျောက်ရောဂါကပ်များ အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ရဖူးပါသည်။

၁၇၂၂-ခုနှစ်တွင် အင်္ဂလိပ် စာရေးဆရာကြီး ဒင်နီယယ်ဒီဖိုး (Daniel Defoe) သည် ရောဂန္တရနှစ် မှတ်တမ်း-အမည်ဖြင့် စာအုပ်တအုပ် ရေးသားခဲ့ဖူးပါသည်။ ထိုစာအုပ်ထဲတွင် ထိုခေတ်က မြို့ရွာများတွင် လူအမြောက်အမြား သေကျေပျက်စီးရသည့် ကျောက်ရောဂါကပ်ဆိုးကြီး ကျရောက်ပုံကို ရေးသားထားပါသည်။ မိန်းမများ၊ ကလေးများ၏ ငိုကြွေးသံများ၊ ဝေဒနာသည်တို့၏ ညည်းတွားအော်ဟစ်သံများဖြင့် တမြို့လုံး ဆူညံနေပုံ၊ ဖမ်းဆီးပိတ်လှောင်ထားသည့် ရောဂါသည်စခန်းများမှ ဖောက်ထွက်ကာ မြို့ထဲ၊ ရွာထဲတွင် သွေးရူးသွေးတန်း ပြေးလွှားနေသူများ၊ မည်သူမျှ သယ်ယူခြင်းမပြုသဖြင့် လမ်းကြိုလမ်းကြားတွင် အပုပ်နံ့တထောင်းထောင်းထွက်ကာ ပုပ်ပွနေသော အလောင်းများစသည့် အနိဋ္ဌာရုံမြင်ကွင်းများကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေးသားထားခဲ့ပါသည်။


၁၆၁၄-ခုနှစ်တွင် ဥရောပတိုက်၌ ကျောက်ရောဂါ အကြီးအကျယ်ဖြစ်ပွားခြင်းကြောင့် ဥရောပတိုက် လူဦးရေမှာ များစွာလျော့ပါးသွားခဲ့ပါသည်။ အင်္ဂလန်နိုင်ငံတွင်လည်း ၁၆၆၆-မှ ၁၆၇၅-အထိ နှစ်ရှည်လများ ကျောက်ရောဂါကပ်ဆိုးကြီး ကျရောက်ခဲ့ဖူးပါသည်။ ရက်အင်ဒီယန်းလူမျိုးများသည် မြောက်အမေရိက တိုက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ကျောက်ရောဂါနှိပ်စက်မှုကြောင့် လူဦးရေမတိုးသဖြင့် ဥရောပတိုက်သား လူဖြူများ၏ လက်အောက်သို့ ကျရောက်ရသည်ဟု အဆိုရှိပါသည်။

ကျောက်ရောဂါနှင့် ကမ္ဘာ[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်အောက်ခံ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သည် ကျောက်ရောဂါ တိုက်ဖျက်ရေးလုပ် ငန်းကို၁၉၆၇- ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်းလုံးတွင် စတင် ဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့ကြီးသည် ကျောက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာ တိုးတက် ကောင်းမွန်သော နည်းစနစ်များကို တီထွင်ခြင်း၊ ကျောက်ဆေးထိုးရာတွင် နည်းသစ်များသုံးခြင်း၊ ရောဂါဖြစ်ပွားလျှင် ဆိုင်ရာသို့ လိုအပ်သလို သတင်းပို့နည်းများကို တီထွင်ခြင်း စသည်ဖြင့် အထူးအစီအစဉ်များ ချမှတ်ပြီး ကျောက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို မနားမနေ ကြိုးပမ်း ပြုလုပ်ခဲ့သည်။


ယခင်ကအသုံးပြုခဲ့သော ကျောက်ဆေးရည်သည် စံချိန်မမှီ သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တီထွင်စမ်းသပ်၍ အအေး ဓာတ်ဖြင့် ပြုပြင်ထားသော စံချိန်မှီ ကျောက်ဆေးရည်ကို ထုတ်လုပ်ခဲ့သည်။ ယင်းစံချိန်မှီ ကျောက်ဆေးရည်သည် အပူပိုင်း နိုင်ငံများ၌ပင် အအေးခန်း၌ မထားဘဲ အာနိသင် မပျက် သုံးစွဲနိုင်ခဲ့လေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများ အရှိန်ရလာသော အခါ ဂင်းနီနှင့် ကင်ညာနိုင်ငံများ အပါအဝင် ကျောက်ရောဂါ အချိန်မှန် ဖြစ်ပွားတက်သော နိုင်ငံများသည် အဆင့်မြင့် ကျောက်ဆေးရည်များကို ပြည်တွင်းသုံးအတွက် လုံလောက် အောင် မိမိတို့ ဖာသာ မိမိတို့ ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့သော် သန်းပေါင်းများစွာသော ကမ္ဘာ့ ပြည်သူ တစ်ရပ်လုံးအတွက် ကျောက်ဆေးရည် အများအပြား လိုအပ်သည်ဖြစ်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများထံမှ ကျောက်ဆေးရည် အလှူခံခဲ့ရသည်။ အဖွဲ့ဝင် နိုင်ငံ ၂ဝ ကျော်တို့က ကျောက်ဆေးရည် လှူဒါန်းခဲ့ကြသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် ကျောက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း ရှေးဦးအဆင့်၏ ရောဂါဖြစ်ပွားလေ့ရှိသည့် နိုင်ငံများတွင် လူဦးရေ ၈ဝ% ကို ကာကွယ်ဆေး ထိုးပေးရန် ရည်မှန်းခဲ့၏။ ဤမျှ များပြားသော လူထုကို ဆေးထိုးပေးနိုင်ရန်မှာ ရှိရင်း ဆေးထိုးနည်း စနစ်များနှင့် မလုံလောက်သဖြင့် သာမန်ကျောက်ထိုးအပ်ထက် ခေတ်မီသော လေဖိအားဖြင့် ဆေးထိုးသည့် ဂျက်ကျောက်ထိုးကိရိယာများကို တီထွင်၍ အာဖရိကတိုက် ၂၁ နိုင်ငံတွင် စမ်းသပ် သုံးစွဲခဲ့၏။

သို့သော် ဤကိရိယာမှာ ဈေးကြီးသည့်ပြင် မကြာခဏ ပြင်ဆင် ရသဖြင့် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စု ဝိုင်းယက် ဆေးဝါးပစ္စည်း ကုမ္ပဏီက ထုတ်လုပ်ပေးသော ရိုးရိုးအသွား နှစ်ခုရှိ ကျောက်ထိုးအပ်ကို အသုံးပြုရသည်၊ ယင်းအပ်သည် တစ်ကြိမ်တို့လျှင် ဆေးရည် တစ်စက်မျှသာ ပါသဖြင့် ဆေးရည် အကုန်သက်သာသည့်ပြင် အပ်ဖြင့် တစ်ချက်နှစ်ချက် အသားပေါ် ခြစ်လိုက်ရုံဖြင့် ကျောက်ဆေးအောင်ကြောင်း တွေ့ရသည်။ ယင်းအပ်ဖြင့် တစ်နေ့လျှင် လူ ၁ဝဝဝ အထိ ဆေးထိုးပေးနိုင်သည်။ ထို့ပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သည် မည်သည့်ဒေသတွင် ကျောက်ရောဂါ ဖြစ်ပွားကြောင်း ချက်ချင်း သတင်းရနိုင်သည့် ထောက်လှမ်းရေး စနစ်ကို ပါတီထွင် အသုံးပြုခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် ကျောက်ရောဂါ တိုက်ဖျက် ရေး လုပ်ငန်းကို အထက်ပါအတိုင်း ကြိုးပမ်း ဆောင်ရွက်ရာ အာဖရိကတိုက် အနောက်နှင့် အလယ်ပိုင်း ဒေသများ၏ ၁၉၇ဝ ပြည့်နှစ်တွင်၄င်း။ ဘရာဇီးနိုင်ငံ၏ ၁၉၇၁ ခုနှစ်တွင်၄င်း၊ အင်ဒို နီးရှားနိုင်ငံ၏ ၁၉၇၂ ခုနှစ်တွင်၄င်း၊ အာရှတောင်ပိုင်း နိုင်ငံ များ ၁၉၇၅-ခုနှစ်တွင်၄င်း ကျောက်ရောဂါ လုံးဝ ဆိတ်သုဉ်း ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၇၅ ခုနှစ်မှစ၍ ကျောက် ရောဂါ လုံးဝ ဆိတ်သုဉ်းခဲ့ပြီ ဖြစ်သည်။

၁၉၇၆ ခုနှစ်သို့ ရောက်သောအခါ ကမ္ဘာပေါ်၏ အီသီအိုပီးယားနိုင်ငံ တစ်နိုင်ငံတည်းသာလျှင် ကျောက်ရောဂါ ရှိသေးကြောင်း သတင်းပို့ခဲ့သည်။

ကမ္ဘာပေါ်တွင် ကျောက်ရောဂါ အမြစ်မပြတ်ဘဲ ကျန်ရှိနေ သော နောက်ဆုံးနိုင်ငံမှာ အီသီအိုးပီးယားနိုင်ငံဖြစ်ရာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် အီသီအိုးပီးယား နိုင်ငံတွင် ၁၉၇၁ ခုနှစ်မှစ၍ ကျောက်ရောဂါ ပပျောက်ရေး လုပ်ငန်းကို အားသွန် ခွန်စိုက် ဆောင်ရွက်ခဲ့သည်၊ အီသီအိုးပီးယားနိုင်ငံတွင် ကျောက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း ချမှတ်ပြီး ကျောက် ရောဂါ ဝေဒနာ ခံစားနေရသူ လူနာဦးရေကို စာရင်းကောက်ယူ ရာ လူနာပေါင်း ၂၅,ဝဝဝ ကျော်ရှိကြောင်း တွေ့ရသည်။ ကျောက်ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်းများသည် လူနာရှိရာ ဒေသများသို့ ချက်ချင်း သွားရောက်ပြီးလျှင် အခြားလူနာများ ရှိမရှိ စစ်ဆေးခြင်း၊ အရပ်ထဲရှိ လူအများကို ကျောက်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းများ ပြုလုပ်သည်။

ကာကွယ်ဆေး ထိုးရာ၌ တစ်နယ်လုံးအနှံ့ လိုက်ကာ လူပေါင်း မြောက်မြားစွာကို ထိုးပေးခြင်း မဟုတ်ချေ၊ ရောဂါ ပေါ်ပေါက် ရာအရပ် ပတ်ဝန်းကျင်ကို ဧရိယာကန့်သတ်၍ ဧရိယာအတွင်းရှိ လူများကိုသာ ဆေးထိုးပေးခြင်း ဖြစ်သည်။ ကျောက်ရောဂါ၏ သဘာဝသည် ကူးစက်နှုန်း နှေးကွေးပြီး ဒေသတစ်ခုတွင်သာ ကွက်၍ ရောဂါကျရောက်ခြင်း ဖြစ်သဖြင့် ထိုသို့ ဧရိယာ ကန့်သတ်၍ ဆေးထိုးခြင်းဖြစ်သည်။

၁၉၇၇- ခုနှစ်သို့ရောက်သော် အီသီအိုးပီးယား နိုင်ငံ တွင်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်လည်းကောင်း၊ ကျောက်ရောဂါ လုံးဝ ဆိတ်သုဉ်း ပပျောက်သွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ လူ့သမိုင်းတစ်လျှောက်၌ ကပ်ရောဂါသည် ပထမဆုံးအကြိမ် ဆိတ်သုဉ်းခြင်းဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် နောက်ထပ် ခြောက်လခန့် ဆက်၍ ကမ္ဘာအရပ်ရပ်၏ ကျောက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ ကြဦးမည် ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် အထက်ပါအတိုင်း ကြိုးပမ်း ဆောင်ရွက်ခဲ့ သောကြောင့် ကျောက်ရောဂါ အမြစ်မပြတ်သည့် ကမ္ဘာ့ နောက်ဆုံးနိုင်ငံ ဖြစ်သော အီသီအိုးပီးယား နိုင်ငံတွင် ၁၉၇၇-ခုနှစ်မှစ၍ ကျောက်ရောဂါ ဆိတ်သုဉ်းခဲ့သည်။

[၁]

ကျောက်ရောဂါနှင့် မြန်မာနိုင်ငံ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင်လည်း ဂျပန်ခေတ်အတွင်းက ကျောက်ရောဂါကပ်ဆိုးကြီးကို တနိုင်ငံလုံးအနှံ့ ခံခဲ့ရပါသည်။ ထိုအခါ အုပ်စိုးသူ ဂျပန်တို့သည် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သော်လည်း ထိုရောဂါဆိုးကြီးကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်ခြင်း မရှိခဲ့ပါ။ သို့အတွက် ယနေ့တိုင် ဂျပန်ခေတ်ကို မီလိုက်သော လူကြီးအချို့၏မျက်နှာပေါ်တွင် ကျောက်ပေါက်မာများကို တွေ့မြင်နိုင်ပါသေးသည်။

ယခုအခါတွင်မူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့နိုင်ငံတိုင်းကို ကျောက်ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးသဖြင့် ကျောက်ရောဂါဆိုးကြီးသည် ဤကမ္ဘာမြေပေါ်တွင် အပြီးတိုင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၉-ခုနှစ်၌ နောက်ဆုံးလူနာကို တွေ့ရပြီး မြန်မာ့မြေပေါ်တွင် ကျောက်ရောဂါဆိုးကြီးကို ယခုတိုင် မတွေ့မမြင်ရတော့ပါ။ မြန်မာနိုင်ငံသည် ၁၉၆၉-ခုနှစ်ကတည်းက ကျောက်ရောဂါ ကင်းစင်သောနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာနိုင်ခဲ့ပြီဖြစ်ပါသည်။ ၁၉၆၉-ခု နောက်ပိုင်း မွေးဖွားလာသူများသည် ကျောက်ရောဂါကို ကြားသာကြားဖူးပြီး မမြင်ဖူးကြတော့ပါ။

ဤသို့ အောင်မြင်မှုများ ရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ၁၉၅၈-ခုနှစ်တွင် ကျင်းပသော ၁၁-ကြိမ်မြောက် ညီလာခံတွင် နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းအား အစုလိုက်အပြုံလိုက် ကျောက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ထိုညီလာခံ၏ အကျိုးဆက်အနေဖြင့် နိုင်ငံတိုင်းသည် ကျောက်ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းကို ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ရာ တနိုင်ငံပြီး တနိုင်ငံ ကျောက်ရောဂါဘေးမှ ကင်းဝေးခဲ့ကြပါသည်။

အာရှတိုက်တွင် ကျောက်ရောဂါနောက်ဆုံးဖြစ်ပွားသောနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။ ၁၉၇၇- ဒီဇင်္ဘာ ၁၄-ရက်နေ့တါင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နောက်ဆုံးကျောက်ပေါက်သူကို တွေ့ရှိခဲ့ပြီးနောက် ထပ်မံမတွေ့ရတော့ပါ။ ကမ္ဘာပေါ်တွင် နောက်ဆုံးကျောက်ရောဂါဖြစ်ပွားသူမှာ ဆိုမာလီနိုင်ငံ မာကာမြို့မှ အလီမာလင် (Ali Maalin)ဆိုသူဖြစ်ပါသည်။ ၄င်းသည် ၁၉၇၇-တွင် ကျောက်ရောဂါ နောက်ဆုံးဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၇၇-မှ ၁၉၈၀-ပြည့်နှစ်တွင်ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၃၃-ကြိမ်မြောက် ညီလာခံကြီးက ကမ္ဘာပေါ်တွင် ကျောက်ရောဂါကင်းစင်ပြီဖြစ်ကြောင်း ကြေညာနိုင် ခဲ့ပါသည်။

ကာကွယ်နိုင်ခဲ့ခြင်းမှာ ကျောက်ရောဂါကာကွယ်ဆေးကြောင့်ပင် ဖြစ်ပါသည်။ ကျောက်ရောဂါကာကွယ် ဆေးကို ဦးစွာ အသုံးပြုသူတို့မှာ တရုတ်လူမျိုးများ ဖြစ်ပါသည်။ တရုတ်တို့သည် ရောဂါရှိသူထံမှ ပြည်ကိုယူပြီး လူကောင်း၏လက်မောင်းကို အစင်းထင်အောင် တခုခုဖြင့် ခြစ်လိုက်သည်။ ထိုခြစ်ထားသော အနာထဲသို့ ပြည်ကိုသုတ်ပေးလျှင် ရောဂါကာကွယ်သည်ဟု ယူဆခဲ့ကြပါသည်။ တရုတ်တို့၏နည်းမှာ ရောဂါကာကွယ်သည်ထက် ကူးစက်ခံရကာ သေဆုံးဖို့ အခွင့်အရေးပိုများပါသည်။

သိပ္ပံနည်းကျ ကျောက်ရောဂါကာကွယ်ဆေးကို စတင်ဖော်ထုတ်ပေးခဲ့သူမှာ အင်္ဂလိပ်လူမျိုး ဆရာဝန်တဦး ဖြစ်သူ အက်ဒဝပ် ဂျင်းနာ (Edward Jenner) (၁၇၄၉-၁၈၂၃) ဖြစ်ပါသည်။ ဂျင်းနားသည် ဇာတိမြို့ဖြစ်သော ဘာကလေမြို့တွင် ဆေးခန်းဖွင့်ကုသနေခဲ့ပါသည်။ ထိုစဉ် သူဆေးခန်းသို့ နွားကျောက် (Cowpox) ပေါက်သူများ မကြာခဏ ရောက်လာတတ်ပါသည်။ နွားကျောက်ဆိုသည်မှာ နွားမကို နို့ညှစ်စဉ် ညှစ်ပေးသူ၏လက်မှတဆင့် ကူးစက်ခံရသော အနာကလေးများ ဖြစ်ပါသည်။ ထိုအနာကလေးများမှာ ကျောက်ရောဂါလောက် မပြင်းထန်ဘဲ မကြာမီ နဂိုအတိုင်း ပြန်ကောင်းသွားတတ်ပါသည်။

ဂျင်းနားသည် နွားကျောက်ပေါက်ခံရသော နွားနို့သမများအား ဆေးကုရင်း နွားကျောက်ပေါက်ဖူးလျှင် ကျောက်ကြီးမပေါက်နိုင်ဟု ကြားသိရလေသည်။ အစပထမတွင် ဂျင်းနားသည် ထိုအဆိုကို လက်မခံချေ။ သို့သော် နောင်တွင် ရပ်ရွာ၌ ကျောက်ရောဂါကပ်ကြောင့် လူအများ အကြီးအကျယ်ကျောက်ရောဂါ ဖြစ်နေချိန်တွင် အဆိုပါနွားနို့သမလေးများမှာ ရောဂါအကူးမခံရကြောင်း တွေ့ရှိလာရလေသည်။

အချို့ နွားနို့သမလေးများမှာ အကူးခံရကြောင်း တွေ့ရှိရပြန်ပါသည်။ ထိုအခါ ဂျင်းနား၏စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားလေသည်။ ဂျင်းနားသည် သူ့သံယသကို သေချာအောင် ထပ်မံစစ်ဆေးသောအခါတွင် နွားကျောက်ရောဂါမှာ နှစ်မျိုးရှိကြောင်း၊ ၄င်းအနက် တမျိုးကသာ ကျောက်ကြီးရောဂါကို ကာကွယ်ကြောင်း သိရှိလာလေသည်။

၁၇၆၉-တွင် ဂျင်းနားသည် နွားကျောက်ပေါက်နေသော နွားနို့သမလေး၏အနာမှ ပြည်ကိုယူကာ အသက် ၈-နှစ်အရွယ် ကလေးငယ်တဦးကို ပထမဆုံးအကြိမ် ကျောက်ဆေးစမ်းထိုးလိုက်လေသည်။ ၂-လအကြာတွင် ၄င်းကလေးအား ကျောက်ကြီးပေါက်နေသောလူနာထံမှ ပြည်ကိုယူပြီး ထိုးပေးလိုက်ပြန် လေသည်။ ဂျင်းနားနှင့် ကလေးမိခင်တို့မှာ နှစ်ပတ်ခန့် တထိတ်ထိတ် စောင့်ကြည့်နေခဲ့ကြလေသည်။ သို့သော် ထိုကလေးမှာ နှစ်ပတ်ကျော်သည်အထိ ကျောက်ရောဂါ ဖြစ်မလာ တော့ပါ။ ဂျင်းနား အောင်မြင်ခဲ့လေပြီ။ ဂျင်းနားသည် ဤနည်းဖြင့် နောက်ထပ်လူပေါင်း ၂၃-ယောက်ကို စမ်းသပ်ရာ အောင်မြင်ခဲ့ပြန်လေသည်။

၁၇၉၈-တွင် ဂျင်းနားသည် ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သူတွေ့ထားသော အချက်များကို စာတမ်းတစောင် ရေးသားခဲ့လေသည်။ ထိုစာတမ်းသည် ဆေးပညာရှင်များကိုသာ မက သာမန် အရပ်သားများကြားတွင်ပင် တမုဟုတ်ချင်း ကျော်ကြားသွားလေသည်။ လူအများအပြားကပင် ဂျင်းနားကို ချီးကျူးခဲ့ကြလေသည်။ အချို့ကမူ လူအနည်းငယ် စမ်းကြည့်ရုံဖြင့် ကာကွယ်ဆေးဖြစ်ပြီဟု မဆိုနိုင်ဆိုပြီး ဂျင်းနားအားကန့်ကွက်ခဲ့ကြလေသည်။

သို့သော် ဂျင်းနားသည် စိတ်ရှည်လက်ရှည်ဖြင့် ကျေးရွာအနှံ့၊ မြို့အနှံ့၊ နိုင်ငံအနှံ့ လိုက်လံရှင်းလင်းသင်ပြပေးရာ နောက်ဆုံးတွင် သူ့ကို ဆန့်ကျင်သူတို့ပင် သူ့နည်းကို လက်ခံလာကြလေသည်။ ဂျင်းနား၏နည်းကို အခြား ဥရောပနိုင်ငံများသာမက တရုတ်၊ အိန္ဒိယ၊ တောင်အမေရိက စသည့်နိုင်ငံများကပါ အလျင်အမြန်ရယူခဲ့ကြသဖြင့် ကျောက်ရောဂါကပ်ကြီးများမှာ ကမ္ဘာပေါ်တွင် တဖြည်းဖြည်း ပျောက်ကွယ် လာခဲ့လေသည်။

၁၈၀၃-ခုနှစ်တွင် ဂျင်းနားသည် အင်္ဂလန်ပြည်၌ တော်ဝင်ဂျင်းနားအသင်းကို ထူထောင်၍ တကမ္ဘာလုံး ကျောက်ဆေးထိုးနှံရေးကို စည်းရုံးဆောင်ရွက်ခဲ့ပါသည်။ ဂျင်းနား၏ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် ကျောက်ရောဂါကပ်ဘေးကြီး ကင်းဝေးခဲ့ပြီဖြစ်ပေသည်။ ကျောက်ရောဂါကာကွယ်ဆေးကို တီထွင်ဖော်ထုတ်ခဲ့သူ ဂျင်းနားမှာ ၁၈၂၃-ဇန်နဝါရီလ ၂၆-ရက်နေ့တွင် သူ့ဇာတိ ဘာကလေးမြို့တွင်ပင် ကွယ်လွန်ခဲ့ပါသည်။ ယခုအခါ ကျောက်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးမှာ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ရှိ လုံခြုံသောဓာတ်ခွဲခန်းတွင် သိပ္ပံသုတေသနအလို့ငှါ သိမ်းဆည်းမွေးမြူထားပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စွယ်စုံကျမ်းနှစ်ချုပ် (၁၉၇၈)
  2. သန်းမင်းထွဋ် (မင်္ဂလာမောင်မယ် ၂၀၁၀-ခု ဇူလိုင်လ)