ကင်း(အစောင့်အရှောက်)

ဝီကီပီးဒီးယား မှ

ရှေးမြန်မာဘုရင်များ လက်ထက်တော်အခါက နေပြည်တော်နှင့် အဝေးမြို့ကျေးလက်နယ်များတွင် ထွက်ဝင်သွားလာသူများကို စစ်ဆေး၍၊ အကောက်အခွန် ကောက်ခံသင့်က ကောက်ခံစည်းကြပ်ရသော ဌာနများကို 'ကင်း' ဟုခေါ်သည်။ ကြည်းကင်း၊ ရေကင်း၊ အနီးကင်း၊ အဝေးကင်း ဟူ၍ ကင်း ၄ မျိုးခွဲထားသည်။ ကြည်းကင်းကို ကုန်းကြောင်းလမ်းများ၌ လည်းကောင်း၊ ရေကင်းကိုမူ ပင်လယ်ဝနှင့် မြစ်စခန်းများ၌လည်းကောင်း ချထားလေသည်။ နေပြည် တော် ပတ်ဝန်းကျင်၌ အစောင့်အနေချထားသော ကင်းကို အနီး ကင်း သို့မဟုတ် ကင်းတိုဟုခေါ်၍ နိုင်ငံအစွန်အဖျား၊ ရပ်ဝေး၌ ရှိသော ကြည်းကင်း၊ ရေကင်းများကို အဝေးကင်း၊ ကင်းရှည် သို့မဟုတ် ကင်းဖျားဟုခေါ်သည်။ ထိုပြင် နိုင်ငံခြားနှင့်ဆက်ဆံ ရသော နယ်ခြားကင်းများလည်း ရှိသေးသည်။ ထိုကင်းများမှာ ရေကင်း၊ ကြည်းကင်းတွင် ပါဝင်လေသည်။

ထိုကင်းများတွင် ဘုရင်၏အရာရှိအမှုထမ်းများက လူဝင်လူထွက်ကိုစစ်ဆေး၍ ကုန်သည်ဈေးသည်များထံမှ ဖြတ်သန်းခ အခွန်များကို ကောက်ခံလေ့ရှိသည်။ ထိုအခွန်ကို ကင်းခွန်ဟု ခေါ်၍ ကင်းခွန်များကို ကြီးကြပ်ရသူအား 'ကင်းဝန်'ဟု ခေါ်လေသည်။ ကင်းဝန်၏လက်အောက်တွင် ကင်းအုပ်၊ ကင်းကိုင် စသော အမှုထမ်းများရှိသည်။ စစ်ချီစစ်တက်ရာ၌ ရပ်နားရာ စစ်စခန်းများတွင် အစောင့်အနေတာဝန်ချသူကို ကင်းစောင့်ဟုခေါ်လေသည်။ ရှေးအခါက ကင်းစောင့်သည်ကို ကင်းဝပ်သည်ဟုလည်း ခေါ်သေးသည်။ ယင်းသို့ စစ်စခန်း များ၌ ချရပ်စောင့်နေရုံသာမက ရှေးဦးကြိုထွက်၍ ရန်သူ သို့မဟုတ် လူဆိုး ဓားပြစသည်တို့၏ ဘေးရန်အလားအလာ၊ အနေအထိုင်၊ အခြေအနေကို စုံစမ်းထောက်လှမ်းရန် တာဝန် ဖြင့်စေလွှတ်သော လူစုမှာ ကင်း သို့မဟုတ် ကင်းရှည်ဖြစ် လေသည်။ ထိုကင်းသည် တစ်နေရာမှ တစ်နေရာသို့ လှည့်လည် သွားလာစုံစမ်းထောက် လှမ်းသည်ကို ကင်းလှည့် သည်၊ ကင်းထောက်သည်၊ ကင်းထိုးသည်ဟု ပြောဆိုကြ၏။ တစ်နေရာရာတွင် ချရပ်စောင့်ကြည့်နေရသော ကင်းသေ သို့မဟုတ် ကင်းဝန်းနှင့် လှည့်လည်သွားလာနေရသော ကင်း ပတ် တို့ကို ရာဇဝင်များ၌ ကင်းဝန်းကင်းပတ် လှည့်လည် သည်ဟု ဖော်ပြပါရှိလေသည်။

ယခုခေတ်တွင်နယ်ခြားကင်းစခန်းများကို အကောက်ဌာန သို့မဟုတ် လူဝင်လူထွက်စစ်ဆေးရေးဌာနဟု ခေါ်တွင်၍ အစောင့်ချထားသည်ကိုသာ ကင်းဟူ၍ ခေါ်ဝေါ်လျက်ရှိကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)