ကင်အီဆွန်း

ဝီကီပီးဒီးယား မှ
၁၉၈၄ ခုနှစ်က တွေ့ရသော ကင်အီဆွန်း

ကင်အီဆွန်း (15 April 1912 – 8 July 1994) သည် မြောက်ကိုရီးယားစတင်တည်ထောင်သူခေါင်းဆောင်အဖြစ်ဖြင့် လူသိများသည်။ အပြည်ပြည်ဆိုင်ရာကွန်မြူနစ်နှင့် အလုပ်သမား လူတန်းစားလှုပ်ရှားမှုများ၏ ထင်ရှားသောခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။

ဆွန်းသည် ၁၉၁၂ ခုနှစ်ဧပြီလ ၁၅ ရက်နေ့တွင် ပျန်ယန်မြို့ မန်ယုန်ဒယ် ကျေးရွာ၌ လူဆင်းရဲ မိဘနှစ်ပါးမှ ဖွားမြင်ခဲ့၍ အဘ၏ အမည်မှာ မစ္စတာကင်ဟျုံဂျစ် ဖြစ်သည်။ အမိမှာ မစ်ကန်ဗန်ဆွတ် ဖြစ်သည်။ ဘိုးစဉ်ဘောင်ဆက်ကပင် နိုင်ငံလွတ်လပ်ရေး၊ ပြည်သူတို့၏ လွတ်လပ်ရေးအတွက် နိုင်ငံခြား ကျူးကျော်ရေးသမားများကို ဆန့်ကျင်လျက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဆွန်းသည် ဂျပန်ဆန့်ကျင်ရေး ပုန်ကန်ထကြွမှုကြောင့် ဖခင်အား ဂျပန်နယ်ချဲ့ပုလိပ်တို့က ရက်စက် ကြမ်းကြုတ်စွာ ဖမ်းဆီးမှုကို မြင်တွေ့ရ၍ ဖခင်ဖြစ်သူ၏ နိုင်ငံရေးဩဇာခံရသူပီပီ ဆန့်ဂျစ် အတွေးအခေါ်များနှင့် တော်လှန်ရေး လူတန်းစား အသိစိတ်ဓာတ်များ ကိန်းအောင်းခဲ့လေသည်။

ကင်အီဆွန်းသည် သွားလေရာသို့ စာအုပ်များကို သယ်ဆောင်လျက် ကိုရီးယားမျိုးချစ် ဗိုလ်ချုပ်ကြီးများအကြောင်း၊ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ အကြောင်းတို့ကို လိုလိုချင်ချင် ဖတ်ရှုတတ်သည်။ ကင်အီဆွန်းသည် ကျောင်းသားဘဝကပင် သတင်းစာများကို မှန်မှန်ဖတ်သည်။ ဆွန်းသည် ၁၄ နှစ်သားအရွယ်တွင် ဖခင် တော်လှန်ရေး တိုက်ပွဲ ဆင်နွှဲရာ တရုတ်ပြည်အရှေ့မြောက်ပိုင်းသို့ သွား၍ ဂျပန်ဆန့်ကျင်ရေး မိန့်ခွန်းများ ပေးလျက် လူကြီးလူငယ် မရွေးကို ဆွဲဆောင်နိုင်သည်။ ၁၉၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဖခင် ကွယ်လွန်သွားသောအခါ ဆွန်းသည် စိတ်ဓာတ် အကြီးအကျယ် လှုပ်ရှားကာ တော်လှန်ရေး တိုက်ပွဲ၌ မိမိကိုယ်ကို စွန့်လှူရန် သန္နိဋ္ဌာန် ချလိုက်ပြီး လွတ်လပ်ရေး တပ်မတော်အတွက် ကေဒါများ လေ့ကျင့် မွေးထုတ်ရန် အမျိုးသားဝါဒီများက တည်ထောင်ထားခဲ့သော ဝှာဆွန်ယူဆွတ် ကျောင်းသို့ ဝင်ရောက်ခဲ့သည်။

ကင်အီဆွန်းသည် ဆိုရှယ်လစ်ဝါဒဆိုင်ရာ စာအုပ်များကို လျှို့ဝှက်စွာ ဖတ်ရှု၍ မတ်ဝါဒ၊ လီနင်ဝါဒ၏ လမ်းစဉ်သာလျှင် မိမိနိုင်ငံနှင့် ပြည်သူများကို အစစ်အမှန် ကယ်တင်နိုင်မည့် လမ်းစဉ် ဖြစ်သည်ဟု ယုံကြည်လာသည်။ သို့ဖြင့် ထိုနှစ် မိုးရာသီ၌ နယ်ချဲ့ဝါဒ တိုက်ဖျက်ရေး သမဂ္ဂ အမည်ရှိ တရားမဝင်သော တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်လိုက်သည်။ ထို့နောက် တော်လှန်သော လူငယ် ကျောင်းသား လှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ် ထင်ပေါ်လာသည်။

ဝှာဆွန်ယူဆွတ်ကျောင်းမှ ထွက်၍ ကလေးသူငယ်များအား ပညာပေးရန် စယ်နာလ် (နေ့သစ်) သတင်းစာကို ပုံနှိပ်ထုတ် ဝေသည်။ ထိုမှ တော်လှန်ရေး အောင်ပွဲသို့ ရှေးရှုမည့် လုပ်ငန်း များကို ဆက်တိုက်လုပ်နေရင်း ၁၉၂၉ ခုနှစ်တွင် အဖမ်းခံရသည်။ သို့သော် ထောင်တွင်း၌လည်း မိမိ လမ်းညွှန်ဖွယ်ရာများကို ဆက်လက် လုပ်မြဲလုပ်ကာ ထောင်မှ ထွက်လာချိန်၌ မတ်လီနင်ဝါဒီနှင့် ကိုရီးယား တော်လှန်ရေး၏ ခေါင်းဆောင် ဖြစ်လာတော့သည်။

ရဲဘော်များနှင့် လူထု၏ အတိုင်းမသိသော ယုံကြည်လေးစားမှုကို ခံယူရရှိခဲ့သည့် ကင်အီဆွန်းကို ယခင်ကရဲဘော် ကင်ဆွန်ဂျူဟု ခေါ်ရာမှ လွတ်မြောက်သော အရုဏ်ဦးဆီသို့ ဦးဆောင်သော မိုးသောက်ကြယ် ဖြစ်စေဟန်၊ ရဲဘော်ဟန်ဗြိုလ်ဟု ခေါ်ကြကာ ရဲဘော်အီဆွန်း ရရှိခြင်းဟု ပြောင်းလဲခေါ်ပြီး ရဲဘော်အီဆွန်းဟု တွင်လာသည်။ ကင်အီဆွန်းသည် ကိုရီးယားတော်လှန်ရေးကို ကိုရီးယား ကွန်မြူနစ်များနှင့် ပြည်သူများ၏ ကိုယ်ပိုင် အားထုတ်မှုဖြင့်ဆောင်ရွက်ရမည်ဟူသော ဂျူချေ အတွေးအခေါ်ကို လည်းကောင်း မိမိကိုယ်ကိုမိမိအားကိုးသော တော်လှန်ရေးစိတ် အမြဲ တင်းကြပ်စွာ တည်ရေးကို၎င်း အားပေးအားမြှောက်လုပ်ရင်း သဘောတရားနှင့် အတွေ့အကြုံများကို ပေါင်းစပ်၍ ပညာပေး စည်းရုံးမှု ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှု စသည်တို့ဖြင့် ၁၉၄၈ ခုနှစ်တွင် ဂျပန်နယ်ချဲ့စိုးမိုးမှုမှ အောင်ပွဲဆင်ခဲ့သည်။ ဤသို့ စွမ်းဆောင်နိုင်မှုကြောင့် မေလ ၁ ရက်နေ့ တွင် ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ (မြောက်ကိုရီးယား)ကို ထူထောင်သည်။

တောင်မြောက် ကိုရီးယားစစ်ပွဲသည် ၁၉၅ဝ ပြည့်နှစ်တွင် ပေါ်ပေါက်လာပြန်ရာ ကင်အီဆွန်း၏ ဦးဆောင်မှုများကို တွေ့ကြရပြန်သည်။ ၁၉၅၃ ခုနှစ် ဇူလိုင်လတွင် ကိုရီးယားစစ်ပွဲ ပြီးဆုံးသွားသောအခါ ကင်အီဆွန်းမှာလည်း နိုင်ငံ၏ မာရှယ်ဘွဲ့တံဆိပ်ဖြင့်၎င်း၊ သူရဲကောင်း ဘွဲ့တံဆိပ်ဖြင့်၎င်း ချီးမြှင့်ခြင်း ခံရသည်။ ဆွန်းသည် စာအုပ်နှင့် လမ်းညွှန်စာတမ်း အများအပြား ရေးသားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]