ကာလာသောကမင်း

ဝီကီပီးဒီးယား မှ

ကာလာသောကမင်း[ပြင်ဆင်ရန်]

ကာလာသောကမင်းမှာ သာသနာတော် ရေးဆိုင်ရာ ဒုတိယသင်္ဂါယနာ တင်သော မင်းအဖြစ် ထင်ရှား ကျော်ကြားသည်။

ထိုမင်းသည် သုသုနာဂမင်း၏ သားတော်ဖြစ်၍ သာသနာ အနှစ် ၉ဝ ပြည့်တွင် ခမည်းတော်၏ အရိုက် အရာဖြစ်သော ဝေသာလီပြည်ကို ဆက်ခံစိုးစံသည်။ ထိုမင်းလက်ထက် ဝဇ္ဇီလီ တိုင်းသား ရဟန်းများသည် ဝိနည်းတော်နှင့် မညီသော အဓမ္မဝတ္ထုဆယ်ပါးတို့ကို ကျင့်သုံးနေကြသဖြင့် ဒုတိယသင်္ဂါယနာ တင်ရန် အကြောင်းအချက် ဖြစ်ပေါ်လာသည်။ ကောသမ္ဗီပြည်၌ သီတင်းသုံးနေတော်မူသော သျှင်မဟာယသထေရ်သည် ဝဇ္ဇတိုင်း သားရဟန်းတို့ ဝိနည်းတရားပျက်ပြားကြောင်း ကြားသိရလျှင် များစွာစိတ်မချမ်းမသာ ဖြစ်လေ၏။ သျှင်ရေဝတထေရ်၊ သျှင် သဗ္ဗကာမိထေရ်စသော ရဟန္တာတို့အား တိုက်တွန်း နှိုးဆော် လျက် အလဇ္ဇီရဟန်းတို့၏ မိစ္ဆာဝါဒကို တွန်းလှန်ဖြေရှင်းရန် ဝေသာလီပြည် ဝါလိကာရာမ ကျောင်းတိုက်သို့ ကြွတော်မူ၏။ ဝေသာလီပြည် မဟာဝုန်ကျောင်းတိုက်၌ ရှိကြသော ဝဇ္ဖီတိုင်း သား ရဟန်းတို့က သျှင်မာယသထေရ်အမှူးရှိသော ရဟန်းတို့ သည် မိမိတို့အား ရန်ပြုရန်ပါလာသည်ဟု ကာလာသောက မင်းကြီးအား ဂုံးချောကြကုန်၏။ မင်းကြီးလည်း ယုံစားမိ သဖြင့် ရှင်မဟာယသထေရ် အမှူးရှိသော ရဟန္တာ ၇ဝဝ တို့ မလာရအောင် တားဆီးကြချေဟု ခိုင်းတော်မူ၏။ သို့ရာတွင် မင်းကြီးစေလွှတ်သော အမတ်များနှင့် ရှင်မဟာယသထေရ်တို့ မဆုံမိကြလေ။ နောက်ဆုံးတွင် အလဇ္ဇီရဟန်းတို့၏ ကောက် ကျစ်သော အကြံအစည်ကို သိရှိသောအခါ မင်းကြီးသည် နောင်တကြီးစွာရပြီးလျှင် ကောသမ္မီရဟန်းတို့ထံ ကိုယ်တိုင် သွားရောက် ဆည်းကပ်လျက် ပစ္စည်းလေးပါး ဒါယကာအဖြစ် ခံယူလေသည်။ နှစ်ဦးနှစ်ဖက် ရဟန်းပရိသတ်တို့ ဆုံမိကြလျှင် ရှင်ရေဝတထေရ်၊ ရှင်သဗ္ဗကာမိထေရ်တို့က တရားမှန်ကို ညွှန်ပြ ဆုံးမတော်မူလေသည်။ ဝဇ္ဖီတိုင်းသား ရဟန်းတို့လည်း မိမိတို့ အမှားများကို ဝန်ခံ၍ ဝိနည်းတရားမှန်ကို လက်ခံဆောက်တည် ကြကုန်၏။ ထိုနောက် မြတ်စွာဘုရား၏ တရားတော်များ နောင်အခါ တိမ်းပါးချွတ်ချော်ခြင်း မရှိစေဘဲ ခိုင်မြဲသည်ထက် ခိုက်မြဲစေရန် သင်္ဂါယနာ တင်သင့်ကြောင်း ဆွေးနွေးကြသည်။ ကာလာသောကမင်းကြီးလည်း ကျောင်းသင်္ခမ်း အစရှိသော လိုဖွယ်ကိစ္စတို့ကို ကပ်လှူတော်မူသည်။ ဤသို့လျှင် မဟာယသ ထေရ် အမှူးရှိသော ရဟန္တာခုနစ်ရာတို့သည် သာသနာအနှစ် ၁ဝဝ ပြည့်တွင် ၈ လတိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူ ကြသည်။ ဒုတိယသင်္ဂါယနာ တင်ရာ၌ ပထမသင်္ဂါယနာမှာ ကဲ့သို့ပင် နှုတ်ဖြင့်သာ ရွတ်ဖတ်ညှိနှိုင်းကာ တင်ဆိုကြလေ သည်။

ထိုစဉ်အခါတွင် အကြီးအမှူး ပြုကြကုန်သော ရှင်မဟာယသထေရ်၊ ရှင်ရေဝတထေရ်၊ ရှင်သဗ္ဗကာမိထေရ်၊ ရှင်သဠထေရ်၊ ရှင်ခုဇ္ဇသောဘိတထေရ်၊ ရှင်သမ္ဘူတထေရ်တို့မှာ မြတ်စွာဘုရားသခင်အား မျက်ဝါးထင်ထင် ဖူးတွေ့လိုက်ကြ ရသည့်အပြင် ရှင်အာနန္ဒာနှင့် အတူနေ ရဟန်းများလည်း ဖြစ် ကြကုန်သည်။

ယင်းသို့ ဒုတိယသင်္ဂါယနာ တင်သည့်အကြောင်းကို 'ဝေသာလီ ပြည်ကြီးရှင်၊ ဘုရင်ကာလာသောက မင်းတရား လက်ထက်၊ ဆယ်ချက်သော အဓိမ္မိက၊ ဥဗ္ဗိနယဝါဒီဖြင့်၊ ဝဇ္ဇီတိုင်းသား ရဟန်းများတို့၊ ဖေါက်ပြားသည်ကို အကြောင်းမူ ၍ နိဗ္ဗူတာရုံ၊ ပြည့်စုံလက်ရှိ၊ သိဒ္ဓိမြောက်ပြီး၊ ထေရ်ကြီး ခုနစ်ရာ၊ ရဟန္တာတို့သည် ရှင်မဟာယသ၊ ထေရိန္ဒကို၊ ဂဏ ပါမောက်၊ အကြီးမြှောက်၍၊ မေးလျောက်ဖြေပြန်၊ အတ္ထန္ဒရ၊ ဖော်ပြလင်းလင်း၊ ရှင်းပစေလျက်၊ ကိုးထွေအင်္ဂါ၊ ဒေသနာကို၊ မုခါရုဠီ၊ ပေါင်းညီရှစ်လ၊ ရွတ်အံကြ၍၊ ဒုတိယသံဂါယနာ တင်ပါသည်' ဟု ဦးပုည၏ သာသနာလျှောက် အခန်းတွင် ရေးသားထားလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)