ကျောက်ဂွမ်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Fibrous asbestos on muscovite
ကျောက်ဂွမ်း
ကျောက်ဂွမ်း
ဩစတေးလျမှ ကျောက်ဂွမ်းပြာ။ ပေတံသည် ၁ စင်တီမီတာကို ပြသည်။
ကျောက်ဂွမ်းပြာမှ ဖိုင်ဘာမျှင်များကို ပြနေပုံ

ခရစ္စတယ်ပုံရှိ၍ အမျှင်များပါရှိသော ကျောက်မျိုးကို ကျောက်ဂွမ်းဟု ခေါ်သည်။ ဤကျောက်မျိုးမှ ကျောက်သားများ ကို ဖယ်ရှား၍ အမျှင်များကို ထုတ်ယူပြီးလျှင် သိုးမွှေးကဲ့သို့ ရက်ယူနိုင်သည်။ ကျောက်ဂွမ်းတွင် မီးခံနိုင်သော သတ္တိရှိခြင်း ကြောင့် မီးကာပစ္စည်းများ ပြုလုပ်ရာ၌ဖြစ်စေ၊ မီးခံပစ္စည်းများ ပြုလုပ်ရာ၌ဖြစ်စေ၊ အသုံးပြုသည်။ သိပ္ပံဝေါဟာရအလိုအားဖြင့် ကျောက်ဂွမ်းကို အက်စဗက်စတော့ဟု ခေါ်သည်။ ဤစကားမှာ ဂရိဝေါဟာရဖြစ်၍ 'မီးမငြိနိုင်'ဟု အဓိပ္ပါယ်ရသည်။ ကျောက် ဂွမ်းတွင် မီးခံခြင်းနှင့် သိုးမွှေးကဲ့သို့ ရက်ယူနိုင်ခြင်းဂုဏ်တို့ ရှိကြောင်းကို အလွန်ရှေးကျသော ခေတ်ကပင် လူတို့ သိရှိခဲ့ ကြသည်။ ရှားလမိန်း ဘုရင်ထံ၌ ကျောက်ဂွမ်းဖြင့် ရက်လုပ် ထားသည့်စားပွဲခင်း ရှိသည်ဟူ၍လည်းကောင်း၊ ထိုစားပွဲခင်းကို သန့်ရှင်း စင်ကြယ်အောင် လုပ်လိုတိုင်း မီးမြိုက်ပေးရသည် ဟူ၍လည်းကောင်း၊ ပြောစမှတ်ရှိခဲ့လေသည်။

ကျောက်ဂွမ်းမှ အမျှင်များကို အထည်ကဲ့သို့ရက်လုပ်ခဲ့သော ပထမဆုံးနိုင်ငံကား အီတလီနိုင်ငံ ဖြစ်သည်။ ကျောက်ဂွမ်းမှ အထည်များမပြုလုပ်မီ ပထမဆုံး ကျောက်ကို ကြိတ်စက် များတွင် ထည့်၍ ကြိတ်ပြီးလျှင် အမျှင်များကို ထုတ်ယူသည်။ အမျှင်ကောင်းကောင်းရအောင် အမျိုးမျိုးအဖုံဖုံ ပြုပြင်ပေး ရသည်။ တစ်ခါတစ်ရံ ခြည်မျှင်များဖြင့်ဖြစ်စေ၊ ကြေးနီ သို့မဟုတ် ကြေးဝါနန်းကြိုးများဖြင့် ဖြစ်စေ၊ ပူး၍ အမျှင်များ ဖြစ်အောင် ကျစ်ယူသည်။ ထိုအမျှင်များမှတစ်ဖန် အထည်များ ရက်ယူကြသည်။ ကျောက်ဂွမ်းထည်ကို အသုံးလိုက်၍ အမျိုးမျိုး ပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်တွင် တစ်နှစ်တစ်နှစ်လျှင် အသုံးပြု လျက်ရှိသော ကျောက်ဂွမ်းတန်ချိန် ၃၅၈ဝဝဝ အနက် ၇၈ ရာခိုင်နှုန်းကို ကနေဒါ တစ်နိုင်ငံတည်းမှပင် အများအပြား ရရှိလေသည်။ ထို့ကြောင့် ကျောက်ဂွမ်းသည် ကနေဒါနိုင်ငံ၏ ဝင်ငွေကောင်းလှသော ထွက်ကုန်တစ်ရပ် ဖြစ်ပေသည်။ ကျောက်ဂွမ်း အသင့်အတင့် ထွက်ကြသော အခြားနိုင်ငံများမှာ ရိုးဒီဇီးယား၊ ရုရှ၊ တောင်အာဖရိက ပြည်ထောင်စု၊ အီတလီနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။

ရေနွေးငွေ့ပိုက်များတွင် သုံးရန် အပူကာပစ္စည်းများကို ရက်ဖိုက် (ခဲနက်) အမဲဆီတို့ဖြင့် ကျောက်ဂွမ်းကို ရောစပ်စီမံ ယူကြသည်။ ဇာတ်ရုံတွင် အသုံးပြုသည့် မီးခံကန့်လန့် ကာများမှာ ကျောက်ဂွမ်းပြားများ ဖြစ်သည်။ ဤမီးခံ ကျောက်ဂွမ်းပြားများသည် အပြင်အပမှ အနှောင့်အယှက် ပေးမည့် မလိုလားအပ်သော အသံများကို အသင့်အတင့် သက်သာရာရစေရန် တားဆီးထားနိုင်သည့်ပြင် ရာသီဥတု ကြောင့်ဖြစ်ပေါ်သော စိုထိုင်းမှုကို လည်း ကာကွယ်ပေးနိုင် ကြောင်း စမ်းသပ်သုံးစွဲသဖြင့် သိရသည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)