ခင်ဝမ်း

ဝီကီပီးဒီးယား မှ
ခင်ဝမ်း
မွေးဖွားခင်ဝမ်း
(24-11-1947)နိုဝင်ဘာ ၂၄၊ ၁၉၄၇
ပြည်မြို့ပဲခူးတိုင်း
ကွယ်လွန်ဖေဖော်ဝါရီ ၃၊ ၂၀၀၀(2000-02-03) (အသက် ၅၂)
နိုင်ငံလူမျိုး မြန်မာ
ကျော်ကြားမှုအရင်းခံပန်းချီဆရာအဆိုတော်စာရေးဆရာ

ခင်ဝမ်းကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ (၂၄) ရက်၊ တနင်္လာနေ့တွင် ပဲခူးတိုင်းပြည်မြို့၌ အဖဦးအောင်ခ၊ အမိ ဒေါ်သိန်းတင် တို့က မွေးဖွားခဲ့သည်။ (ဖခင်သည် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခဲ့သော ဂျပန်လူမျိုး အင်ဂျင်နီယာဖြစ်၍ ဂျပန်အမည် "ယောရှီအိုကာ နိုရိုခိ" ဖြစ်သည်။ ခင်ဝမ်း၏ ဂျပန်အမည်မှာ "ယောရှိ အိုကာ ဆာချိအော့"ဖြစ်သည်။ အကြီးဆုံးသား ဖြစ်သည်။ ညီများမှာ (ဦးခင်တူး)+ဒေါ်ခင်မာချို(ယခု-ပြည်မြို့)၊ ဦးဝင်းထွန်း (ယခု-အိုဆာကာ) တို့ ဖြစ်ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၅၃- ခုနှစ်တွင် ကမ္ဘောဇရိပ်သာကျောင်း (ယခု အလက-၁ ပြည်မြို့)တွင် ပညာ စတင်သင်ယူပြီး၊ အလယ်တန်းတွင် A.B.M မြန်မာနှစ်ခြင်း ခရစ်ယာန်ကျောင်း (ယခု-အ.ထ.က-၃ ပြည်မြို့) တွင် ပညာသင်ယူခဲ့သည်။ ငယ်စဉ်ကတည်းကပင် ပန်းချီ၊ ဂီတ၊ ကဗျာ၊ စာပေတို့ကို စိတ်ဝင်စားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် (၉) တန်းတွင် ရန်ကုန်မြို့ U.C.H.S (ယခု အ.ထ.က ၄ အလုံ) တွင် ကျောင်းအိပ် ကျောင်းစားဘဝဖြင့် ပညာသင်ခဲ့သည်။၁၉၆၅ ခုနှစ်တွင် ပြည်မြို့ အမှတ် (၁) ကျောင်းမှ (၁၀) တန်း အောင်မြင်ခဲ့သည်။ ၁၉၆၅-၆၆ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ်၌ သတ္တဗေဒ အဓိကဖြင့် ပညာသင်ယူပြီး ရွှေဘိုဆောင်၌ အဆောင်ကျောင်းသားအဖြစ် နေထိုင်ပြီး စာဖတ်၊ စာရေး၊ ဂစ်တာတီး၊ သီချင်းဆို၊ ပန်းချီဆွဲရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။ ပီယာနိုဆရာများမှာ ဦးကြည်သာနှင့် စန္ဒရား ဦးထွန်းညွှန့်တို့ ဖြစ်ကြသည်။

၁၉၆၆-၆၇ တွင် ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည် စာစောင်၌ "ကျွန်တော် လူဆိုးခင်ဝမ်း" ဝတ္ထုတိုကို ရေးသားခဲ့သည်။

အိမ်ထောင်သည်ဘဝ[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ် ဇူလိုင်လ ကျောင်းပန်းချီပြပွဲတွင် သူ၏ ပန်းချီကားများစတင် ပြသခဲ့သည်။ ၁၉၆၉ စက်တင်ဘာလ တတိယနှစ်တွင် ဒေါ်ခင်လေးမြင့်နှင့် လက်ထပ်ခဲ့သည်။ ယင်းနောက် ပန်းချီဆရာဘဝဖြင့် နေထိုင်ခဲ့သည်။ ၁၉၇၀ တွင်သမီးကြီး "ပွင့်ဖြူသီ" ကို မွေးဖွားခဲ့သည်။ ၁၉၇၁ ဇွန်လတွင် ဒုတိယ သမီး"ပွင့်မှုန်သီ" ကို မွေးဖွားခဲ့သည်။

သရုပ်ဖော်ရေးသားခဲ့သောဝတ္တုများ[ပြင်ဆင်ရန်]

၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလ၌ "စိတ္တဇပန်းချီ" စာအုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ ဇွန်လတွင် "မိုးဝေ" မဂ္ဂဇင်းတွင် တရုတ်စာရေးဆရာ မောထွန်း၏ "Episode" ဝတ္ထုကို "ဘဝကြေးမုံ" အမည်ဖြင့် ဘာသာ ပြန်ခဲ့သည်။ ဝတ္ထုသရုပ်ဖော်ပုံကို ကိုယ်တိုင်ရေးဆွဲခဲ့ပြီး "စံကြည်ကြော့"ကလောင်အမည်ဖြင့် ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လတွင် မိုးဝေမဂ္ဂဇင်းတွင် ယင်းကလောင် အမည်ဖြင့်ပင် အဲလ်ဘတ်ကမူး၏ "The Guest"ဝတ္ထုကို "ဧည့်သည်ကြီး" ဟု အမည်ပေးကာ ကိုယ်တိုင် သရုပ်ဖော်ရေးသား ပြန်ဆိုခဲ့သည်။ ၁၉၇၂ ခု မတ်လတွင် ပြည်သူ့ကြယ် ဂျာနယ်၌ "အော်တိုမက်တစ် စီးဇင်း"ပန်းချီဆောင်းပါး ရေးသားခဲ့သည်။ ဧပြီလတွင် ဖြူ၊ နီ၊ ညို၊ ပြာ မဂ္ဂဇင်းတွင်"စာရေးဆရာတစ်ယောက်နှင့် ပန်းချီကားများ အကြောင်း" အမည်ဖြင့် အမေရိကန်စာရေးဆရာမ "ဂါးထရု စတိန်း" အကြောင်း ရေးသားခဲ့သည်။

ပန်းချီအနုပညာလှုပ်ရှားမှု[ပြင်ဆင်ရန်]

ဩဂုတ်လ (၆) ရက်တွင်"မျက်နှာစိမ်း တကိုယ်တော် ပန်းချီပြပွဲ"ကို သိမ်ဖြူလမ်း ဆရာဝန်များအသင်းတိုက်၊ ရန်ကုန်တွင် ပြသခဲ့သည်။ ၁၉၇၃ ဇူလိုင်လတွင် တတိယသမီး "ဇူလိုင်သီ" ကို မွေးဖွားခဲ့သည်။"မြားဘုရင်" တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ "လောကနတ်" ပန်းချီပြခန်းတွင် ပြသခဲ့ပြီး မော်ဒန်အတ်နှင့် ပတ်သတ်သောစာတမ်းများကိုလည်း ရန်ကုန်မြို့ ဂျူဗလီဟောလ်တွင် ဖတ်ကြားခဲ့ဖူးသည်။ ၁၉၇၃-၇၄ ခုနှစ်တွင် "ပဉ္စမဇင်္ဂမီ" စုပေါင်းပန်းချီပြပွဲတွင် ပါဝင်ပြသခဲ့သည်။ ၁၉၇၃-၇၅ တွင် "အရှေ့ရွာ"ဂယ်လာရီကို ဦးကြည်တွဲနှင့် အတူစတင် တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့ ၃၃ လမ်းတွင်လည်း အနုပညာသင်တန်း တစ်ခုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်မှာ ဦးစိန်ခင်မောင်ရီ၊ ဂီတသင်တန်းဆရာမှာ စောင်းကိုသိန်းဖေ၊ ပန်းချီသင်တန်းဆရာအဖြစ် ခင်ဝမ်းက သင်ကြားပေးခဲ့သည်။

လေ့လာရေးခရီးနှင့်ထုတ်ဝေခဲ့သောတေးစီးရီးများ[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ်တွင် ပန်းချီပညာ လေ့လာရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် စတုတ္ထသမီး "မြင့်ခိုင်သီ" ကို မွေးဖွားခဲ့သည်။ ၁၉၇၇ ခု၊ နိုဝင်ဘာလတွင် မန္တလေးမြို့ ပန်တျာကျောင်း၌ "ယဉ်ကျေးမှုနှင့်အနုပညာအကြောင်း" ဟောပြောခဲ့သည်။၁၉၇၈ ခုနှစ်တွင် "နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်" တေးစီးရီးကိုကိုယ်တိုင်ရေးသား သီဆိုထုတ်ဝေခဲ့သည်။ ပြည်မြို့မှ "သက်တံတံတား"တီးဝိုင်းဖြင့် တီးခတ်ခဲ့ပြီး တိတ်ခွေကာဗာကိုလည်း ကိုယ်တိုင်ရေးဆွဲခဲ့သည်။

၁၉၇၉ ခုနှစ်တွင် "လောကနတ်" ဂယ်လာရီ(ရန်ကုန်)၌ "ဒြပ်မဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲ" ကို ပြသခဲ့သည်။ "ပြည်မှာဆောင်း" စီးရီးကိုလည်းကိုယ်တိုင်ရေးသား သီဆိုထုတ်ဝေခဲ့သည်။ သူ့ဇနီး ဒေါ်ခင်လေးမြင့်၏ "သမုဒ္ဒရာတေးထုတ်လုပ်ရေး" အမှတ် (၁၀)၊ တတိယ သွမ်မဆင်ရိပ်သာ (ရန်ကုန်) မှထုတ်ဝေခြင်းဖြစ်သည်။

၁၉၈၁ တွင် "ပန်းနုရောင် ခံစားချက်များ" တေးစီးရီးကို ကိုယ်တိုင်ရေးသားသီဆိုထုတ်ဝေခဲ့သည်။ ကိုနေဝင်းနဲ့ စောဂျက်ဆင် ရေးသားသော " မ ငိုမိတယ်" နှင့် ကိုမောင်မောင် (အဉ္ဇလီ မောင်မောင်)ရေးသားသော "မရှိခဏ" သီချင်းများ ပါဝင်သည်။ ၁၉၈၂ ခုနှစ်တွင် ကဗျာ၊ စာပေ၊ ပန်းချီ၊ ဂီတ သမားများနေထိုင်ရာ ရန်ကုန်တက္ကသိုလ်အနီး ခရမ်းပြာအဆောင်တွင် နေထိုင်ခဲ့ပြီး "ည" စီးရီးကို ကိုယ်တိုင် ရေးသား သီဆိုထုတ်ဝေခဲ့သည်။

၁၉၈၄ တွင်လည်း "လိပ်ပြာလွင်ပြင်" တေးစီးရီးကို ကိုယ်တိုင်ရေးသား သီဆို ထုတ်ဝေခဲ့ပြန်သည်။ Teelh အဖွဲ့တီးဝိုင်းဖြင့် တီးခတ်ခဲ့ကာ တိတ်ခွေကာဗာကို ကိုယ်တိုင်ရေးဆွဲခဲ့သည်။ ထိုနှစ်မှာပင် "တဖန်ပြန်လည် ဖြတ်သန်းခြင်း"စီးရီးကိုသီဆိုထုတ်ဝေခဲ့သည်။ သီချင်းဟောင်းများကို ပြန်လည် တီးခတ်သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၈၅ တွင် "ကစားမလား နားမလား" စီးရီးကို ကိုယ်တိုင်ရေးသား သီဆိုထုတ်ဝေ ခဲ့သည်။ (Teelh တီးဝိုင်းအဖွဲ့ဖြင့် တီးခတ်ကာ ကလပ်စစ်ကယ်ဂစ်တာ- ကိုနေဝင်း၊ ကိုမောင်မောင်၊ ဘေ့စ်ဂစ်တာ-ကိုရဲလွင်တို့က ကူညီတီးခတ်ခဲ့သည်။) ထိုနှစ်မှာပင် "ပန်းခရမ်းပြာ" စီးရီးကိုသီဆိုထုတ်ဝေခဲ့သည်။ (မဇ္ဈိမလှိုင်း တီးဝိုင်းဖြင့် တီးခတ်ခဲ့ပြီး ကိုနေဝင်း၊ ကိုရဲလွင်၊ မောင်သစ်မင်းတို့၏ သီချင်းများကို သီဆိုခဲ့သည်။ ၁၉၈၆ တွင် "ခင်ဝမ်းလက်ရွေးစင်" တေးစီးရီးကို သီဆိုထုတ်ဝေခဲ့သည်။

ဆောင်းပါးများနှင့်ဘာသာပြန်ကဗျာများ[ပြင်ဆင်ရန်]

၁၉၈၇ စက်တင်ဘာတွင် "စပယ်ဖြူ" မဂ္ဂဇင်းတွင် "ဂီတနှင့် သူရဿတီ" ဆောင်းပါးကိုရေးသားခဲ့သည်။ ၁၉၈၈ ဇွန်လ "နွေဦးကဗျာ" မဂ္ဂဇင်းတွင် "မဟာသံခ ဂန္ဓာရီ" ကဗျာကို ပါဠိဘာသာဖြင့် ရေးသားပြီး မြန်မာဘာသာ ပြန်ဆိုခဲ့သည်။ ၁၉၉၁ တွင် "အမှောင်ကို ထွန်းညှိမယ့် မီးအိမ်" စီးရီးကို သီဆိုထုတ်ဝေခဲ့သည်။ (ကိုနေဝင်း တစ်ကိုယ်တော် ရေးသားသော သီချင်း ၁၂ ပုဒ်ပါဝင်ကာ မဇ္ဈိမလှိုင်း တီးဝိုင်းဖြင့် တီးခတ်ခဲ့သည်။) ၁၉၉၂ စက်တင်ဘာ "စံပယ်ဖြူ" မဂ္ဂဇင်းတွင် "ဂီတ"ဟူသော ဆောင်းပါးကို ရေးသားခဲ့သည်။ ၁၉၉၃ "ပင်လယ်" စာပေနှင့် အနုပညာ မဂ္ဂဇင်း အမှတ် (၂) တွင် "အော်တိုမက်တစ်စီးဇင်း"ပန်းချီဆောင်းပါးကိုပြန်လည်ဖော်ပြခဲ့သည်။ ၁၉၉၄ တွင် "လိုတရအကြည့်" တေးစီးရီးကို ကိုယ်တိုင်ရေးသား သီဆိုထုတ်ဝေခဲ့သည်။ (မဇ္ဈိမလှိုင်း တီးဝိုင်းဖြင့် တီးခတ်ကာ "ဘယ်ဆီဘယ်ဝယ်" "မြစ်" နှင့် "သိနှင့်တော့" ၃ ပုဒ်မှ လွဲ၍ သီချင်းသစ်များ ဖြစ်သည်။) (၈) နှစ်ကြာအချိန်ယူခဲ့သော စီးရီးဖြစ်သည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် "ထောင့်မှန်မီးအိမ်" ပန်းချီပြပွဲ (ဒုတိယအကြိမ်) ကို မန္တလေးမြို့၌ အခြားပန်းချီဆရာများနှင့်အတူ ပါဝင်ပြသ ခဲ့သည်။ ထိုနှစ် အောက်တိုဘာ "သရဖူ" မဂ္ဂဇင်းတွင် "ကျောင်းသွားချိန်" ကဗျာကို ရေးသားခဲ့သည်။ ၁၉၉၅ တွင် "စိတ်ကြိုက်ပြန်ဆိုတေး" စီးရီးကို ထုတ်ဝေခဲ့သည်။ ကိုနေဝင်းရေးသည့် "လွမ်းရတဲ့ညတွေလွန်ပါစေ"၊ ကိုရဲလွင် ရေးသားသော "ပန်းခရမ်းပြာ"၊ "နဒီမင်္ဂလာ" နှင့် သူ၏ ကျော်ကြားသော တေးများပါဝင်ပြီး မဇ္ဈိမလှိုင်း တီးဝိုင်းဖြင့် တီးခတ်ခဲ့သည်။ ထိုနှစ်တွင်ပင်ကိုကျော်စိုးနှင့်အတူ "Dans La Rue" ကဗျာကို ပြင်သစ်ဘာသာဖြင့် ရေးဖွဲ့ပြီး "လမ်းပေါ်မှာ" အမည်ဖြင့် မြန်မာပြန်ခဲ့သည်။ မေလ၊ ဇွန်လ၊ ဇူလိုင်လ နှင့် စက်တင်ဘာလတို့တွင် "ရွက်နုဝေ" မဂ္ဂဇင်း၌ "ဗဂျီအောင်စိုး၏ ရိုးရာမှ ခေတ်သစ်သို့ (ပြန်လည်ဆန်းသစ်ခြင်း)" ဆောင်းပါးရှည်ကိုရေးသားခဲ့သည်။ ၁၉၉၇ တွင် "မင်းလျှောက်တဲ့လမ်း" တေးစီးရီးကို ကိုယ်တိုင်ရေးသား သီဆိုထုတ်ဝေခဲ့သည်။ မဇ္ဈိမလှိုင်း တီးဝိုင်းဖြင့် တီးခေတ်ပြီး သီချင်းသစ် ၄ ပုဒ်ပါဝင်သည်။) ထိုနှစ် မေလတွင် ရန်ကုန်မြို့ IVY ဂယ်လာရီ၌ "Metallurgy" တစ်ကိုယ်တော် ပန်းချီပြပွဲကို ပြသခဲ့သည်။ ဂျပန်မိတ်ဆွေ "Tazoe Kazuo" ဂျပန်ဘာသာဖြင့် ရေးသားထားသော ကဗျာကို "My Mind" အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

ကွယ်လွန်ချိန်[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၃) ရက်၊ ကြာသပတေးနေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ခင်လေးမြင့်၊ သမီး-ပွင့်ဖြူသီ၊ ပွင့်မှုန်သီ၊ ဇူလိုင်သီ၊ မြင့်ခိုင်သီနှင့် မြေး-အောင်မြင့်ထွန်းတို့ ကျန်ရစ်ခဲ့သည်။

ထင်ရှားကျော်ကြားသောသီချင်းများ[ပြင်ဆင်ရန်]

  1. နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်
  2. ပြည်မှာဆောင်း (၁၉၇၉)
  3. အိပ်မက်
  4. စိတ်ကြိုက်ပြန်ဆိုတေး
  5. ပန်းခရမ်းပြာ
  6. အမှောင်ကို ထွန်းညှိမယ့်မီးအိမ်
  7. လိုတရ အကြည့်
  8. မင်းလျှောက်ခဲ့တဲ့လမ်း
  9. ခင်ဝမ်း အကောင်းဆုံးသီချင်းများ
  10. ခင်ဝမ်း လက်ရွေးစင်
  11. ခင်ဝမ်း လက်ရွေးစင်(၂)
  12. တဖန်ပြန်လည်၍ ဖြတ်သန်းခြင်း

သူ၏ သီချင်းများအနက် - နှင်း ၊ ဧရာဝတီ၊ နှုတ်ဆက်ခဲ့ပါတယ်၊ အမေ၊ ပြည်မှာဆောင်း၊ ဆယ်လ်မွန်ငါးတို့အပြန်၊ မြားဘုရင်၊ ခုနစ်ပြည်ထောင်၊ မျှော်တလင့်လင့်၊ ပန်းခရမ်းပြာ (ကိုရဲလွင်)၊ နဒီမင်္ဂလာ (ကိုရဲလွင်)၊ လွမ်းရတဲ့ညတွေ လွန်ပါစေ(ကိုနေဝင်း) တို့မှာ ကျော်ကြားသည်။

သူ၏ အနှစ်သက်ဆုံးတေးသီချင်းများမှာ- နှင်း၊ ပြည်မှာဆောင်း၊ သက်ထား၊ မြစ်တို့ဖြစ်ကြသည်။ သူ၏ စံပြဂီတသမား (၂)ဦးမှာ စန္ဒရား ကိုသန်းလှိုင် နှင့် ဘလူးစ်ဂစ်တာ သမား ဘီဘီကင်း တို့ဖြစ်သည်။ သူ၏ ဂစ်တာလက်ဦးဆရာမှာ ဂျွန်စတီးဖြစ်ပြီး သူ၏ လက်ရွေးစင်အခွေများမှာ "ခင်ဝမ်းလက်ရွေးစင် (၂)" နှင့် " နှုတ်ဆက်ခဲ့ပါတယ် ဧရာဝတီ" တို့ ဖြစ်သည်။

ခင်ဝမ်းသည် တိုက်စိုး၏ "မင်းတုန်းမင်း"၊ သော်တာဆွေ၏ "ကျွန်တော့်ဘဝဇာတ်ကြောင်း"၊ အောင်ချိမ့်၏ "ဂန္ထဝင်မမ" စာအုပ်များတွင် မျက်နှာဖုံးပန်းချီ ရေးဆွဲခဲ့သည်။ FMI အဆောက်အဦ၏ ၁၀ ထပ်တွင် သူ၏ ပန်းချီကား (၈)ကားကို ချိတ်ဆွဲပြသထားခဲ့သည်။

စာကိုး[ပြင်ဆင်ရန်]

  1. မော်မင်းသန်း ရှာဖွေစုဆောင်းသည့် "ခင်ဝမ်း" ဆောင်းပါး
  2. ကိုရဲလွင်၏ "ကျွန်တော့်သူငယ်ချင်း ကိုခင်ဝမ်း" ဆောင်းပါး
  3. ကိုနေဝင်း၏ "ကိုခင်ဝမ်း လွမ်းချင်း" ဆောင်းပါး
  4. မော်မင်းသန်း၏ "ကိုခင်ဝမ်း အလွမ်းရယ်မပြေ" ဆောင်းပါး
  5. ကျော်ရင်မောင်(ရေဦး)၏ "ကိုခင်ဝမ်းနဲ့ ခုနစ်ရက်တာ မန္တလေးမှာ" ဆောင်းပါး
  6. မသိင်္ဂီ၏ "ခင်ဝမ်း- ဆန့်ကျင်ဘက်တို့ ဆုံစည်းရာ" ဆောင်းပါး