ကျောက်ကြီးရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကျောက်ကြီးရောဂါ[ပြင်​ဆင်​ရန်​]

ကျောက်ကြီးရောဂါသည် ကူးစက်တတ်သော ရောဂါ ဖြစ်သည်။ ကျောက်ကြီးကို ကျကျောက်ဟူ၍လည်း ခေါ်ဆို တတ်ကြသည်။ ကလေး လူကြီးမရွေး ကျောက်ကြီးရောဂါ ဖြစ်တတ်သည်။ ထိုရောဂါသည် လူကို သေစေနိုင်သည်။ မသေသော်လည်း ကျိုးကန်း ေစနိုင်သည်။ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်စေတတ်သည်။ ကျောက်ကြီးရောဂါ ဖြစ်ရခြင်းမှာ ခန္ဓာ ကိုယ်တွင်းသို့ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်သောကြောင့် ဖြစ်သည်။ ရောဂါဖြစ်နေသူ၏ ထွက်သက်လေတွင်၄င်း၊ ကျောက်ဖုများ ကျောက်ဖေးများတွင်၄င်း၊ ရောဂါမျိုးစေ့ပိုးများစွာ ပါရှိ၏။ ကျောက်ဖေးကွာချိန်၌ ကျောက်ဖေးမှုန်များသည် လေနှင့် လွင့်စင်ပြီးလျှင် ရောက်လေရာ၌ လူများကို ရောဂါကူးစက် စေနိုင်သည်။

ကျောက်ကြီးရောဂါ ဖြစ်စေသော ဗိုင်းရပ်ပိုးများသည် အလွန် သေးငယ်သော်လည်း အသက်ပြင်းသောကြောင့်၊ ကျောက်ပေါက်သူ၏ အထည်အဝတ်များ အသုံးအဆောင် ပစ္စည်းများ စသည်တို့တွင် လပေါင်းများစွာ အသက်ရှင်၍ နေနိုင်ကြသည်။ ရောဂါမျိုးစေ့ ဝင်ပြီးနောက် ရ ရက်မှ ၁၅ ရက်အတွင်း လူနာသည် စ၍ ဖျား၏။ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ အသားအရေ တောင့်တင်းခြင်း အစရှိသည့် လက္ခဏာများ ပေါ်လာ၏။ ကျောက်လုံးများထွက်ခါနီးတွင် အသားထဲ၌ ခဲလုံးကလေးများ ဝင်နေသကဲ့သို့ နာကျင်တတ်၏။

၃ ရက်ဆက် ဖျားပြီးသောအခါ ကျောက်ဖုကလေး များသည် လက်ဖျား၊ ခြေဖျား၊ မျက်နှာတို့တွင် ပထမ ပေါ်လာ ၏။ ထို့နောက် အခြားနေရာများ၌ ပေါ်လာ၏။ အဖုများမှာ ဝိုင်း၍ နီပြီး မာနေ၏။ ကျောက်ဖုများ သည် ၄ ရက်ခန့်ကြာ သောအခါ ရေကြည်တည်၍ ဖောင်းကြွလာ၏။ ထိုနောက် အဖုများမှာ ထိပ်ပြား၍ အလယ်၌ မဲနက်လာ၏။ ကျောက်လုံး အတွင်းရှိ ရေကြည်သည် နောက် ရ ရက် ၈ ရက်ကြာသော အခါ ပြည် ဖြစ်လာ၏။ ထို့နောက် ၁ ရက် ၂ ရက်မှျ ကြာ သောအခါ ကျောက်လုံးများ ညှိုး၍ခြောက်လာ၏။ ထို့နောက် အဖေးဖြစ်ပြီးလျှင် ရက်ပေါင်း ၂ဝ ခန့်အကြာတွင် ကွာကျ၏။ ကျောက်ဖေးကွာကျသောနေရာများတွင် ကျောက်ပေါက်မာများ ကျန်ခဲ့သည်။ ကျောက်လုံးများ ထွက်ပေါ်သည်မှစ၍ ကျောက် ဖေးများ ကွာကျသည်အထိ အများအားဖြင့် တစ်လခန့် ကြာ၏။

ကျောက်ကြီးတစ်ခါပေါက်ပြီးလျှင် များသောအားဖြင့် တစ်သက်တာတွင် နောက်ထပ်ကျောက်ပေါက်ခဲ၏။ သို့သော် ကျောက်ပေါက်မာရှိသောလူ၌ နောက်ထပ်ကျောက်ပေါက်သည် လည်း ရှိတတ်သည်။ လူတစ်ဦး တည်း၌ ၃ ကြိမ် ကျောက် ပေါက်သည်ကို တွေ့ရှိဘူးကြောင်း စာဆိုလည်း ရှိပေသည်။ ကျောက်လုံးများ မထွက်မီ စဖျားသည့်အချိန်မှ အနာဖေး ကွာကျ၍ အသားချောမွတ်သွားသည့်အချိန်ထိ ကျောက်ရောဂါ သည် အခြားလူများသို့ ကူးစက်နိုင်သည်။ ထို့ကြောင့် ကျောက်ပေါက်သည့်လူနာကို သီးသန့်ခွဲခြား၍ ထားရန်မှာ အရေးကြီးပေသည်။ ဥပဒေကလည်း လူနာကို သီးသန့် ခွဲခြားထားရန် ပညတ်ထား၏။

ကျောက်ကြီးရောဂါအတွက် မုချပျောက်ကင်းစေသော ဆေးဟူ၍ မရှိသေးပေ။ လူနာကို ကြည့်ရှုပြုစုခြင်းသည် အရေး အကြီးဆုံး ဖြစ်ပေသည်။ လူနာကို ကျောက်ပေါက်ဘူးသူ သို့မဟုတ် မကြာသေးမီက ကျောက် ဆေးထိုးထားသူသာလှျင် ပြုစုသင့်၊။ လူနာလုံးဝ ပျောက်ကင်းသောအခါ ဖြစ်စေ၊ သေဆုံးလှျင်ဖြစ်စေ၊ လူနာ၏ အဝတ်အစားများကို မီးရှို့ ပစ်သင့်၏။ အဖိုးတန်ပစ္စည်းများကိုမူ ရေနှင့်ပြုတ်ခြင်း၊ နေပူလှန်းခြင်း၊ ပိုးသေဆေးဖျန်းပက်ခြင်းများ ပြုလုပ်ရမည်။ ကျောက်ဆေးထိုးခြင်းသည် ကျောက်ကြီးရောဂါ မဖြစ် အောင် ကာကွယ်ခြင်းဖြစ်သည်။ ရှေးအခါက မြန်မာနိုင်ငံတွင် မြန်မာနည်းဖြင့် ကျောက်ထိုးပေးခဲ့ကြသည်။ ထိုနည်းမှာ ကျောက်ပေါက်သူ၏အနာမှ ပြည်ကို ဖြစ်စေ၊ ကျောက်ဖေး များကို အမှုန့်ကြိတ်၍ဖြစ်စေ၊ ကျောက်မပေါက်သေးသော ကလေးများကို ထိုးပေးခြင်း ဖြစ်၏။ ကံကောင်းလှျင် ကျောက်လုံးအနည်းငယ်သာ ထွက်၍ ရောဂါပျောက်ကင်း သွား၏။ ထိုးသွင်းသော ကျောက်ရည်ကို ချင့်ချိန်တိုင်းတာခြင်း မပြုနိုင်သဖြင့် မကြာခဏ ကျောက်လုံးအထွက်များ၍ သေဆုံး ကြရသည်။ ယခုအခါ မြန်မာနည်းထက်ပို၍ စိတ်ချရသော နည်းဖြင့် ကျောက်ထိုးပေးနေပြီဖြစ်ရာ ဤနည်းကို ကုလား ကျောက် သို့မဟုတ် နွားကလေးတို့မှ ရရှိကြသည်။

မြန်မာနိုင်ငံတော်အစိုးရသည် ကျန်းမာရေးစီမံကိန်းများ ပြုလုပ်ကာ ကျောက်ကြီးရောဂါ ကာကွယ်ရန်အတွက် ကျောက်ထိုးဆရာသင်တန်းများ ဖွင့်လှစ်၍၄င်း၊ ကျောက်ထိုးဌာနများ အပျံ့အနှံ့ထားရှိ၍၄င်း၊ ရောဂါ ကာကွယ်ရန် အသိဉာဏ်ပေးသည့် စာတမ်းများ ရုပ်ရှင်များ ဝေငှ ပြသ၍ ၎င်း ဆောင်ရွက်လျက်ရှိပေသည်။

[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)