ကလေးများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နက်ဖြန် နိုင်ငံဝန်ကို ထမ်းရွက်ကြမည့်သူများ ကမ္ဘာအရပ်ရပ်၌ ယခင်က ကလေးသူငယ်တို့၏ အနာဂတ် အရေးကို ဂရုမစိုက်ခဲ့ကြသဖြင့် ယင်းတို့၏ အခြေအနေမှာ လွန်စွာ နိမ့်ကျခဲ့၏။ ယခုမူ ယဉ်ကျေးသော နိုင်ငံတိုင်းမှာပင် ကလေးသူငယ်တို့၏ သက်သာချောင်ချိရေး ကြီးပွားတိုးတက် ရေးတို့အတွက် အဖက်ဖက်မှ ဆောင်ရွက်နေကြပေပြီ။

ကလေးများ[ပြင်​ဆင်​ရန်​]

ယနေ့ ကလေးသူငယ်များကား နက်ဖြန် နိုင်ငံဝန်ကို သက်ဆိုင်ရာဖက်မှ ထမ်းရွက်ကြရမည့် ပြည်သူ ပြည်သားများ ဖြစ်ကြသည့် အားလျော်စွာ၊ ကျရောက်ရာတာဝန် တို့ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကလေး အရွယ် လူမမယ်ဘဝကပင်လျှင် ကြိုတင်၍ လေ့လာသင်ကြား မှုများမှာ၊ ယင်းတို့ မှီတင်းနေထိုင်ရာ နိုင်ငံဒေသအလိုက် ကွဲပြားခြားနား၍ နေကြပေသည်။

မြန်မာနိုင်ငံသည် ပင်ကိုယ်အားဖြင့် လယ်ယာလုပ်ငန်း ထွန်းကားသော နိုင်ငံဖြစ်၏။ သို့အားလျော်စွာ တောင်ကုန်း တောင်တန်းနှင့်တကွ လွင်ပြင်ဒေသတို့၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အပေါင်းတို့သည် တောင်သူလယ်သမားများ အဖြစ်ဖြင့် အသက်မွေးဝမ်းကျောင်းကြသည်က များလေသည်။ မြန်မာနိုင်ငံရှိ များစွာသော ကလေးသူငယ်တို့မှာ တောင်သူ လယ်သမား သားသမီးများ ဖြစ်ကြသည့်အလျောက်၊ ကျောင်း အားချိန်၊ သို့မဟုတ် ကျောင်းမှထွက်သည့်အခါတို့၌ မြက်ရိတ် နွားကျောင်း၊ ကျေးလှန့်စာချောက်၊ ဆန်ဖွပ်မောင်း ထောင်း၊ ဖျာရက် ဗိုင်းငင်၊ ဆေးလိပ်လိပ် ရက်ကန်းရက် စသော အလုပ် များတွင် လူကြီး မိဘများအား ကူညီဝိုင်းဝန်းကာ လုပ်ကိုင်ကြ ရလေသည်။

အိန္ဒိယနိုင်ငံတွင် ရှေးခေတ်အခါက အရွယ်မရောက်သေး သော ကလေးများကို လက်ထပ်ထိမ်းမြားပေးသည့် အလေ့အထ ရှိခဲ့၏။ ၁ဝ နှစ် ၁၁ နှစ်အရွယ်ရောက်လျှင် မိန်းကလေးများကို အိမ်ထောင်ချထားသော ထုံးစံမှာ ၁၉၃ဝ ပြည့်နှစ် တိုင်အောင်ရှိ ခဲ့၏။ ထိုနောက်တွင်မူ ၁၈ နှစ်အောက် ယောက်ျားကလေးနှင့် ၁၄ နှစ်အောက် မိန်းကလေးတို့ကို အိမ်ထောင်မချထားရန် ဥပဒေဖြင့် တားမြစ်ခဲ့လေသည်။ အိန္ဒိယနိုင်ငံ လက်ဖက်စိုက်ရာ ဒေသတို့နှင့် သီဟိုဠ်ကျွန်း၌ ကလေးသူငယ်တို့သည် လက်ဖက် ခူးသည့်အလုပ်တွင် သူတို့၏ မိခင်များအား ကူညီလုပ်ကိုင်ကြ ရ၏။ နဖူးသိုင်းကြိုးနှင့် ထိန်းထားသော လေးလံသည့်လက်ဖက် ပိုတို့ကို ကျောပေါ်တွင် မနိုင့်တနိုင် သယ်ပိုးနေကြရသော ကလေးများကို ထိုဒေသတို့တွင် အများအပြား တွေ့ရှိနိုင်လေသည်။ ဂျပန်နိုင်ငံတွင် သတ္တုတွင်းနှင့် စက်ရုံများ၌ မိန်းမ လုပ်သားနှင့် ကလေးလုပ်သား အမြောက်အမြား ရှိကြရာ၊ လုပ်သားများစွာတို့မှာ မြေအောက်အလုပ်ခွင်တို့တွင် ဝင်ရောက် လုပ်ကိုင်ကြရလေသည်။ ဆင်းရဲသား လူတန်းစားတို့၏ သား သမီးများကား၊ မိမိတို့၏ ပဓါနအစာဖြစ်သော ဆန်စပါးကို ဖျက်စီးစားသောက်တတ်ကြသည့် ပိုးကောင်များ၏ ဥကလေး များကို ရှာဖွေသုတ်သင်သော အလုပ်တွင် ကူညီလုပ်ကိုင်ကြ ရသည်။ ဗိုင်းငင်သော အလုပ်သည် အိမ်သူ့ဗါဟိရအလုပ်တွင် အကျုံးဝင်သည့်အလျောက်၊ မိန်းကလေးများသည် ထိုအလုပ်ကို ငယ်စဉ်ကပင် လုပ်ကိုင်ကြရ၏။ ဂျပန်နိုင်ငံတွင် ယောက်ျား ကလေးရော မိန်းကလေးပါ ကူညီလုပ်ကိုင်ရသော အလုပ်တစ်ခု ကား အိုးခွက်လုပ်ငန်းပင်ဖြစ်၏။ သူတို့၏တာဝန်မှာ ဖုတ်လုပ် ပြီးသော အိုးများခွက်များကို အမြင်လှစေရန် ဆေးခြယ်ပေးရ ခြင်းပင် ဖြစ်သည်။

အီရန်နိုင်ငံ(ပါးရှားနိုင်ငံ)တွင် ကော်ဇောလုပ်ငန်း၌ ကလေး များကို အများအပြား ငှါးရမ်းလုပ်ကိုင်စေသည်။ ထိုလုပ်ငန်း၏ ဆိုးရွားချက်တစ်ခုကား အလင်းရောင်ဖက်ကို ကျောခိုင်းထိုင်စေ ပြီးလျှင် အထက်လူကြီး ညွှန်ပြ ပြောဆိုသမျှကို လိုက်၍ လုပ်ကိုင်စေခြင်းပင်ဖြစ်၏။

အီရတ်နိုင်ငံတွင် စွန်ပလွံအရောင်းအဝယ်မှာ ကြီးကျယ် သည့်လုပ်ငန်းဖြစ်၍ ပြည်ပသို့ တင်ပို့ရန် စွန်ပလွန်သီးများကို ထုတ်ပိုးရာတွင် ယောက်ျားကလေး မိန်းကလေးတို့သည် တစ်နေကုန် တစ်နေခန်း လုပ်ကြရသည်။ ထိုသို့ လုပ်ကြရာ တွင် ပျင်းရိပေါ့တန်နေသည်ကို တွေ့သွားခဲ့သော်၊ နာကျည်းစွာ ရိုက်နှက်ခြင်း ခံကြရ၏။

အီဂျစ်နိုင်ငံရှိ ကျေးလက်တောရွာများတွင် ယောက်ျားကလေး များသည် သိုးကျောင်း ဆိတ်ကျောင်း အလုပ်ကို လုပ်ကိုင်ကြ ရ၍၊ မိန်းကလေးများသည် ဗိုင်းငင်ခြင်း ရက်ကန်းရက်ခြင်း အလုပ်တို့ကို ကူညီ လုပ်ကိုင်ကြရလေသည်။ ဆီးရီးယားနိုင်ငံတွင် ပိုးမျှင်ငင်ခြင်းအလုပ်ကို ၁ဝ နှစ်ရွယ် မိန်းကလေးများသည် အချိန်ကုန်၍ ညဉ့်နက်သည့် တိုင်အောင် လုပ်ကိုင်ကြရ၏။

အီတလီနိုင်ငံတွင် လယ်ယာလုပ်ငန်းထွန်းကားသည့် အလျောက် ကလေးသူငယ်များသည် ဆိတ်ကျောင်းခြင်း၊ နွား ကျောင်းခြင်း၊ မြက်ခြောက်လှန်းခြင်း၊ သစ်သီးကောက်ခြင်း၊ ဗိုင်းငင်ခြင်းစသော အလုပ်များကို လူကြီးများအား ကူညီ လုပ်ကိုင်ပေးကြရ၏။

နော်ဝေးနိုင်ငံရှိ ကလေးများမှာကား နွေပေါက်လာသည့်အခါ နွားထိန်းကျောင်းခြင်း၊ မြက်ခြောက်လှမ်းခြင်း အလုပ်များတွင် လူကြီးများအား တပျော်တပါး ကူညီလုပ်ကိုင်ပေးလေ့ရှိကြ သည်။

ချက်ကိုဆလိုဗါးကီးယားနိုင်ငံရှိ ကလေးသူငယ် များစွာ တို့သည် ကစားစရာများကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြရ၏။ ထိုကစားစရာများကား ကိုယ်ပိုင်ကစားရန် မဟုတ်ချေ။ နိုင်ငံ ခြားသို့ စီးပွားဖြစ် ရောင်းချရန်ဖြစ်လေသည်။ လူကြီးများက ရုပ်လုံးဖေါ်ထားသော လူရုပ်၊ ခွေးရုပ်၊ နွားရုပ်၊ မြင်းရုပ်၊ ငှက်ရုပ် စသည် အရုပ်မျိုးစုံတို့ကို ကလေးများက အချော ကိုင်ကာ ဆေးခြယ်ပေးကြရလေသည်။ ဤကား ကမ္ဘာ့ဒေသ အသီးသီးမှ ကလေးတို့၏ အခြေအနေပေတည်း။

ကလေးများ သက်သာချောင်ချိရေး[ပြင်​ဆင်​ရန်​]

၁၉ရာစုနှစ် မကုန်ဆုံးမီက ကမ္ဘာအရပ်ရပ်တွင် နေထိုင်ကြ သော ကလေးသူငယ်တို့၏ အခြေအနေမှာ များစွာမှ နိမ့်ကျလှ ၍ သနားဖွယ်ကောင်းသည်။ အထူးသဖြင့် စက်မှုလက်မှု လုပ်ငန်းများ ထွန်းကားသော အင်္ဂလန်ပြည်နှင့် ဥရောပနိုင်ငံ များတွင် ကလေးများ၏ဘဝမှာ ပိုမိုဆိုးရွားလှ၏။ အသက် အရွယ် နုနယ်သော ကလေးသူငယ်တို့မှာ လူကြီးများနှင့် တန်းတူ စက်ရုံကြီးများတွင် နေ့ရောညပါ နာရီပေါင်းများစွာ လုပ်ကိုင်ကြရသည်။ ထိုစဉ်က ကလေးအလုပ်သမားများအား ကာကွယ်ပေးသည့်ဥပဒေများလည်း ပြောပလောက်အောင် မရှိသေးချေ။ ယခုခေတ်မှာကဲ့သို့ ကလေးပြုစုရေးရာဌာနများ၊ ကလေးထန်းဌာနများ ပေါ်ပေါက်မည်ကို မဆိုထားဘိ၊ မိဘမဲ့ ကလေးများနှင့် ခိုကိုးရာမဲ့ကလေးများကို စောင့်ရှောက် ထိန်းသိမ်းသည့်အဖွဲ့ အများအစား မပေါ်ပေါက်ဘူးချေ။ အနည်းငယ်မှျသာရှိသော မိဘမဲ့ကျောင်းများတွင်လည်း ကလေးသူငယ်များမှာ ကျပ်တည်းကျဉ်းမြောင်းစွာ နေထိုင်ကြ ရ၏။ အစားအသောက်၊ အဝတ်အထည်တို့မှာလည်း လုံလုံ လောက်လောက် မရှိချေ။ ထိုပြင် သူတို့အပေါ်၌ စီမံအုပ်ချုပ်သူ များမှာ ကလေးများအုပ်ချုပ်မှုနှင့် သက်ဆိုင်သောပညာရပ် များကို စနစ်တကျ သင်ကြားတတ်မြောက်ပြီးသော ပုဂ္ဂိုလ်များ မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် အလုပ်ဒဏ်ပိနေသော သာမန်လခ စား လက်ခစားများသာ ဖြစ်သဖြင့်၊ ကလေးများကို လူဟူ၍ ကိုယ်ချင်းစာသဘောမရှိ၊ ရက်စက်စွာ ရိုက်နှက် ဆုံးမလေ့ ရှိသည်။ ထိုကဲ့သို့ ဖြစ်ပျက်နေသော ကလေးတို့၏ ဘဝ အခြေအနေကို အင်္ဂလိပ်စာရေးဆရာကြီး ချားဒစ်ကင်းက 'အော်လီဗါတွစ်'၊'ဒေးဗစ်ကောပါးဖီး' စသော ဝတ္ထုများတွင် သရုပ်ဖေါ်ခဲ့လေသည်။

၁၉ဝဝ ပြည့်နှစ်နောက်ပိုင်း၌ ကလေးစောင့်ရှောက်ရေး လုပ်ငန်းမှာ ရှေးကထက် အနည်းငယ်ပိုမို ကောင်းမွန်လာခဲ့ သည်။ ကလေးများကို ယခင်ကကဲ့သို့ အိမ်တန်းလျားရှည်ကြီး တွင် ပြွတ်သိပ်မထားတော့ဘဲ၊ တဲအိမ်ငယ်ကလေးများတွင် လင် မယားနှစ်ဦးတို့က မိဘသဖွယ် စောင့်ရှောက်ထိန်းသိမ်းကာ သက်သာချောင်ချိစွာ နေထိုင်ကြရသည်။ အစာ စားသောက် သည့်အခါ၌၎င်း၊ ကျောင်းတက်သည့်အခါ၌၎င်း၊ အိပ်ရာဝင် သည့်အခါ၌၎င်း၊ စနစ်တကျ ကိုယ့်အတွဲနှင့် ကိုယ်စားသောက် နေထိုင်ကြရလေသည်။ ကလေးများ နေထိုင် စားသောက်ပုံတို့ ကို သက်ဆိုင်ရာ စေတနာဝန်ထမ်း အဖွဲ့ဝင်လူကြီးများက မကြာခဏ သွားရောက် ကြည့်ရှု စစ်ဆေးရသည်။ ဤသို့ အားဖြင့် ကလေးသူငယ်များမှာ ပေါင်းသင်းဆက်ဆံရေးတွင် အဆင့်အတန်း မြင့်လာသည်သာမက၊ ပြည့်သူ့နီတိကျင့်စဉ် များကိုလည်း နားလည်လာကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ-၆ဝ ခန့်က ရာဇဝတ်မှု တစ်စုံ တစ်ရာ ကျူးလွန်မိသော ကလေးသူငယ်တို့ကို သက်ကြီး ရာဇဝင်သင့်သူများနှင့်တန်းတူ အပြစ်ဒဏ်ပေးလေ့ရှိကြသည့် အပြင်၊ အကျဉ်းထောင်တခုထဲမှာပင် အတူထား၍ အလုပ်ကြမ်း များကို လုပ်စေလေသည်။ ဤသို့အားဖြင့် ကလေးထောင်သား များမှာ လူကြီးများထံမှ အကျင့်ဆိုးဟူသမျှကို ရရှိပြီးလျှင်၊ နောင် ကြီးပြင်းလာသည့်အခါ ပိုမိုဆိုးသွမ်းသော လူမိုက်လူဆိုး ကြီးများ ဖြစ်လာကြလေသည်။

ယခုခေတ်အခါတွင် ယဉ်ကျေးသော နိုင်ငံကြီးများတွင် အရွယ်မရောက်သော ကလေးသူငယ်များသည် အကယ်၍ တရားဥပဒေကို ဖေါက်ဖျက်ကျူးလွန်မိသည့်အခါ၊ စစ်ဆေး စီရင်ရန် ကလေးတရားရုံးများကို သီးခြားထားရှိကြသည်။ ထိုတရားရုံးများအတွက် တရားသူကြီးများကို အထူးရွေးချယ် ခန့်ထားရပေသည်။ အမေရိကန်ပြည်ထောင်စုတွင် ထိုတရားရုံး တော်များအတွက် ခန့်ထားသော တရားသူကြီးများမှာ အများ အားဖြင့် အမျိုးသမီးတရားသူကြီးများ ဖြစ်ကြသည်။ ထိုတရား သူကြီးများသည် ကလေးအကြောင်းကို ကောင်းစွာနားလည်၍ ကလေးသူငယ်များ အုပ်ချုပ်နည်း၊ ဆုံးမနည်းများကို အထူး ကွျမ်းကျင်ပြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့သည် ပြစ်မှု ကျူးလွန်သော သူငယ်အား အပြစ်ရှိသော လူဆိုးလူမိုက် ကလေးတစ်ဦး အနေဖြင့် မမြင်ဘဲ၊ ကူညီဖေးမရန်လိုနေသော ဒုက္ခသည် တစ်ဦးအနေဖြင့် မြင်ကြသည်။ ထိုကြောင့် ပြစ်မှု ကျူးလွန်သော ကလေးများကို နူးညံ့သာယာသော နည်းမျိုးစုံ ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကောင်းမွန် လာစေနိုင်ရန် ပြုပြင်ဖန်တီးပေးကြလေသည်။ ပမာအားဖြင့် တချို့ကလေးများ ကို စာရိတ္တပြုပြင်ရေး ကျောင်းများကိုပို့ကာ အခြားရွယ်တူ ကလေးများနှင့် ရောနှောနေထိုင်စေ၏။ ထိုကျောင်းများတွင် သူတို့အား စာသင်ပေးခြင်း၊ လက်မှုပညာရပ်များကို သင်ကြား ပေးခြင်းတို့ဖြင့် ကျောင်းမှထွက်သောအခါ သက်မွေးဝမ်း ကျောင်းရန် လွယ်ကူစေလေသည်။ အချုပ်ကိုဆိုရလျှင် ယခု ခေတ် သမယတွင် ကမ္ဘာတစ်ဝှန်းလုံး၌ပင် ကလေးသူငယ်များ ကျန်းမာရေး၊ ပညာတတ်မြောက်ရေးနှင့် သက်သာချောင်ချိရေး တို့ကို အထူးကြိုးစား ဆောင်ရွက်နေကြပြီဖြစ်၍၊ ပစ္စပ္ပုန်ခေတ် ကလေးသူငယ်များအဖို့ ကံကောင်းလှသည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးများကို ဆောင်ရွက်နေပုံမှာလည်း အထူး အားတက်စကာ ကောင်းလှသည်။ မြန်မာနိုင်ငံတော် ဖွ့ဲစည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၃၇ အပိုဒ်ငယ်(၂)တွင် 'နိုင်ငံတော်သည် မီးဖွားရေးနှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ များ၊ ကလေးဂေဟာများ၊ ကလေးထိန်းနေ့ဌာနများကို ဖွင့်လှစ် ခြင်းအားဖြင့်၊ သားသည်အမေနှင့် ကလေးတို့၏ အကျိုးကို စောင့်ရှောက်ရန်၊ ထို့ပြင် မီးမဖွားမီနှင့် မီးဖွားပြီးကာလများ အတွက် လုပ်ခနှင့်နားခွင့်ရရန် အခွင့်အရေးကို အခစား လုပ်ကိုင်နေသောမိခင်တို့ ရရှိခံစားနိုင်စေရန် ဝါဒထားရှိ၍၊ ထိုဝါဒအတိုင်း အထူးရှေ့ရှုဆောင်ရွက်ရမည်ဟု အတိအလင်း ရေးသားပါရှိပေသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် နိုင်ငံတော်အစိုးရ၏ မိခင်နှင့် ကလေးများအပေါ် သဘောထား ပုံကို သိသာနိုင်ပေသည်။'

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် အမျိုးသမီးနှင့်ကလေး သူငယ်များ သက်သာချောင်ချိရေး ဘုတ်အဖွဲ့ကို ၁၉၄၇ ခု စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုနောက် အမျိုး သမီးနှင့်ကလေးများ စောင့် ရှောက်ရေးကို ညွှန်ကြားရေးဝန် တစ်ဦးထား၍ ဆောင်ရွက်စေသည်။ ယခုအခါ လူမှုရေးရာ ကြီးပွားရေးဌာနဟု အမည်မှည့်ကာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်က ညွှန်ကြားရေးဝန်အဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိ လေသည်။

ထိုဌာန၏ လုပ်ငန်းရပ်များကို ငါးမျိုးခွဲခြား၍ ဆောင်ရွက် လျက် ရှိသည်။ ယင်းတို့မှာ-

  1. ကလေးမဖွားမီ မိခင်အား စမ်းသပ်စစ်ဆေးခြင်း
  2. ကလေးမွေးဖွားပြီးနောက် ပြုစုစစ်ဆေးခြင်း
  3. ကလေးသူငယ် စောင့်ရှောက်ရေးဌာနများ ဖွင့်ခြင်း
  4. ကလေးဆေးပေးရုံများ ဆောက်လုပ်ခြင်း
  5. ကလေးအတွင်းလူနာများကို ကုသခြင်း

ယခုအခါ မြန်မာနိုင်ငံ ခရိုင်မြို့ကြီးတိုင်းမှာပင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဖြစ်သည်။ ၁၉၄၇ ခုနှစ်က ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး အသင်းမှာ ၃၅ သင်းမျှသာရှိခဲ့ရာ၊ ၁၉၅၂ ခုနှစ်တွင် အသင်းပေါင်း ၁၃၆ သင်းအထိ တိုးတက်ခဲ့သည်။ ထိုအဖွဲ့များတွင် သက်ဆိုင်ရာ ဒေသရှိ ဆရာဝန်နှင့် သူနာပြုဆရာမများက ကူညီ ဆောင်ရွက် သည်သာမက၊ မိခင်နှင့်ကလေးသူငယ်များ စောင့်ရှောက်ရေး သင်တန်းများကို တက်ရောက်အောင်မြင်ခဲ့သော ဆရာမများကို လည်း ခန့်ထားသည်။ ထိုအဖွဲ့များသည် ကလေးသူငယ်များ၏ ကျန်းမာရေးအခြေအနေတို့ကို မပြတ်မလပ် လှည့်လည်ကြည့်ရှု ကြရသည့်အပြင်၊ ဆင်းရဲနွမ်းပါးသော ကလေးများအတွက် နို့မှုန့်နှင့်အဝတ်အစားများ ဝေငှခြင်း၊ မိခင်များကို ကျန်းမာရေး လမ်းစဉ်များ ညွှန်ကြားခြင်း၊ အစရှိသော လုပ်ငန်းများကို လုပ်ဆောင်ကြရသည်။ ထိုအဖွဲ့အစည်းများသည် နိုင်ငံတော် အစိုးရ၊ ဒေသန္တရအဖွဲ့များ၊ ကြက်ခြေနီအသင်းများနှင့် စေတနာ ထက်သန်သော ပုဂ္ဂိုလ်များထံမှ ငွေကြေးအထောက်အပံ့ ရကြ လေသည်။

၁၉၅၂ ခုနှစ်တွင် စာသင်ကျောင်းများသို့ လှည့်လည်ကြည့်ရှု ရသော ဆေးအဖွဲ့ (၇)ဖွဲ့ ရှိသည်။ ထိုအဖွဲ့ တစ်ခုလျှင် ဆရာဝန် တစ်ဦး၊ ပြည့်သူ့ကျန်းမာရေးသူနာပြုဆရာမ သို့မဟုတ် ကျန်းမာရေးနည်းပြဆရာမ တစ်ဦး၊ ဆေးခန်းလက်ထောက် တစ်ဦးစီ ပါဝင်၍ လူနာပြုစုကုသရန် ကရိယာများ အပြည့်ပါ သော ကားတစ်စီးကို ရရှိလေသည်။ ရန်ကုန်မြို့ပေါ်တွင် ထာဝရစခန်း ပြုလုပ်၍ ကုသပေးသော ဆေးအဖွဲ့ (၂)ဖွဲ့လည်း ရှိသေးသည်။ ထိုမှတစ်ပါး ရပ်ကွက်များတွင် လှည့်လည် ကြည့်ရှုရန် ကလေး အရာရှိများကိုလည်း တိုးတက်ခန့် ထားသေးသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား ဗီစီဂျီဆေးထိုးပေး ခြင်းနှင့် လူထုအလိုက် ဓါတ်မှန်ရိုက်ယူခြင်း များကို ၁၉၅၂ ခုနှစ်ကပင် စတင်ဆောင်ရွက်ခဲ့လေသည်။ ရန်ကုန်မြို့ပေါ်တွင် ကလေးပြုစုရေးဌာနနှင့် ကလေးထိန်းဌာနများကိုလည်း အနှံ့ အပြား ဖွင့်လှစ်လျက်ရှိသည်။ ကလေးပြုစုရေးဌာနများတွင် မွေးစမှ ငါးနှစ်အထိ ကလေးများကို မိဖသေဆုံးသွား၍ဖြစ်စေ၊ မိခင် မကျန်းမာ၍ ဖြစ်စေ၊ ကြည့်ရှုစောင့်ရှောက်သူများ မရှိ၍ ဖြစ်စေ၊ ခေါ်ယူ စောင့်ရှောက်ကျွေးမွေးထား၏။ ကလေးထိန်း ဌာနများကမူ မိဖများ သက်မွေး ဝမ်းကျောင်း ရှာဖွေလုပ်ကိုင် ရန်သွားနေစဉ် ပြုစုစောင့်ရှောက်မည့်သူ မရှိသော ၂-နှစ်မှ ၅-နှစ်အထိ ကလေး များအတွက် နေ့အချိန်တွင် တာဝန်ယူ၍ မွေးကျွေးစောင့်ရှောက်ထားကြသည်။ ညနေ မိခင်လုပ်ပြန်ချိန်မှ မိခင်က ခေါ်ဆောင်သွားရတော့သည်။ အလုပ်ရုံများ၊ စက်ရုံ များအနီးတွင်လည်း အလုပ်သမားများကို ကူညီသောအနေဖြင့် ဤဌာနမျိုးများကို သီးသန့်ဖွင့်ထားလေသည်။

မြန်မာနိုင်ငံတွင် မိဘမဲ့နှင့် ခိုကိုးရာမဲ့ကလေးများ ထိန်းသိမ်းကယ်တင်ခြင်းလုပ်ငန်းကို စေတနာ ထက်သန်သူ အမျိုးသမီးကြီး ဒေါ်တီတီလု(စ)က ၁၉၂၅ ခုနှစ်ခန့်ကပင် အစပျိုးခဲ့ပြီးလျှင် ၁၉၂၇ ခုနှစ်တွင် မိဘမဲ့ကျောင်းကို စတင် ထူထောင်ခဲ့သည်။ နိုင်ငံတော်အစိုးရ၊ ရိုတရီကလပ်၊ ရန်ကုန် မြင်းပွဲအသင်းအစရှိသော စေတနာထက်သန်သည့် အဖွဲ့အစည်း များ၏ အကူအညီဖြင့် ရန်ကုန်တက္ကသိုလ်အနီး အင်းယားလမ်း ရှိ ဒေါ်တီတီလု(စ)၏ ခိုကိုးရာမဲ့သူငယ်များဂေဟာကို တိုးချဲ့ လာခဲ့ရာ နောက်ဆုံးတွင် ပြစ်မှုကျုးလွန်သော ကလေးသူငယ် များ ပြုပြင်ပေးရာဌာနတစ်ခု ဖြစ်လာသည်။ ဤဌာနတွင် ခိုကိုး ရာမဲ့ သူငယ်များ၊ မိဘ အုပ်ထိန်းမနိုင်သော သူငယ်များ၊ ရာဇဝတ်အပြစ်ဒဏ်ခံရသော သူငယ်များနှင့် အမှုစစ်ဆေးခံနေ ရဆဲ သူငယ်များကို ကျွေးမွေးထိန်းသိမ်းထားပြီးလျှင် အင်္ဂလိပ် စာ မြန်မာစာများအပြင် ရက်ကန်းရက်ပညာ၊ စာအုပ်ချုပ်ပညာ၊ ပန်းရန်ပညာ၊ လက်သမားပညာရပ်များကို သင်ကြားပေးလျက် ရှိသည်။ ထူးခြားချက်တစ်ခုမှာ ဤကျောင်းတွင် သင်ကြား ပြသနေသော နည်းပြလုလင်ကလေးများမှာ ကျောင်းသား ဟောင်းချည်း ဖြစ်ကြသည်။ ယခုအခါ ထိုကျောင်းကို ကလေး သူငယ် ထောက်ပံ့စောင့်ရှောက်ရေးအသင်းက ကြီးမှူး အုပ်ချုပ် လျက်ရှိသည်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်မှာ နာယကပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ အသင်း၏ဥက္ကဋ္ဌမှာ သတိုးသီရိသုဓမ္မ ဂျေ၊အက်(စ)၊ဖါနီဖယ်ဖြစ်၍ ဒေါ်တီတီလု(စ)က အတွင်းရေးမှူး အဖြစ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။

ထိုကျောင်းနှင့်အလားတူ အဖွဲ့အစည်းတစ်ခုမှာ ရန်ကုန်မြို့ လူငယ်များဂေဟာ ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည်။ ရန်ကုန်မြို့ လူငယ်များဂေဟာကို မြန်မာနိုင်ငံ နေရှင်နယ်ကောင်စီ အမျိုး သမီးအသင်းနှင့် ဝိုင်-အမ်-စီ-အေ ခေါ် ခရစ်ယန်လူငယ် အသင်းတို့က ကြီးမှူးလျက် ၁၉၂၉-ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ လူငယ်များ ဂေဟာကို ရန်ကုန်မြို့ ဘောင်ဒရီလမ်းတွင် ဖွင့်လှစ်ထားရှိ၍ မိဘမဲ့၊ ခိုကိုးရာမဲ့နှင့် လေလွင့်နေသော ကလေးစုစုပေါင်း ၁ဝဝ ကို စောင့်ရှောက် ထိန်းသိမ်းကာ စာရေးစာဖတ်နှင့် လက်မှုပညာများကို သင် ပေးယင်း ပြုပြင်ပေးလျက်ရှိသည်။

ဤအသင်းနှင့် မရှေးမနှောင်း ပေါ်လာသော အဖွဲ့တစ်ခုမှာ ဗစ်ဂျီလန်း ဆိုစိုက်ယက်တီခေါ် မိဘမဲ့ကလေး များကာကွယ် စောင့်ရှောက်ရေးအသင်းပင်ဖြစ်သည်။ ထိုအသင်းကို အမေရိကန် သာသနာပြုအဖွဲ့များက ဆော်ဩ ရှေ့ဆောင်ကာ တည်ထောင်ခဲ့ သည်။ ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီက ဤအသင်းသည် ပျက်စီးနေသော အမျိုးသမီးများ ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်း အထူးထင်ရှားခဲ့သည်။ စစ်ပြီးခေတ်တွင် ငယ်ရွယ် သော ခိုးကိုးရာမဲ့၊ မိဘမဲ့ မိန်းကလေးများ ထိန်းသိမ်းစောင့် ရှောက်ပေးသည့် လုပ်ငန်းကို အထူးထင်ရှားခဲ့သည်။ စစ်ပြီး ခေတ်တွင် ၁၉၄၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သည်။ သူငယ်မ ကလေးများကို သင်ကြားပြုပြင်ပေးပုံ ပေးနည်းတို့မှာ ရန်ကုန် မြို့လူငယ်များဂေဟာနှင့် ဒေါ်တီတီလု(စ)ကျောင်းများ စနစ် အတိုင်းပင်ဖြစ်သည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် အမျိုးသမီးများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို လူအများပင် စိတ် ဝင်စားလာသည့်အလျောက် စောင့်ရှောက်ရေးဌာနများလည်း အသီးသီး ပေါ်ပေါက်လာခဲ့သည်။ ဝန်ကြီးချုပ်ကတော် ဒေါ်မြရီ ကြီးမှူးသော အမျိုးသမီးများ နည်းပြအုပ်ချုပ်ရေးဌာနမှာ မိဘမဲ့ မိန်းကလေးများနှင့် ခိုကိုးရာမဲ့ မိန်းကလေးများကို မပျက်မစီး ရလေအောင် ကာကွယ်စောင့်ရှောက်ပေးပြီးလျှင် စာရေးစာဖတ် နှင့် လက်မှုပညာရပ်များကို သင်ကြားပေးလျက် ရှိသည်။ အမျိုးသမီး ပါလီမန်အမတ်ဟောင်း ဒေါ်ခင်လှ ကြီးမှူးသော အမျိုးသမီးကာကွယ်စောင့်ရှောက်ရေး အဖွဲ့ချုပ်နှင့် မြန်မာ အမျိုးသမီးအဖွဲ့မှ ဒေါ်မမ ကြီးမှူးသော ခိုကိုးရာမဲ့ အမျိုးသမီး များ စောင့်ရှောက်ရေးဌာနများမှာ မိဘမဲ့မိန်းကလေးများ၊ ခိုကိုးရာမဲ့မိန်းကလေးများနှင့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေ အရ တရားစွဲဆိုခြင်း ခံနေရသူများ၊ အပြစ်ဒဏ်ပေးခြင်း ခံရသူများကို ထိန်းသိမ်းကာ အလားတူပညာရပ်များ သင်ကြား ပေးခြင်း၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိလေသည်။

မြန်မာနိုင်ငံတွင် မျက်မမြင်နှင့် ဆွံ့အနားပင်းသော ကလေး သူငယ် များအား စောင့်ရှောက်သော ကျောင်းများကို နှစ်ပေါင်း အတန်ကြာကပင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ထိုကျောင်းများကို နိုင်ငံခြားသာသနာပြု အဖွဲ့များက စတင် တည်ထောင်ခဲ့သော် လည်း၊ ယခုအခါ နိုင်ငံတော်အစိုးရနှင့် စေတနာထက်သန်သော အသင်းအဖွဲ့ ပုဂ္ဂိုလ်အသီးသီးထံမှ အထောက်အပံများ ရလျက် ရှိသည်။

ကလေးသူငယ်များ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းရပ်များမှာ ၁၉၅၁ ခုနှစ်တွင် ရေးဆွဲခဲ့သော နိုင်ငံတော် အစိုးရ၏ ပြည့်သူကျန်းမာရေးစီမံကိန်း ရ-ရပ်တွင် အကျုံးဝင်နေ ပေသည်။ ဤစီမံကိန်းအရ ၁၉၅၄ ခုနှစ်တွင် ကျေးရွာ ကျန်းမာရေးအဖွဲ့ငယ်များ ထားရှိပေဦးမည်ဟု သိရလေသည်။ ကျေးရွာကျန်းမာရေးအဖွဲ့များကို ကျေးရွာ ၅ ရွာတွင် တစ်ခု ကျစီ ထားပေးရန်ဖြစ်သည်။ ထိုအဖွဲ့တစ်ခုလျှင် လက်ထောက် ကျန်းမာရေးသူနာပြုဆရာမတစ်ယောက် ကျောက်ထိုးဆရာ တစ် ယောက်၊ ပြည်သူ့ ကျန်းမာရေး သူနာပြု ဆရာမတစ်ယောက်၊ ဝမ်းဆွဲ ဆရာမ ၂ယောက်၊ ပေါင်း ၅ယောက် ပါဝင်မည်။ ဤစီမံကိန်းအရ မြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် ကလေးသူငယ် များ၏ ကျန်းမာရေး၊ သက်သာ ချောင်ချိရေး လုပ်ငန်းများကို အသေးစိတ် ဆောင်ရွက်ရန် ဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)