ကျိုင်း

ဝီကီပီးဒီးယား မှ

မြင့်မြတ်သော အခွင့်အာဏာကို ညွှန်းသည့် အဆောင်အယောင် မြန်မာတို့တွင် မင်းခမ်းမင်းနားကိစ္စများ၌ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာကို ညွှန်းသည့် အဆောင် အယောင်သဘောဖြင့် ကျိုင်းကို အသုံးပြုကြသည်။ အခြားလူမျိုးများစွာသည်လည်း ကျိုင်းကို မင်း စသည့် ဂုဏ်ကြီးမြင့်သူတို့သာ သုံးစွဲထိုက်သည့် အဆောင်အယောင်ပစ္စည်းဟူ၍ သတ်မှတ်ခဲ့ကြသည်။ ယခုအခါ၌ပင် ကျိုင်းကို အထွတ်အမြတ်သဘောဖြင့် လှပဆန်းကြယ်စွာ တန်ဆာဆင် မွမ်းမံပြီးလျှင် ဂုဏ်နှင့် အာဏာအဆင့်အတန်းကို သတ်မှတ်သိသာစေရန် အသုံးပြုနေသည်ကို တွေ့ရပေသည်။

မြန်မာ့ကျိုင်း ကျိုင်းအချက်အထွဋ်ရွှေပုံ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင်၊ မိဖုရားနှင့် မင်းညီမင်းသားတို့၏ အဆောင်အယောင်တစ်ပါးဖြစ်၏။ ဘုရင်က ချီးမြှောက်သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့်အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့် ရ၏။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင်စသော အခမ်းအနားများသို့ တက်ရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အမှုထမ်းများက ကိုင်ဆောင်၍ လိုက်ပါရ၏။

ကျိုင်းမှာ အရိုးရှည်တပ်ထားသော ခမောက်သဏ္ဌာန်အရာ ဖြစ်၏။ အထွတ်ကို ရွှေချထားခြင်းတစ်မျိုး၊ အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ အနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီသုတ်ခြင်း တစ်မျိုးအားဖြင့် ၃ မျိုးရှိ၏။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုးတွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင်ပါသော 'ဝေါရှည်နှင့် ဝေါတော်ရှေ့ကျိုင်း ၄ ချက်စီ၊ လက်ကိုင် မှန်စီကျိုင်းတော်နှစ်'ဟူသော စကားအရ သိရ၏။ တစ်ခါတစ်ရံ ကျိုင်းကို ရှေ့မှကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို ပြာဋိဟာခန်းပျို့လာ 'ယာဉ်ညင်စီးစီး၊ ကျိုင်းထီးဆောင်းဆောင်း'ဟူသော စကားအရ၎င်း၊ လွှတ်တော်သတ်ပုံလာ 'ဆောင်းသည့်ကျိုင်း'ဟူသောစကားအရ၎င်း သိရလေသည်။

ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌၊ မင်းနှင့် မိဖုရားကား ၈-လက်၊ အိမ်ရှေ့မင်း၊ မင်းညီ မင်းသားတို့ကား ၄-လက်၊ တစ်ခါတစ်ရံ ၆-လက်ဆောင်၏။ ကျိုင်းကို မင်္ဂလာအခမ်းအနားများတွင်သာမက အသုဘအခမ်းအနားများတွင်လည်း အဆင့်အတန်းအလိုက်၊ ဆိုင်ရာအမှုထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။

လွှတ်တော်[ပြင်ဆင်ရန်]

ကျိုင်းကို မြင့်မြတ်သူတို့၏ အဆောင်အယောင်ဖြစ်သဖြင့် သာမန်လူတို့နှင့် မထိုက်တန်ရကား၊ 'ကျိုင်းနှင့် သပေါက်၊ မထောက်မတန်'ဟူ၍လည်းကောင်း၊ 'သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့်သည်' ဟူ၍လည်းကောင်း စာပေတွင် စပ်ဆိုကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့တွင် ငွေဖြင့်ပြုလုပ်ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထိုကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ ငွေသား ကျပ်ချိန် ၆ဝဝ ရှိ၏။ အဆိုပါကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယကတို့၏ မြင့်မြတ်သော အခွင့်အာဏာကို ပြ၏။ မြန်မာမင်းများလက်ထက်က ကျိုင်းနှင့် အထွတ်အမြတ်ဖြစ်သော သဘော ချင်းသာ တူ၍ ပုံသဏ္ဌာန်ချင်းကား မတူချေ။ ယခုကျိုင်းမှာ အနောက်နိုင်ငံများတွင်သုံးသော ကျိုင်းနှင့်ပုံပန်းချင်း ဆင်တူသော်လည်း မြန်မာဆန်ဆန်ပန်းပြောက်များဖြင့် ထုလုပ်ထား၏။ ဥက္ကဋ္ဌနှင့် နာယကသည် လွှတ်တော်အစည်းအဝေးခန်းမသို့ ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အရာရှိက ဥက္ကဋ္ဌကြီး၏ ရှေ့ ၈ ပေခန့်အကွာမှ ကျိုင်းကို ကိုင်လျက် သွားရ၏။ သတ်မှတ်ထားသောနေရာ တွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရသည်။ အစည်းအဝေးပြီး၍ ဥက္ကဋ္ဌကြီး ပြန်လည်ထွက်ခွာမည့်အခါ ကျိုင်းကိုင်အရာရှိသည် ကျိုင်းကို ယူဆောင်၍ ရှေ့မှ သွားနှင့်ရသည်။ ကျိုင်းမှာ လွှတ်တော်တွင် အရေးပါလှ၏။ လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်ပင် အစည်းအဝေး ပြီးဆုံးပြီဟူသော အထိမ်း အမှတ်ဖြစ်တော့သည်။ ကျိုင်းကိုင်အရာရှိကို အစဉ်အလာအားဖြင့် ရဲဝန်ထက် အဆင့်အတန်းနိမ့်သူကို ခန့်ထားရိုး မရှိချေ။

နိုင်ငံတော်တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်းအဆောင်အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါ ကျိုင်းနှင့် ဝင်ကြသည်။ တရားဝန်ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏ အခွင့်အာဏာကို ပြသည့်အပြင် 'ဥပဒေနှင့် တရားမျှတမှု'၏ အထိမ်းအမှတ်လည်း ဖြစ်သည်။

တရားလွှတ်တော်ချုပ်တွင် သုံးသောကျိုင်းသည် ၆ ပေခန့်ရှည်၍ သစ်သားဖြင့် ပြုလုပ်ထား၏။ ကျိုင်း၏ ထိပ်မှာ လုံးဝန်း၍ ရွှေချထားသည်။ တရားဝန်ကြီး တရားခွင့်သို့ ကြွလာသည့်အခါ ကျိုင်းကိုင်လုလင်က တရားဝန်ကြီး၏ ရှေ့ ၉ ပေခန့်အကွာမှ ကျိုင်းကို ထမ်း၍ သွားရသည်။ တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်၊ ကျိုင်းကိုင်လုလင်က ကြမ်းပြင်ကို ကျိုင်းဖြင့်ဆောင့်၍ အချက်ပေးလိုက်သည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံးထိုင်ပြီဖြစ်ကြောင်း ကျေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီးပြန်လည်ကြွသွားသည့်အခါ ကျိုင်းကိုင်လုလင်က ဝင်လာသည့်နည်းတူ တရားဝန်ကြီး၏ ရှေ့က ထွက်နှင့်ရသည်။

အခြားနိုင်ငံများ[ပြင်ဆင်ရန်]

ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်၍ အခြားနိုင်ငံများတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ၊ တက္ကသိုလ်များတွင် ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင်အဖြစ် ထားရှိ၏။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ဝန်ထံတွင် ငွေကျိုင်းအဆောင် အယောင် ရှိ၏။ ကျိုင်းကိုင် အမှုထမ်းများကိုလည်း ထားရှိလေသည်။ ရှေးခေတ်ဟောင်းက စစ်ဖက်ဆိုင်ရာကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင်အောင် ပြုလုပ်ထား၏။ အိန္ဒိယနိုင်ငံတွင်မူ အလှအပမွမ်းမံထားသော ကျိုင်းအပြင် လက်နက်သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြုကြသေးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)