ကာလာမသုတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကာလာမသုတ်[ပြင်​ဆင်​ရန်​]

ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။ အဲသလိုဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။ စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံနဲ့။ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့လည်း မယုံနဲ့။ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ ကိုယ်ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့။

နောက် ကာလာမသားတွေကို လောဘ၊ ဒေါသ၊ မောဟ။ (တပ်မက်မှု၊ အမျက်ထွက်မှု၊ မိုက်မဲတွေဝေမှု) ဆက်ဟောလေ၏။

ကာလာမသုတ် အကျယ်ဖွင့်ဆိုချက်[ပြင်​ဆင်​ရန်​]

  1. အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  2. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  3. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  4. အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း ၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  5. အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သို့တည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  6. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
  7. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ် စွဲအားဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  8. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
  9. အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခ ရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
  10. အယူဝါဒတစ်ခုမှ လာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။