ပန့်ခ် ယဉ်ကျေးမှု

ဝီကီပီးဒီးယား မှ
လန်ဒန်မြို့ ရထားတွဲပေါ်မှ ပန့်ခ်နှစ်ဦး

ပန့်ခ် (punk) ယဉ်ကျေးမှု ဆိုသည်မှာ ပန့်ခ်ရော့ခ်ဂီတအပေါ်မှာ အခြေခံသော ယဉ်ကျေးမှု ပုံစံကွဲတစ်ခု ဖြစ်သည်။ ပန့်ခ်လှုပ်ရှားမှုမှာ ၁၉၇ဝ ခုနှစ် အလယ်ပိုင်းကနေ နှောင်းပိုင်းတဝိုက် ဗြိတိန်၊ အမေရိကားနှင့် ဩစတြေးလျက ပိုမိုကျယ်ပြန့်သော ရော့ခ်အင်ရိုးလ် ဂီတရပ်ဝန်းကနေ စတင်ပေါ်ထွက်လာခဲ့ချိန်ကတည်းက ကမ္ဘာအဝှမ်း ပျံ့နှံ့သွားခဲ့ပြီး၊ ကွဲပြားခြားနားသော ပုံစံအမျိုးမျိုးအဖြစ် တိုးတက် ဖြစ်ထွန်းလာခဲ့သည်။

ပန့်ခ်ယဉ်ကျေးမှုမှာ တမူ ထူးခြားသော ဂီတဟန်များ၊ အတွေးအခေါ်များ၊ ဖက်ရှင်စတိုင်လ်များ၊ အမြင် အာရုံပိုင်းဆိုင်ရာ အနုပညာပုံစံများ၊ အကဟန်များ၊ စာပေရေစီးကြောင်းများနှင့် ရုပ်ရှင်အနုပညာပုံစံများအထိ မျိုးစုံအောင် ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားသည်။ နောက်ပြီး ပန့်ခ်ဆိုသော စကားလုံး မှာ လူနေမှုဘဝပုံစံနှင့် အဖွဲ့အစည်းကိုလည်း ရည်ညွှန်းသည်ဟု ဆိုသည်။ ပန့်ခ်မြင်ကွင်းတစ်ခုမှာ hardcore punk နှင့် street punk တို့လို ပိုမို သေးငယ်သော ယဉ်ကျေးမှုများနှင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ထိုယဉ်ကျေးမှု အုပ်စုငယ်များမှာ ပန့်ခ်ယဉ်ကျေးမှု အပေါ် မတူခြားနားသော အဓိပ္ပာယ်ဖွင့်ဆို တင်ပြမှုများနှင့် တစ်ခုချင်း ခွဲခြားထား ကြခြင်း ဖြစ်သည်။ garage rock နှင့် psychobily အပါအဝင် တချို့ ယဉ်ကျေးမှု ပုံစံများကတော့ ပန့်ခ်ကနေ တိုးတက် ဖြစ်ထွန်းလာခဲ့ကြသော်လည်း သူတို့၏ အခွင့်အလမ်းများက တစ်ဆင့် သီးသန့် ခွဲထွက်သွားခဲ့ကြသည်။ ပန့်ခ် ယဉ်ကျေးမှုမှာ ပေါ်ပြူလာယဉ်ကျေးမှုနှင့် ဆူညံစိတ်လှုပ်ရှားစရာကောင်းသော ဆက်ဆံရေးရှိခဲ့ပြီး၊ စီးပွားရေးဆန်ခြင်းနှင့် သင့်တော်ဆီလျော်မှုတို့ကို ငြင်းဆန်ရင်း ရုန်းကန်လှုပ်ရှားခဲ့သည်။

သမိုင်းကြောင်း (History)[ပြင်ဆင်ရန်]

ပန့်ခ်ယဉ်ကျေးမှုသည် အမေရိကား၊ ဗြိတိန်နှင့် ဩစတြေးလျမှာ ၁၉၇ဝ ခုနှစ် အလယ်ပိုင်းနှင့် နှောင်းပိုင်း တဝိုက်လောက်က စတင်ပေါ်ထွက်လာခဲ့ပြီး တိုးတက်ပြောင်းလဲလာမှုများလည်း အတော်များများ ရှိခဲ့သည်။ ပန့်ခ် ယဉ်ကျေးမှုမှာ ထွေပြားသော ဩဇာ လွှမ်းမိုးမှုနှင့် ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များ ကနေ အရင်းတည် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ဒဿနိကနှင့် အနုပညာ လှုပ်ရှားမှုအမျိုးမျိုးက ဤ ယဉ်ကျေးမှုကို ဩဇာသက်ရောက်ခဲ့ပြီး၊ အတိအကျ ပြောရလျှင် ခေတ်ပေါ်အနုပညာ မျိုးကွဲတချို့က ပန့်ခ်ယဉ်ကျေးမှုကို ကြိုတင်နိမိတ်ဖတ်ခဲ့သည်။ များပြားသော စာရေးဆရာများ၊ စာအုပ်များနှင့် စာပေလှုပ်ရှားမှုများမှာလည်း ပန့်ခ် ရသဗေဒ ဖြစ်ပေါ်လာမှုအတွက် အရေးပါခဲ့သည်။ အလားတူပင် ပန့်ခ်ရော့ခ်မှာ ထွေပြားစုံလင်သော ရော့ခ်အင်ရိုးလ်ဂီတ စတိုင်လ်များအပေါ် အခြေခံပြီး မွေးဖွားလာခဲ့ခြင်း ဖြစ်သလို ထိုအချိန်က ရှိနှင့်ပြီးသော လူငယ်ယဉ်ကျေးမှုများ၏ ဩဇာ လွှမ်းမိုးခြင်းကိုလည်း ခံခဲ့ရသည်။

Protopunk ဟု ခေါ်သော အစောဆုံးရှေ့ပြေးပန့်ခ် ဂီတပုံစံသည် ၁၉၇ဝ ခုနှစ်အစောပိုင်းကနေ အလယ်ပိုင်း တလျှောက်မှာ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းကနေ စတင်ပေါ်ထွက်လာခဲ့သည်။ ပန့်ခ်ဆိုပြီး တံဆိပ်ကပ် ခံရသော ပထမဦးဆုံးဂီတမြင်ကွင်းမှာ ၁၉၇၄ နှင့် ၁၉၇၆ ခုနှစ် ကြားကာလမှာ နယူးယောက်ခ်စီးတီးက စတင် ပေါက်ဖွားလာခဲ့သည်။ ထိုအချိန်ပိုင်း လောက်မှာပင် ပန့်ခ်ဂီတသည် လန်ဒန်မြို့မှာ စတင်ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီ ဖြစ်သည်။ များမကြာမီမှာမူ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အဓိကကျသော တတိယမြောက် ပန့်ခ်ဂီတမြင်ကွင်း အတွက် အချက်အချာကျသောနေရာ တစ်ခု ဖြစ်လာသည်။ ထိုမြို့ကြီး သုံးမြို့သည် လျင်မြန်စွာ ကြီးထွားလာသော ပန့်ခ် လှုပ်ရှားမှုအတွက် အမာခံကျောရိုး ဖြစ်လာခဲ့သော်လည်း ထိုအချိန်မှာ ဘရစ္စဘိန်း နှင့် ဘော့စတွန်တို့လို မြို့ကြီးများမှာလည်း ပန့်ခ်မြင်ကွင်းများ ရှိနေခဲ့ပြီ ဖြစ်သည်။

၁၉၇၇ ခုနှစ်ကစဟု ပန့်ခ် ယဉ်ကျေးမှုမှာ ပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားတိုးတက်လာခဲ့ပြီး၊ Z-Tone နှင့် Anarcho-punk တို့လို အုပ်စုကွဲများက ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့ကြသည်။ ပန့်ခ်လှုပ်ရှားမှု ရေစီးကြောင်း အင်အားလျော့နည်းလာတာနှင့်အမျှ post-punk၊ New Wave နှင့် No Wave တို့လိုမျိုး စိတ်သစ်များမှာ မီဤယာ၏ အာရုံစိုက်ခြင်း ခံလာကြရသည်။ ၁၉၈ဝ ခုနှစ် အစောပိုင်း လောက်မှာမူ ပြန်လည်ဆန်းသစ်လာသော ပန့်ခ်လှုပ်ရှားမှုသည် hardcore punk ယဉ်ကျေးမှုအဖြစ်နှင့် တစ်ကျော့ ပြန်လာခဲ့သည်။

ဖက်ရှင် (Fashion)[ပြင်ဆင်ရန်]

ပန့်ခ်တို့ ဝတ်စား ဆင်ယင်ပုံ

ပန့်ခ်များမှာ လူမှုရေးအရ လက်ခံနိုင်ဖွယ် ဖြစ်သော အပြုအမူ သဘောထားများကို စိန်ခေါ်နိုင်ဖို့အတွက် အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများ၊ ဆံပင်စတိုင်လ်များ၊ အလှပြင်ပစ္စည်းများ၊ ဆေးမင်ကြောင်ရုပ်များ၊ လက်ဝတ်ရတနာနှင့် ကိုယ်ခန္ဓာပိုင်း အထူးပြုလုပ်ချက်များကို ပြဇာတ်ဆန်ဆန် လွန်ကဲစွာ အသုံးပြု တတ်ကြသည်။ အစောပိုင်း ပန့်ခ် ဖက်ရှင်မှာ ရှိရင်းစွဲ အရာဝတ္ထုများကို ရသဗေဒ အကျိုးသက်ရောက်မှုအတွက် ပြောင်းလဲအသုံးပြုခဲ့ကြသည်။ နမူနာ အားဖြင့် စုတ်ပြဲနေသော အဝတ်အစားများကို တွယ်ချိတ်များနှင့် ချိတ်၊ တိတ်များနှင့် ကပ်ပြီး ထိန်းထားတာ၊ သမားရိုးကျ အဝတ်အထည်များကို မာကာပင်န် များနှင့် ဒါမှမဟုတ် ဆေးရောင်များ ရေးခြယ်တန်ဆာဆင်တာ၊ တွယ်ချိတ်နှင့် မုတ်ဆိတ်ရိတ်ဓားများကို လက်ဝတ် ရတနာအဖြစ် ဆင်ယင်တာများပင် ဖြစ်သည်။ သားရေထည်များ၊ ရာဘာနှင့် ဗီနိုင်းပလပ်စတစ် ဝတ်စုံများမှာလည်း ရေပန်းစားခဲ့သည်။ ထိုအတွက် အကြောင်းရင်း တစ်ခုကတော့ လူအများစုကြီးက ထိုကဲ့သို့ ဝတ်စုံများကို လုပ်ရိုး လုပ်စဉ်မဟုတ်သော စံလွဲလိင်မှုရေးရာ အလေ့အကျင့်များနှင့် တွဲဖက်ပြီး ရှုမြင်တတ်ကြ၍ပင် ဖြစ်သည်။ ပန့်ခ် အများစုမှာ 'drainpipe' ဂျင်းဘောင်းဘီ အကျပ်များ၊ သွေးပျက်ထိတ်လန့်စရာ ရုပ်ပုံများ ပါရှိသော တီရှပ်များ၊ များသောအားဖြင့် ပန့်ခ်ဝိုင်းများ၏ နာမည်စာလုံး ဤဇိုင်းများ ရေးဆွဲထားပြီး ကော်လာ အောက်နားများ၊ အိတ်ဖုံးများကို တွယ်ချိတ်များ၊ သတ္တုနှိပ်ကြယ်သီးများ ဆင်ယင်၍ အင်္ကျီတစ်ထည်လုံး များပြား လှသော သံချွန်များ၊ သံမှိုများ ရိုက်နှက် တန်ဆာဆင်ထားသော သားရေဂျက်ကက်များနှင့် Dr. Martens ဘွတ်ဖိနပ်များ၊ စကိတ်ရှူးများ၊ Converse ဖိနပ်များ ဝတ်ဆင်တတ်ကြသည်။

တချို့ပန့်ခ်များမှာ သူတို့၏ ဆံပင်များကို ဆူးချွန်များလို ထောင်ထနေအောင် ပုံစံသွင်းပြီး၊ ခေါင်းအလယ်တည့်တည့်မှာ ဆံပင်ချန်ဟု ဘေးနှစ်ဘက် အပြောင်ရိတ်ထားသော မိုဟော့ခ်ဆံပင်စတိုင်လ် ဒါမှမဟုတ် တခြားထူးဆန်းသော ဆံပင်ပုံစံများ ညှပ်၊ သဘာဝမကျသော အရောင်တောက် တောက်ပပများ ဆိုးထားတတ်ကြသည်။ ပန့်ခ်များမှာ သူတို့စိတ်ကြိုက် ဂျက်ကက်များကို ရင်ထိုးတံဆိပ်များ၊ သူတို့ နှစ်သက်သော ပန့်ခ်ဂီတအဖွဲ့များ၊ ယုံကြည် သက်ဝင်သော အတွေးအမြင်များကို ဖော်ကျူးထားသော စတစ်ကာရုပ်ပုံများ ဆင်ယင်ပြီး၊ ပြင်ပကမ္ဘာကြီးကို သူတို့ ဘယ်လိုလူများလဲဆိုတာ တစွန်းတစ်စ ထုတ်ဖော်ပြသ တတ်ကြသည်။ တခါတလေလည်း သူတို့သည် သံမဏိ ကြက်ခြေခတ်တံဆိပ်လို လူများ ထိတ်လန့် ရှောင်ရှားကြသော သင်္ကေတအမှတ်အသားများကို ဝံ့ကြွားစွာ ဆင်မြန်းတတ်ကြသည်။ အစောပိုင်း ပန့်ခ်တချို့မှာ နာဇီ စကြာတံဆိပ် ဖော်ပြထားသော အဝတ်အစားများကို ခြောက်လှန့်နိုင်စွမ်း အတွက် အခါအားလျော်စွာ ဝတ်ဆင်တတ်ကြသော်လည်း ဤနေ့ခေတ် ပန့်ခ်အများစုကတော့ ပွင့်လင်းသော လူမျိုးရေး ဝါဒဆန့် ကျင်သူများ ဖြစ်ကြသည့်အတွက် ကန့်လန့်ဖြတ် အစင်းကြောင်းဆွဲခြစ်ထားသော နာဇီစကြာဆန့်ကျင်ရေး အမှတ်တံဆိပ်ကိုသာ ပိုပြီး ဝတ်ဆင်လေ့ရှိသည်။

ကြောင်ကြောင်ကျားကျား အဆင်အကွက်များနှင့် အသားကပ် ဘောင်းဘီရှည်၊ တီရှပ်လက်ပြတ်၊ စာတမ်းများ၊ ရုပ်ပုံများရေးဆွဲပြီး၊ သံမှို၊ သံချွန်များ ပြွတ်သိပ်နေအောင် စီတန်း ရိုက်နှိပ်ထားသော သားရေဂျက်ကက်နှင့် ကြိုးပေါက် ၁၈ ပေါက်ပါသော တိုက်ပွဲဝင် ဘွတ်ဖိနပ်ရှည်များ ဝတ်ဆင်ပြီး လမ်းပေါ်မှာ လျှောက်သွားနေတတ်သော ပန့်ခ်များနှင့် ဆန့်ကျင်ဘက်အဖြစ် အဝတ်အစားဖက်ရှင် ဆန့်ကျင်ရေးကို ဦးတည်သော ပန့်ခ်တချို့လည်း ရှိသည်။ သူတို့က ဂီတနှင့်သာ ပန့်ခ်ကို ဖွင့်ဆိုရ မှာ ဖြစ်သည်။ ဖက်ရှင်နှင့် မဟုတ်ဟု စောဒကတက်ကြသည်။ ထိုအမြင်ကို hardcore punk ဂီတမှာ အများဆုံး တွေ့နိုင်သည်။

ပန့်ခ်ရသဗေဒ ခံစားပုံမှာ ပန့်ခ်များနှစ်သက်သော အနုပညာ အမျိုးအစားကို ပြဋ္ဌာန်းပေးသည်။ ပန့်ခ် အနုပညာလက်ရာများမှာ များသောအားဖြင့် မြေအောက်အနုပညာဆန်ပြီး၊ အနည်းဆုံးဝါဒ၊ အထွဋ်အမြတ်ထားသော အရာများကို စော်ကားဖျက်ဆီးခြင်းနှင့် သရော်လှောင်ပြောင်သော အငွေ့အသက်ပါရှိသော အာရုံခံစားမှုများ ပါဝင်တတ်သည်။ Hardcore မှာ မူလလက်ဟောင်း ပန့်ခ်ယဉ်ကျေးမှုနှင့် တန်းတူ ရေခံမြေခံကောင်းကြောင်း သက်သေပြနိုင်ခဲ့ပြီး၊ ဂီတအဖွဲ့သစ်များစွာ ထွက်ပေါ်စေလာစေခဲ့သည်။ ထို ယဉ်ကျေးမှု ပုံစံကွဲများမှာ နဂိုရှိခဲ့ပြီးသော ယဉ်ကျေးမှု ပုံစံများနှင့်အတူ ပန့်ခ် အလံတော်အောက်မှာ ရပ်တည်ခဲ့ကြသည်။

၁၉၈ဝ ခုနှစ်များက အမေရိကန် မြေအောက်ပန့်ခ် လှုပ်ရှားမှုသည် ပန့်ခ်ဂီတကနေ ဆင့်ကဲတိုးတက် ဖြစ်ပေါ်လာသော တခြား ဂီတမြင်ကွင်းများကိုရော၊ ဤဂီတ၏ စိတ်ဓာတ်နှင့် ကိုယ်တိုင်လုပ်ယူ DIY အလေ့အထများကို လုံးဝ ကွဲပြားခြားနားသော ဂီတပုံစံများမှာ ထည့်သွင်းထားသော တခြားဂီတမျိုးကွဲများကိုပါ ဖြစ်ပေါ်လာစေခဲ့ပြီး၊ ပန့်ခ်ဂီတ၏ အမွေအနှစ်ကို အော်လ်တာနေးတစ်ဗ်ရော့ခ်နှင့် Indie ဂီတရပ်ဝန်းများမှာ ချန်ထားနိုင်ခဲ့သည်။ အော်လ်တာနေးတစ်ဗ်ရော့ခ်၏ စီးပွားရေးအရ အောင်မြင်မှုမှာ ပင်မရေစီး မီဤယာများက pop punk ဟု ခေါ်သော နောက်ထပ်စတိုင်လ်တစ်မျိုးကိုပါ လမ်းဖွင့်ပေးခဲ့သည်။ ၁၉၉ဝ ခုနှစ် အစောပိုင်းနှင့် အလယ်ပိုင်းတဝိုက်မှာ အမေရိကားက လှုပ်ရှားမှုသစ်တစ်ခု သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့ပြီး ပန့်ခ်ပြန်လည်ရှင်သန်မှုဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။

ဂီတ (Music)[ပြင်ဆင်ရန်]

Crass ဂီတအဖွဲ့ (1981)

ဂီတသည် ပန့်ခ်ယဉ်ကျေးမှု၏ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပန့်ခ်ဂီတကို ပန့်ခ်ရော့ခ် ဟု ခေါ်ပြီး တခါတလေမှာမူ ပန့်ခ် ဟုပင် အတိုကောက် ခေါ်လေ့ရှိသည်။ ပန့်ခ်ရော့ခ်အများစုမှာ ရော့ခ်ဂီတ အမျိုးအစားများထဲက ခြားနားသိသာသော စတိုင်လ်တစ်မျိုး ဖြစ်သော်လည်း တစ်ခါတရံမှာ တချို့ ပန့်ခ်ဂီတသမားများမှာ တခြားဂီတမျိုးကွဲများ ဆီက အစိတ်အပိုင်းများနှင့် ရောနှော ပေါင်းစပ်ပြီးလည်း ဖန်တီးတတ်ကြသည်။ ပန့်ခ်ယဉ်ကျေးမှု အုပ်စုကွဲများမှာ ကွဲပြားခြားနားသော ပန့်ခ်ရော့ခ်ဂီတ ဟန်များက တစ်ဆင့်၊ တစ်ခုနှင့် တစ်ခု ခွဲခြားထားကြခြင်း ဖြစ်သည်။ သို့သော် ပန့်ခ်ဂီတစတိုင်လ်တိုင်းမှာမူ ဆက်စပ်နေသော ယဉ်ကျေးမှုပုံစံများ ရှိကြတာ မဟုတ်ပါဘူး။ ပန့်ခ် ရော့ခ်အများစုမှာ ရိုးရှင်းသော ဖွဲ့စည်းတည်ဆောက်ပုံများ၊ သီချင်းတိုတိုများနှင့် ပန့်ခ်များ တန်ဖိုးထားသော ယုံကြည်ချက်၊ လူနေမှုပုံစံများကို ထင်ဟပ်ဖော်ကျူးသော တေးစာသားများ ပါရှိတတ် သည်။ များသောအားဖြင့် ပန့်ခ်ရော့ခ်ကို တစ်ကိုယ်တော် ဂီတသမားများအနေနှင့်ထက် တီးဝိုင်းအဖွဲ့များနှင့်သာ တီးခတ်သီဆိုလေ့ရှိသည်။

အတွေးအခေါ် (Ideology)[ပြင်ဆင်ရန်]

ပန့်ခ်အတွေးအခါ် ဒဿန အမြင်မှာ တသီးပုဂ္ဂလလူသား၏ လွတ်လပ်ပိုင်ခွင့်နှင့် တားမြစ်ကန့်သတ်မှု လျော့နည်းသော လူနေမှုဘဝပုံစံများနှင့် အဓိက သက်ဆိုင်သည်။ ပန့်ခ်ကျင့်ဝတ် စည်းမျဉ်းများမှာ ပိုမိုကြီးမားသော လွတ်လပ်မှုရအောင် ကြိုးပမ်းအားထုတ်ရာမှာ ကိုယ်တိုင်ရွေးချယ်မှု၏ အခန်းကဏ္ဍကို ထောက်ခံအားပေးခြင်း ဖြစ်သည်။ ယေဘုယျ ပန့်ခ်ကျင့်ဝတ်စည်းကမ်းများမှာ ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ်များကို လုံးဝဥဿုံဆန့်ကျင်ပယ်ချခြင်း၊ ကိုယ်တိုင်လုပ်ယူရသော DIY (Do It Yourself) စိတ်ဓာတ်၊ နိုင်ငံရေး ပြောင်းလဲမှုအတွက် တိုက်ရိုက်အရေးယူ ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးစီးပွား ရရှိရေးအတွက် ပင်မရေစီးကြောင်းက အာရုံစိုက်လာအောင် ကိုယ့်ကိုယ်ကိုယ် ရောင်းမစားခြင်းဆိုသော အချက်များ ပါဝင်တတ်သည်။

ပန့်ခ်နိုင်ငံရေးအမြင်များမှာ ထွေပြားစုံလင်သော နိုင်ငံရေးဒဿန နယ်ပယ်တစ်ခုလုံးမှာ ဖြန့်ကျက်နေရာ ယူထားသော်လည်း များသောအားဖြင့် ပန့်ခ်များမှာ သူတို့ကိုယ်သူတို့ တိုးတက်သော အမြင်ရှိသော လက်ဝဲသမားများဆိုပြီး စာရင်းသွင်းထားခဲ့ကြသည်။ ပန့်ခ်များမှာ ဒေသတွင်း၊ နိုင်ငံတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ဆန့်ကျင်ဆန္ဒပြပွဲများမှာ မကြာခဏ ပါဝင်လေ့ရှိသည်။ ယေဘုယျအကျဆုံး ပန့်ခ်နိုင်ငံရေးအမြင် ရေစီးကြောင်းတချို့ကတော့ မင်းမဲ့ဝါဒ၊ ဗဟိုချုပ်ကိုင်မှု ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး၊ အရင်းရှင်စနစ် ဆန့်ကျင်ရေး၊ လူမျိုးခွဲခြားမှု ဆန့်ကျင်ရေး၊ ကျားမခွဲခြားမှု ဆန့်ကျင်ရေး၊ အမျိုးသားရေး ဝါဒဆန့်ကျင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒ၊ သားငါးနှင့် နို့ထွက်ပစ္စည်း ရှောင်ကြဉ်ရေးနှင့် တိရစ္ဆာန်အခွင့်အရေး တောင်းဆိုမှုများ ဖြစ်ကြသည်။ ဤယဉ်ကျေးမှုမှာ ပါဝင်သူတချို့မှာ လက်ယာယိမ်းဝါဒနှင့် အထက်မှာ ဖော်ပြထားသော အတွေးအခေါ်များနှင့် ဆန့်ကျင်ဘက် ဖြစ်သော နိုင်ငံရေးအမြင်များကို စွဲကိုင် ထားကြသော်လည်း အနည်းစုလောက်သာ ဖြစ်သည်။ ဒါ့အပြင် နာဇီအတွေးအခေါ်ကို လက်ခံထွေးပိုက်ထားသော Blood and Honour တို့လို လူဖြူကြီးစိုးရေး အစွန်းရောက်အဖွဲ့အစည်းများမှာ ပါဝင်သော ပန့်ခ်တချို့လည်း ရှိပါသေးသည်။ အရေးပါသော ပန့်ခ်ဇင်းတချို့ကတော့ Maximum Rock N' Roll၊ Punk Planet နှင့် Cometbus တို့ပင် ဖြစ်ကြသည်။ ပန့်ခ်အကြောင်းရေးသားထားသော ဝတ္ထုများ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိများနှင့် ကောမစ်ရုပ်ပြစာအုပ်များ အတော်များများရှိခဲ့ပြီး၊ ထိုထဲက Love and Rockets ဆိုသော ကောမစ်ရုပ်ပြစာအုပ်မှာ လော့စ်အင်ဂျလိစ် ပန့်အသိုင်းအဝိုင်းအကြောင်း ဇာတ်ကွက်များ ပါဝင်ခဲ့သည်။

ပန့်ခ်ကဗျာဆရာများထဲက တချို့တဝက်ကို ဖော်ပြရမယ်ဆိုလျှင် Jim Carroll၊ Patti Smith၊ John Cooper Clarke၊ Seething Wells နှင့် Attila the Stockbroker တို့ပင် ဖြစ်ကြသည်။ Medway Poets တင်ဆက်မှု အနုပညာအုပ်စုထဲမှာမူ ပန့်ခ် ဂီတသမား Billy Childish ပါဝင်ခဲ့သည်။ Jim Carroll ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆန်သော အရေးအသားများမှာ ပန့်ခ်စာပေပုံစံ၏ ပထမဆုံး နမူနာများပင် ဖြစ်သည်။ နောက်ပြီး ပန့်ခ် ယဉ်ကျေးမှုမှာ Cyberpunk နှင့် Streampunk တို့လို စာပေအမျိုးအစား ပုံစံသစ်များကိုလည်း ဩဇာသက်ရောက် လွှမ်းမိုးခဲ့သည်။

ရုပ်ရှင် (Film)[ပြင်ဆင်ရန်]

ပန့်ခ်ရုပ်ရှုင်များ အတော်များများရှိခဲ့ပြီး၊ ပန့်ခ်ရော့ခ်ဂီတ ဗွီဤယိုများနှင့် ပန့်စကိတ်ဗွီဤယိုများမှာ လူသိအများဆုံး ဖြစ်သည်။ မှတ်တမ်းတင် ရိုက်ကူးနည်းမှာ ပန့်ခ်ရုပ်ရှင်ကားများ၏ အမှတ်အသားတစ်ခုပင် ဖြစ်သည်။ နာမည်ကြီး ဂီတဝိုင်း တော်တော်များများမှာ ရုပ်ရှင်ကားများမှာ ပါဝင်ခဲ့ကြသည်။ ဥပမာ Rock N' Roll Highschool ဇာတ်ကားမှာ Ramones အဖွဲ့၊ Great Rock N' Roll Swindle မှာ Sex Pistols အဖွဲ့သားများ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ လူသိများသော ပန့်ခ်များအကြောင်း ရိုက်ကူးထားသော အတ္ထုပ္ပတ္တိကားများလည်း ရှိသည်။ Sid and Nancy ဇာတ်ကားမှာ Sex Pistols အဖွဲ့သား Sid Vicious နှင့် သူ့ရည်းစား Nancy Spungen တို့ စုံတွဲအကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပြီး၊ Sidအဖြစ် Chloe Webb တို့က သရုပ်ဆောင်ခဲ့ကြသည်။

ပန့်ခ်များ၏ နဂိုမူရင်း ရုပ်ရှင်များမှာ ဂီတသတင်းမှတ်တမ်းကားများပင် ဖြစ်ကြသည်။ ဤနေ့အချိန်ထိ ပန့်ခ် ဝိုင်းတစ်ခုချင်းစီအကြောင်း သတင်းမှတ်တမ်းကားများ အမြောက်အမြား ရိုက်ကူးခဲ့ပြီး၊ တစ်ခုကို ထုတ်ပြ ရလျှင် ပန့်ခ် ရုပ်ရှင်ဖန်တီးသူ Don Letts ရိုက်ကူးသော The Clash မှတ်တမ်းကား၊ Westway to the World ပင် ဖြစ်သည်။ လူသိများသော ပန့်ခ်ဂီတ မှတ်တမ်းရုပ်ရှင်တစ်ခုကတော့ Sex Pistols အဖွဲ့ ပေါ်ပေါက်လာပုံကို အသေးစိတ် မှတ်တမ်းတင်ထားသော The Film and the Fury ပင် ဖြစ်သည်။ ထို ရုပ်ရှင်ကားထဲမှာ Sex Pistols အဖွဲ့သားများသာမက ဤအဖွဲ့နှင့် ဆက်နွယ် ပတ်သက်နေကြသူများ ဖြစ်သော Malcolm Mclaren၊ Vivienne Westwood၊ Nancy Spungen တို့အပြင်၊ Billy Idol၊ Sting၊ Shane McGowan နှင့် နောင်တစ်ချိန်မှာ Siouxie Sioux ဆိုပြီး လူသိများလာမယ့် ကောင်မလေး တစ်ယောက်ကိုပါ ထည့်သွင်းရိုက်ကူးခဲ့သည်။ ထိုကားထဲက ပြကွက်တစ်ခုကတော့ ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီး နန်းသက်စံ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတုသဘင် ကျင်းပနေတုန်း Sex Pistols အဖွဲ့က 'God Save the Queen' သီချင်းကို သိမ်းစ်မြစ်လယ်က ကုန်သင်္ဘောတစ်စင်းပေါ်မှာ သီဆိုဖျော်ဖြေခဲ့ပုံနှင့် ထိုနောက် ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရပုံပင် ဖြစ်သည်။

No Wave ရုပ်ရှင်လှုပ်ရှားမှုမှာလည်း ပန့်ခ်ရသဗေဒ ခံယူချက်များအပေါ် အခြေခံခဲ့သည်။ နာမည်ကြီး ပန့်ခ်ရုပ်ရှင်ဖန်တီးသူများကတော့ Derek Jarman နှင့် Don Letts တို့ပင် ဖြစ်ကြသည်။ ပန့်ခ်အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားများ အများကြီးထဲက 24 Hour Party People ကားမှာ ပန့်ခ်ရော့ခ်ကနေ New Wave နှင့် Madchester ဂီတမျိုးကွဲများအဖြစ် ဆင့်ကဲပြောင်းလဲလာပုံကို တင်ဆက်ထားပြီး၊ Threat ဇာတ်ကားမှာမူ နယူးယောက်ခ် hardcore ဂီတမြင်ကွင်းက စစ်သွေးကြွ Straight Edge ပန့်ခ်များအကြောင်းကို ရိုက်ကူးတင်ပြ ထားသည်။

လူနေမှုစတိုင်လ် (Lifestyle)[ပြင်ဆင်ရန်]

1994-2004 အကြား အမေရိကနှင့် ဗြိတိန်တွင် ထုတ်ဝေသည့် ပန့်ခ်ဇင်းတချို့

အကြမ်းဖျဉ်းပြောရလျှင် ပန့်ခ် များမှာ အလုပ်သမားလူတန်းစားနှင့် အခြေခံလူတန်းစား နောက်ခံက ဆင်းသက်လာကြသူများ ဖြစ်သည်။ တချို့ အခြေအနေမဲ့ ပန့်ခ်များမှာ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်း၊ လိုက်လံတောင်းရမ်းခြင်းနှင့် အမှိုက်ပုံက ရှာဖွေကောက်ယူခြင်းများနှင့် အသက်ရှင်ရပ်တည်နိုင်ဖို့ ရုန်းကန် ကြရသည်။ ပန့်ခ် အနုပညာလက်ရာများကို အယ်လ်ဘမ် မျက်နှာဖုံးများ၊ ဖျော်ဖြေပွဲ လက်ကမ်းကြော်ငြာ စာရွက်များနှင့် ပန့်ခ် မဂ္ဂဇင်းများ (Punk Zines ဟု ခေါ်သည်) မှာ အဓိက တွေ့ရသည်။

အများအားဖြင့် ရှင်းလင်း ပြတ်သားသော သတင်းပေးချက်များကို ခိုင်မာစွာ ဖော်ပြလေ့ရှိသော ပန့်ခ် အနုပညာမှာ တစ်ခါတရံမှာ လူမှုရေး တရားမျှတမှုကင်းမဲ့ခြင်းနှင့် စီးပွားရေး မညီမျှမှုတို့လို နိုင်ငံရေး အကြောင်းအရာများကိုလည်း တင်ပြလေ့ ရှိသည်။ တုန်လှုပ်ချောက်ချားသွားအောင် ခြောက်လှန့်ဖို့နှင့် ကြည့်ရှုသူကို စာနာစိတ် ဖြစ်ပေါ်လာအောင် လှုံ့ဆော်ဖို့ အတွက် နာကျင်ခံစား နေရသော ပုံရိပ်များကို အသုံးပြုခြင်းကိုလည်း တွေ့ရသည်။ ထိုကဲ့သို့ပင် ပန့်ခ်အနုပညာ လက်ရာများမှာ တစ်ကိုယ်တော်ဆန်ခြင်း၊ မိုက်မဲမှုနှင့် စိတ်ပါဝင်စားမှု ကင်းမဲ့ခြင်းများကို ဖော်ကျူးသော ပုံရိပ်များ ပါဝင်တတ်ပြီး၊ ကြည့်ရှုသူကို မထီမဲ့မြင်စိတ် ဖြစ်ပေါ်လာအောင်လည်း နှိုးဆွပေးတတ်သည်။

အစောပိုင်း ပန့်ခ် လက်ရာအများစုမှာ မိတ္တူကူးဆိုင်များမှာ ကူးယူဖြန့်ချိသော ပန့်ခ်ဇင်းများမှာသာ ပါဝင်လေ့ရှိသော အဖြူအမည်းပုံများ ဖြစ်ကြသည်။ နောက်ပြီး ပန့်ခ်အနုပညာမှာ ပေါ့ပ်ပန်းချီဆရာ အင်ဤ ဝါးဟိုး၏ Factory စတူဤယိုက ဆက်ခံသော အမြောက်အမြား ထုတ်လုပ်မှု ရသဗေဒနည်းနာကိုလည်း အသုံးပြုခဲ့သည်။ Crass အဖွဲ့က ဦးဆောင်သော Stencil Art ပြန်လည်ရှင်သန်မှုမှာလည်း ပန့်ခ်များမှာ တတပ်တအား ပါဝင်ခဲ့ကြသည်။ Situationists ဟု ခေါ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဝါဤများကလည်း ပန့်ခ်အနုပညာ (အထူးသဖြင့် Sex Pistols အဖွဲ့) အပေါ် ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။

ပန့်ခ်အနုပညာလက်ရာများမှာ Collage ဆိုသော ဖြတ်ညှပ်ကပ် နည်းနာကိုလည်း မကြာခဏဆိုသလို အသုံးချတတ်ပါသေးသည်။ အဲဒါကို Crass၊ Jamine Reid နှင့် Wiston Smith တို့၏ လက်ရာများမှာ အထင်အရှားတွေ့နိုင်သည်။ John Holmstrom မှာ ပန့်ခ်ကာတွန်းဆရာ တစ်ယောက် ဖြစ်ပြီး၊ The Ramones နှင့် Punk Magazine အတွက် ပုံများ ရေးဆွဲပေးခဲ့သည်။ Stuckism အနုပညာလှုပ်ရှားမှုမှာလည်း ပန့်ခ်အနုပညာ အပေါ်အခြေခံပြီး၊ ၂ဝဝ၄ ခုနှစ် လီဗာပူးလ်မြို့က Walker အနုပညာ ပြခန်းမှာ ကျင်းပခဲ့သော သူတို့အုပ်စု၏ ပထမဦးဆုံးပြပွဲကို The Stuckists Punk Victorian ဟု နာမည်ပေးခဲ့သည်။ ထိုအုပ်စုကို စတင် တည်ထောင်ခဲ့ကြသူများထဲက တစ်ယောက် ဖြစ်သော Charles Thomson က ပန့်ခ်ကို သူ့၏ အနုပညာလမ်းကြောင်းမှာ အရေးအပါဆုံး ထိုးဖောက် ဖြစ်ထွန်းလာမှု တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ကခုန်ခြင်း (Dance)[ပြင်ဆင်ရန်]

ပန့်ခ်ယဉ်ကျေးမှုမှာ များပြားသော ကခုန်မှုစတိုင်လ်များကိုလည်း ဖြစ်ပေါ်တိုးတက်လာစေခဲ့သည်။ ထိုထဲက တချို့စတိုင်လ်များမှာ ရုန်းရင်း ဆန်ခတ်နိုင်ပြီး၊ ကြမ်းကြမ်းတမ်းတမ်း ဖြစ်ကြတာမို့ ပန့်ခ်ဖျော်ဖြေပွဲများကို အဓိကရုဏ်း အသေးစားများလို ဖြစ်လာစေခဲ့သည်။ ပန့်ခ်ရော့ခ်နှင့် အဓိက သက်ဆိုင်သော ကခုန်မှုစတိုင်လ်များကတော့ Pogo dancing (တစ်နေရာတည်းမှာ ရပ်ပြီး စည်းလွတ်ဝါးလွတ် ခုန်ပေါက်နေသော စတိုင်လ်တစ်မျိုးပါ) နှင့် moshing (hardcore ဂီတသမားများ၏ Slam dancing နှင့် ခပ်ဆင်ဆင် တူသည်) တို့ ဖြစ်ကြသည်။ စတိတ်စင်မြင့်ပေါ်က ဒိုင်ဗင်ထိုးချတာနှင့် လူအုပ်ပေါ်မှာ လှိုင်းစီးတာများကို The Stooges တို့လို ရှေ့ပြေး ပန့်ခ်ဝိုင်းများက စတင်ခဲ့ပြီး၊ အခုအချိန်ထိ ပန့်ခ်မက်သည်လ်နှင့် ရော့ခ်ဖျော်ဖြေပွဲများမှာ တွေ့မြင်နေရဆဲ ဖြစ်သည်။ Ska punk များက shanking ဟု ခေါ်သော အကစတိုင်လ်ကို ခေတ်နှင့် လျော်ညီအောင် ပြုပြင်ပြီး ပွဲထုတ်ခဲ့ကြသည်။ Hardcore dancingကတော့ ထိုစတိုင်လ် များအားလုံး၏ ဩဇာသက်ရောက်မှုနှင့် နောက်ထပ် ဖြစ်ပေါ်တိုးတက်လာသော ကခုန်မှုစတိုင်လ် တစ်မျိုး ဖြစ်သည်။

စာပေအရေးအသား (Literature)[ပြင်ဆင်ရန်]

ပန့်ခ်ဆံပင်ပုံ

ပန့်ခ်ယဉ်ကျေးမှုမှာ ကဗျာနှင့် စကားပြေအရေးအသား ပုံစံသစ်များကိုလည်း ဖြစ်ထွန်းလာစေခဲ့သည်။ ပန့်ခ် များမှာ သူတို့ကိုယ်ပိုင် ဖြစ်သော မြေအောက် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းအဖြစ် သတင်းများ၊ ကောလဟာလများ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဝေဖန်ချက်များနှင့် အင်တာဗျူးများပါဝင်သော ပန့်ခ်ဇင်းများကို ထုတ်ဝေတတ်ကြသည်။ အများအားဖြင့် ပန့်ခ်များမှာ အလယ်တန်း ကျောင်းသားဘဝ၏ အစောပိုင်းနှစ်များမှာ ပန့်ခ်ယဉ်ကျေးမှုထဲကို ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ အများစုမှာ ထိုနောက် နှစ်အတန်ကြာသောအထိ ပန့်ခ်များအဖြစ် ဆက်လက်ရပ်တည်သွားကြပြီး၊ တချို့တလေကမူ သူတို့၏ ယုံကြည်သက်ဝင်မှုကို တစ်ဘဝလုံးစာ ရပ်တည်မှုအဖြစ် ခံယူသတ်မှတ်ခဲ့ကြသည်။ ပန့်ခ်လူဦးရေး၏ ရာခိုင်နှုန်း အများဆုံးမှာ မြီးကောင်ပေါက်အရွယ်များ ဖြစ်ကြသော်လည်း စိတ်ဓာတ်ရေးရာအရ ပန့်ခ် ဖြစ်သော အရွယ်ရောက်ပြီးသူများလည်း အများကြီးရှိသည်။

ပန့်ခ်များမှာ ကျားမခွဲခြားရေး ဝါဒကို ပွင့်ပွင့်လင်းလင်း ရှုံ့ချပြစ်တင်ကြသော်လည်း ပန့်ခ်ယဉ်ကျေးမှုမှာ Riot Grrrl လှုပ်ရှားမှုကို ဖယ်ကြည့်လျှင် ယောက်ျားသားများ ကြီးစိုးသော ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်သည်။ ဤယဉ်ကျေးမှု အစပြုကတည်းက ပန့်ခ် အမျိုးသမီးများမှာ အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့သော်လည်း ပြောရေးဆိုခွင့် အနည်းငယ်ပင် ရရှိခဲ့သလို အများစုမှာ ရှေ့တန်းမရောက်ခဲ့ကြ။ ဘယ်လိုပင် ဖြစ် ဖြစ် တခြားအစားထိုးယဉ်ကျေးမှုများနှင့် နှိုင်းစာလျှင် ပန့်ခ်များမှာ အတွေးအခေါ် အယူအဆပိုင်းအရ ကျားမရေးရာအပိုင်းမှာ ပိုပြီးသာတူညီမျှမှုရှိသည်ဟု ဆိုနိုင်သည်။ ပန့်ခ်ယဉ်ကျေးမှုမှာ မူဝါဒ အတိုင်းဆိုလျှင် လူမျိုးရေးဝါဒ ဆန့်ကျင်သော အမြင်ရှိသည်ဟု ဆိုသော်လည်း လူဖြူများသာ အများဆုံးကြီးစိုးထားသော ဒါမှမဟုတ် လူဖြူများ အများဆုံး နေထိုင်သော နိုင်ငံများမှာ ထွန်းကားသော ယဉ်ကျေးမှုတစ်ခု ဖြစ်နေသည်။ သို့သော် လူမည်းများ၊ လက်တင်အမေရိကန်များ၊ အာရှတိုက်သားများမှာလည်း ပန့်ခ်ယဉ်ကျေးမှုကို တိုးတက် ဖြစ်ထွန်းလာဖို့ အရေးပါသော အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။

ဆေးလိပ်၊ အရက်နှင့် မူးယစ် ဆေးဝါးရှောင်ကြဉ်သော Straight Edge လှုပ်ရှားမှုကလွဲလျှင် မူးယစ်ဆေးဝါးနှင့် တခြားစိတ်ကို ပြောင်းလဲစေတတ်သော အရာဝတ္ထုများ အလွဲသုံးခြင်းမှာ ပန့်ခ် ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းလို ဖြစ်နေသည်။ အကြမ်းဖက်မှုများမှာလည်း တချို့အုပ်စုကွဲများ အထူးသဖြင့် Anarcho punk ဟု ခေါ်သော မင်းမဲ့ဝါဤပန့်ခ်များ၏ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူများက ဆန့်ကျင်နေကြသော်လည်း ပန့်ခ်ယဉ်ကျေးမှုထဲမှာ ဆက်လက်တည်ရှိနေကြဆဲ ဖြစ်သည်။

အသိုက်အဝန်း (Community)[ပြင်ဆင်ရန်]

ပန့်ခ်များမှာ ဒေသတွင်း အစုအဖွဲ့များအဖြစ်နှင့် အနည်းဆုံး လူဦး ရေ ဒါဇင်ဝက်ကနေ ထောင်ချီသော အရေအတွက်ထိ ရှိကြသည်။ ပုံစံကျ ပန့်ခ်မြင်ကွင်းတစ်ခုမှာ ဂီတအဖွဲ့များ၊ ပရိသတ်များ၊ ဂီတပွဲခန်းမများ၊ မှီခိုမှု ကင်းရှင်းသော Indie ဓာတ်ပြား လေဘယ်လ်များ၊ ပန့်ခ်ဇင်း ထုတ်ဝေသူများ၊ စက္ခုအာရုံပိုင်းဆိုင်ရာ အနုပညာရှင်များနှင့် အဝတ်အစား ဖန်တီးပြုလုပ်သူများ (ဖက်ရှင်ဤဇိုင်းနာ) ပါဝင်ကြသည်။ ဒေသတွင်း ပန့်ခ် မြင်ကွင်းတစ်ခုမှာ ယေဘုယျအားဖြင့် အခိုင်အမာယုံကြည်သူ ပန့်ခ်အုပ်စုငယ် တစ်ခုကို ပိုပြီး လေးနက်မှုနည်းပါးသော အစွန်အဖျား ပတ်သက်သူများက ဝန်းရံထားကြခြင်း ဖြစ်သည်။ ကျူးကျော် ဝင်ရောက်နေထိုင်ခြင်းမှာ တချို့ ပန့်ခ် အသိုက်အမြုံများအတွက် ခိုလှုံစရာနှင့် တခြားလိုအပ်သော ထောက်ပံ့မှုများရရှိဖို့ အခန်းကဏ္ဍတစ်ခုအဖြစ် အရေးပါခဲ့သည်။ ပန့်ခ်ကျူးကျော်ရပ်ကွက်များနှင့် အခြား ပန့်ခ်ဂေဟာများမှာ နယ်လှည့် ဖျော်ဖြေရေး ထွက်လာသော ဂီတအဖွဲ့များ တထောက်နားဖို့ နေရာများ ဖြစ်လာခဲ့သည်။ ပန့်ခ်များ အုပ်စုလိုက် အတူနေထိုင်ကြသော Dial House ဟု ပန့်ခ်စုပေါင်းစခန်းများလည်း ရှိသည်။ အင်တာနက် ဆက်သွယ်မှုစနစ်မှာ ပန့်ခ် ယဉ်ကျေးမှုမှာ ကြီးမားသော အခန်းကဏ္ဍက ပါဝင်လာခဲ့ပြီး၊ On-Line လူ့အဖွဲ့အစည်းများနှင့် မှတ်တမ်းဖိုင်များ မျှဝေသုံးစွဲမှု ပရိုဂရမ်များကို ပေါ်ထွန်းလာခဲ့စေသည်။

ပန့်ခ်ယဉ်ကျေးမှုမှာ တစ်ခုနှင့် တစ်ခု မတူခြားနားသော ပြုမူလုပ်ဆောင်ချက်များ၊ ဂီတအမျိုးအစားများနှင့် ဝတ်ပုံစားပုံ စတိုင်လ်များကတဆင့် ခွဲခြားထားကြသော အုပ်စုကွဲ အမျိုးစုံ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုထဲက တချို့အုပ်စုကွဲများမှာ တစ်ခုနှင့်တစ်ခု အတိုက်အခံသဘောဆောင်ပြီး၊ တချို့အုပ်စုများမှာ ပန့်ခ်ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခု ဟုတ်သည်၊ မဟုတ်ဆိုတာကိုလည်း ကြီးမားသော သဘောထားကွဲလွဲမှုများ ရှိနေခဲ့သည်။ ယေဘုယျအားဖြင့် ပန့်ခ်တစ်ဦး တစ်ယောက်ကို အခုဖော်ပြထားသော အုပ်စုခွဲများထဲက တစ်ခုခု သို့မဟုတ် ဘာတစ်ခုနှင့်မှ တိတိကျကျမဟုတ်ဘဲ အမှတ်သညာပြုနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အလင်္ကာမဂ္ဂဇင်း