ကျည်းလံပင်

ဝီကီပီးဒီးယား မှ

ကျည်းလံပင်ကို မြန်မာနိုင်ငံတွင် မဲဇာမြစ်ဝှမ်း၌ တွေ့ရ သည်။ ဤအပင်သည် အလွန်ကြီးမားသော တောသစ်ပင်ကြီး မျိုးဖြစ်၍ အမြင့်ပေ ၁ဝဝ အထိ ပင်စည်လုံးပတ် ၁ဝ ပေမှ ၁၂ ပေအထိ ရှိတတ်သည်။ အဖျားပိုင်း၌သာ အကိုင်းအခက် များ ထိုးထွက်လျက်ရှိသဖြင့် ပင်စည်လုံးသည် အကိုင်းအခက် ကင်း၍ ရှည်လျားမြင့်စောက်သည်။

ကျည်းလံသားသည် ပျော့၍ အရောင်မှာ ညိုဖျော့ဖျော့ ဖြစ်သည်။ အာသံပြည်၌ ကျည်းလံသားကို တံတား၊ အိမ်ထောင် ပရိဘောဂ၊ လှေနှင့် လှေတက်များလုပ်ရန် အသုံးပြုကြသည်။ ရန်ကုန်မြို့တွင် မလ္လာယုကျွန်းဆွယ်မှလာသော သစ်သားတစ်မျိုးဖြင့် သမ္ဗာန်များကို ဆောက်လုပ်လေ့ရှိကြသည်။ ယခုအခါ ထိုမလ္လာယုကျွန်းဆွယ်မှလာသော သစ်သားအစား ပြည်တွင်းထွက် ကျည်းလံသားဖြင့် သမ္ဗာန် စမ်းသပ်ဆောက်လုပ်ကြည့်ရာ ထမြောက်အောင်မြင်သည်ကို တွေ့ရသည်။ သို့သော် ထိုသစ်သားကို ပေါက်ရောက်ရာသစ်တောမှ အလိုရှိသလောက် လွယ်ကူစွာ ထုတ်ယူသယ်ပို့ရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို သေချာစွာ မပြောနိုင်ချေ။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)