ကျောက်ချဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကျောက်ချဉ်တုံး

ကျောက်ချဉ်[ပြင်​ဆင်​ရန်​]

ကျောက်ချဉ်သည် သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်သည်။ ကျောက်ချဉ်သည် အရောင်ကင်း၍ ရှစ်မြှောင့် ခရစ္စတယ် ကလေးများအဖြစ် ဖွဲ့စည်းနေသော အခဲဖြစ်သည်။ ထိုအခဲတွင် ရေ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်၏။ ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလျူမီနီယမ် ဆာလဖိတ်(ဓါတ်ဆား) နှင့် ပိုတက်ဆီယမ်ဆာလဖိတ် (ဓါတ်ဆား)နှစ်မျိုးကို အညီအမျှရောစပ်ကာ အရည်ဖျော်၍လုပ်လျှင် ရှစ်မြှောင့် ခရစ္စတယ်ကျောက်ချဉ်ခဲကလေးများ ဖြစ်လာသည်။


ကျောက်ချဉ်ကို သယံဇာတအဖြစ်ဖြင့် တူးဖော်ရရှိနိုင်သည်။ သို့သော် ကျောက်မီးသွေးမှ ဓါတ်ငွေ့ကို ထုတ်ယူရာတွင် ကျောက်ချဉ်ကို ဘေးထွက်ပစ္စည်းအနေဖြင့် အမြောက်အမြား ရရှိနိုင်သည်။ ရှေးခေတ်အခါက လူများသည် ကျောက်ချဉ်ပါသော ကျောက်တုံးကို မီးဖုတ်၍ ကျောက်ချဉ်ကို ထုတ်ယူကြသည်။ အလယ်ခေတ် လောက်က ဥရောပနိုင်ငံများ၌ အသုံးပြုသော ကျောက်ချဉ်ကို ဥရောပအရှေ့ဖက်ရှိ မွတ်စလင်နိုင်ငံများမှ ရရှိသည်။ ၁၅ ရာစုနှစ်သို့ ရောက်သောအခါမှ ကျောက်ချဉ်တွင်းများကို အီတလီနိုင်ငံ တောင်ပိုင်းတွင် တွေ့ရှိကြလေသည်။


ကျောက်ချဉ်၏ ထူးခြားသော အချက်တစ်ရပ်မှာ ကျုံ့စေ ချုပ်စေတတ်သော သတ္တိဖြစ်၏၊ ဥဒါဟရုဏ် ကျောက်ချဉ်တစ်ခဲကို နှုတ်ခမ်းတွင် ပွတ်တိုက်ကြည့်လျှင် နှုတ်ခမ်းသည် ကျုံ့ယုံ့ တင်းမာသွားသည်ကို တွေ့ရမည်။ ကျောက်ချဉ်ကို ဆေးဝါးအဖြစ်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ရာ သွေးတိတ် အောင်ပြုခြင်း၊ အနာစိမ်းများ ကုသခြင်းတို့အတွက် ကောင်း၏။ ထို့ပြင် အထည်အလိပ်များ ဆေးဆိုးရာတွင်လည်း ဆေးရောင်ကို ချုပ်ရန်အတွက် အသုံးဝင်သည်။ သို့ရာတွင် ဤသို့ ချုပ်ဆေးအဖြစ်ဖြင့် အသုံးပြုသော ကျောက်ချဉ်၌ သံဓါတ် မပါအောင် သတိပြုရသည်။ သားရေနယ်ရာ၌လည်းကောင်း၊ စက္ကူ လုပ်ငန်းတွင် စက္ကူကို မင်အစုတ်နည်းအောင် ပြုလုပ်ရာ၌လည်းကောင်း၊ နောက်ကျိသောရေကို ကြည်လင်အောင် ပြုလုပ်ရာ၌လည်းကောင်း၊ ကျောက်ချဉ်ကို အသုံးပြုကြ၏။ ရေကို ကြည်လင်စေရန် ရေတိုင်ကီများတွင် တစ်ခါတစ်ရံ ကျောက်ချဉ်သက်သက်ကို ဖြစ်စေ၊ ထုံးဖြင့်ရော၍ ဖြစ်စေ အသုံးပြုတတ်ကြသည်။ ကျောက်ချဉ်သည် ဆေးဝါးဖက်တွင် အသုံးဝင်သော်လည်း တန်ရုံထက် လွန်၍ စားသုံးမိလျှင် ဥပဒ်ပေးတတ်သည်။ ကျောက်ချဉ်ကို မီးဖုတ်ကြည့်လျှင် ရေသည် အငွေ့ဖြစ်သွား၍ အမှုန့်သာ ကျန်သည်။ [၁]

ကျောက်ချဉ်ကို ရှေးဟောင်းအာယုဗေဒ ဆေးပညာရှင်ကြီးများက သီဝနတ်ဘုရားနှင့် ခိုင်းနှိုင်းတင်စားလေ့ရှိသည်။ အဆိပ်ဟူသမျှသည် သီဝနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါသည်။ ကျောက်ချဉ်သည်လည်း အဆိပ်ပြေစေသော သတ္တိရှိသည့်အတွက် သီဝနတ်ဘုရားနှင့် ခိုင်းနှိုင်းခြင်းဖြစ်ပါသည်။


မြန်မာ့တိုင်းရင်းဆေးကျမ်းများတွင် ကျောက်ချဉ်သည် ဖန်သည်၊ ချိုသည်၊ ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ်ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။ အစာကိုကြေ စေသည်။ သည်းခြေအားနည်းသည်ကိုလည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ အပူလွန်ခြင်း၊ အူသိမ်,အူမတွင် ပြည်နာဖြစ်ခြင်း၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ,သည်းခြေ,သလိပ်ဟူသော ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊ မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို နိုင်၏ဟု ဆိုထားသည်။ တိုင်းရင်းဆေးပညာ ဦးစီးဌာနက ထုတ်ဝေသော တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ ချဉ်၊ ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ်) (ကျင်ကြီးပေါက်၊ ဆီးပေါက်)ကို ကျုံ့စေ၊ ကျဉ်းစေခြင်းစသည့် အကျိုးသွားရှိကြောင်း ဖော်ပြထားပါသည်။

ထိမိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်လျှင်၊ အရေပြားမှာ သွေးခြေဥလျှင် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍ လိမ်းပေးနိုင်သည်။ အနာ အမြန်ဆုံးကျက်ပါသည်။ ဆံပင်၊ မုတ်ဆိတ်ရိတ်လျှင် ဓားရှမိသော အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါသည်။ ရှေးက ဆတ္တာသည်များသည် ကျောက်ချဉ်ကို အမြဲတမ်း ဆောင်ထားလေ့ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေး ကြပါသည်။

[၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. ဒေါက်တာအောင်နိုင်(ဆေးသုတေသန) ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ စာအုပ်မှ