မြန်မာ လက်ထပ် ထိမ်းမြားခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ယေဘုယျ အတွက် လက်ထပ်ခြင်း ကို ကြည့်ပါ။
မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာတစ်ခု

ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။

မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ[ပြင်ဆင်ရန်]

မြန်မာကျေးရွာတစ်ခုရှိ လက်ထပ်ပွဲ

မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ "တစ်သက်မှာ တစ်မင်္ဂလာ" ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။

မင်္ဂလာ အခမ်းအနား ကျင်းပ ရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် ပို၍ ပြင်ဆင် ခြယ်သ ကြလေ့ရှိသည်။ သို့ရာတွင် ၎င်းတို့၏ ဝတ်စား ဆင်ယင် ပုံများကတော့ ရှေးမြန်မာ့ ရိုးရာများ အတိုင်းပင် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်က နန်းတွင်းသူများ ဝတ်သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ တင်ပါး အထိဖုံးသော ခါးထောင် အကျႌနှင့် ထိုင်မသိမ်း ပင်ဖြစ်သည်။ အရောင်အသွေး ၊ ပိတ်စ အမျိုးအစားနှင့် ခေတ်အလျောက် ဒီဇိုင်း အနည်းငယ် ပြောင်းလဲမှု ရှိသည့်တိုင် အခြေခံပုံစံ ကတော့ ဆိုခဲ့ပြီးသလို ရှေးမြန်မာ နန်းတွင်းသူတွေ အတိုင်းပင်ဖြစ်သည်။ အလားတူပင် မြန်မာ အမျိုးသားများ မှာလည်း မင်္ဂလာ အခမ်းအနားတွင် ရိုးရာ အဝတ် အထည်များ ကိုသာ ဝတ်ဆင် ကြသည်။ မင်္ဂလာဆောင်မည့် အမျိုးသား (သတို့သား) အတွက် အဓိကျသည့် ဝတ်စုံမှာ ခေါင်းပေါင်း ၊ ကော်လံကတုံး ရှပ်အင်္ကျီ အဖြူ ၊ တိုက်ပုံ နှင့် သာမန် လုံချည်များထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ပုဆိုးတို့ ဖြစ်သည်။ ထိုဝတ်စုံနှင့် လိုက်ဖက် ညီအောင်လည်း သတို့သားမှာ ကတ္တီပါ (သို့မဟုတ်) သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းကြလေ့ ရှိသည်။


အခမ်းအနား အများအပြားတွင် အခမ်းအနားမှူး (Master of Ceremony) ရှိလေ့ ရှိကြသည့် အတိုင်း မြန်မာ့ မင်္ဂလာ အခမ်းအနားများတွင် လည်းအခမ်းအနားမှူး လုပ်သူများပါရှိ လေ့ရှိကြသည်။ ထိုသူကို မြန်မာမှု အခေါ်အဝေါ်အရ ဘိသိက်ဆရာ ဟုခေါ်လေ့ရှိသည်။ ထိုဘိသိက်ဆရာက မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပပေးရသလို မင်္ဂလာ သတို့သားနှင့် သတို့သမီး အပါအဝင် နှစ်ဖက်သော မိဘဆွေမျိုး အသိုင်းအဝိုင်းအား ချီးမွမ်းခန်း နှင့် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ရွှေလက်မြဲမြဲ တွဲနိုင်ပါစေကြောင်း ဆုတောင်းခန်း တစ်ခုပါရှိသည့် ကဗျာရှည် တစ်ပိုဒ်ကို အထူး ရေးသားကာ ဖတ်ကြားပေးရသည်။ ဤသို့ ဖတ်ကြားပေးခြင်းကို ဘိသက် မြောက်ခြင်းဟု ခေါ်သည်။ ဩဘာ စာဖတ်သည်ဟုလည်း သုံးနှုန်းကြသည်။ သို့ရာတွင် အဆိုပါ ဘိသိက်ဆရာမှာ မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပ ပေးရသူဖြစ်သည့်တိုင် အခမ်းအနား ထွက်ရာတွင် မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ခွင့်ရသူမဟုတ်ပေ။ မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ထွက်ခွင့် ရသူမှာတော့ ပန်းကြဲသည့် မိန်းမပျိုသာဖြစ်သည်။ ထိုမိန်းမပျိုက မင်္ဂလာမောင်နှံ ရှေ့မှ ဦးဆောင်ကာ မင်္ဂလာ မောင်နှံလာမည့် လမ်းတစ်လျှောက် (စတိသဘော) ပန်းကြဲ ပေးရခြင်းဖြစ်သည်။ ထိုသို့ ပန်းကြဲခြင်းမှာ မြန်မာ့ရိုးရာ ရှေးရိုး အစဉ်အလာ တစ်ရပ် ဖြစ်ပြီး မင်္ဂလာမောင်နှံ၏ ဘဝခရီး တစ်လျှောက် ပန်းခင်းသော လမ်းတွင် လျှောက်ရ ပါစေကြောင်း အတိတ်နိမိတ်ကို ဆောင်ကျဉ်းခြင်းဖြစ်သည်။

အဆိုပါ ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရသည်။ ၎င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများ ၊ မင်္ဂလာမောင်နှံ၏ နှစ်ဘက်သော မိဘများက တန်းစီလိုက်ပါကာ အခမ်းအနား ထွက်ကြရသည်။ (သို့ရာတွင် အချို့သော မင်္ဂလာဆောင်များ တွင်မူ ပန်းကြဲသည့် မိန်းမပျိုနှင့် မင်္ဂလာ မောင်နှံကြားတွင် မင်္ဂလာလက်စွပ် ဗန်းကိုင်များ ၊ မင်္ဂလာ ပန်းကုံးကိုင်များကို တတ်နိုင်လျှင် တတ်နိုင်သလို ထည့်သွင်း ကြလျက်ရှိသည်။)

မင်္ဂလာ အခမ်းအနားသို့ ကြွရောက်လာသော ပရိတ်သတ်များမှာ သတို့သားနှင့် သတို့သမီး ၊ နှစ်ဖက်သော အသိုင်းအဝိုင်းမှ ဆွေမျိုးများ ၊ မိတ်ဆွေ သင်္ဂဟများနှင့် ၎င်းတို့၏ မိဘများ၏ မိတ်ဆွေ သင်္ဂဟများ ၊ အိမ်နီးချင်းများသာ ဖြစ်လေ့ရှိကြသည်။ သို့ရာတွင် ထိုသို့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက် လာကြသူများမှာ မင်္ဂလာ မောင်နှံအတွက် လက်ဆောင်များ ကိုယ်စီ ပါးလေ့ရှိကြသည်။ ဤသည်ကို မြန်မာမှု နယ်ပယ်တွင် မင်္ဂလာလက်ဖွဲ့ သည်ဟု ပြောစမှတ်ပြုလေ့ ရှိကြသည်။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူ နှစ်ဦးအား မိမိတို့ တတ်နိုင် သလောက် ဝိုင်းဝန်း ထောက်ပံ့ကြသည့် သဘောဖြစ်သည်။ ထိုကဲ့သို့သော မင်္ဂလာ အခမ်းအနားတစ်ခု၏ ကြာမြင့်ချိန်သည် တစ်နာရီခွဲမှ သုံးနာရီ အထိကြာ မြင့်လေ့ရှိသည်။ သို့ရာတွင် မင်္ဂလာ အခမ်းအနား ပြီးသည့်တိုင် သတို့သားနှင့် သတို့သမီးတို့၏ လုပ်ငန်းစဉ်များမှာ မပြီးဆုံးသေးပေ။ အိမ်ပြန်ပြီး ဘုရားရှိခိုး ကြရသည်။ နှစ်ဖက်သော မိဘများကို ကန်တော့ကြရသည်။ ပြီးမှ မိမိတို့ နေထိုင်မည့် အိမ် (သို့မဟုတ်) အခန်းကို ဝင်ကြရသည်။ ဤနေရာတွင် မြန်မာတို့၏ ချစ်စရာ လူမှု ဓလေ့တစ်ခုကို တွေ့နိုင်သည်။ အခန်းတွင်း ဝင်မည့် မင်္ဂလာမည့် မောင်နှံကို ရွှေကြိုး ၊ ငွေကြိုး များတား၍ ခဲဘိုးတောင်း ကြခြင်းပင်။ ခြိမ်းခြောက်ခြင်း ၊ အနုကြမ်းစီးခြင်း ကဲ့သို့ မဟုတ်ပဲ အပျော်သဘော လာဘ်တောင်း ခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါ ကဲ့သို့သော မင်္ဂလာဆောင်မှု မျိုးမဟုတ်သော ဓလေ့မျိုးကိုလည်း မြန်မာမှု နယ်ပယ်တွင် ရှိနေသေးပါသည်။ ထိုအရာများကား မင်္ဂလာ ဆွမ်းကပ်ခြင်းနှင့် ရုံးတက် လက်မှတ်ထိုးခြင်း တို့ဖြစ်သည်။

မင်္ဂလာဆွမ်းကပ်ခြင်း[ပြင်ဆင်ရန်]

သံဃာတော် များအား ပင့်ဖိတ်ကာ ဆွမ်းနှင့်တကွ လှူဘွယ်ဝတ္ထု အစုစုတို့ကို လှူးဒါန်း ဆက်ကပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓအလိုကျ လက်ထပ်နည်း ဖြစ်ပြီး ဧည့်ပရိတ်သတ် များလည်း ဖိတ်ကြားကျွေးမွေး နိုင်သည်။ များသောအားဖြင့် သီးသန့်မင်္ဂလာ အခမ်းအနား ကျင်းပသည် ဖြစ်စေ ၊ မကျင်းပသည်ဖြစ်စေ မင်္ဂလာဦးအလှူ အဖြစ်ကျင်းပလေ့ရှိကြသည်။

ရုံးတက်လက်ထပ်ခြင်း[ပြင်ဆင်ရန်]

ဥပဒေအရ လက်ထပ်သည့် လက်ထပ်နည်း ဖြစ်သည်။ တရားရုံး တစ်ခုခုတွင် ဂျူဒီလူကြီးရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လက်ထပ် စာချူပ်ပေါ်တွင် သတိုးသားရော သတိုးသမီးပါ လက်မှတ် ရေးထိုးကာ လက်ထပ်ရသည့် နည်းဖြစ်သည်။ တရားရုံးတွင် လက်ထပ်ခြင်း ဖြစ်သဖြင့် ဧည့်ပရိတ်သတ် အမြောက်အမြားကို ဖိတ်ကြား၍ မရသကဲ့သို့ အသိသက်သေဖြစ် လက်မှတ် ထိုးပေးရမည့်သူ နှစ်ဦးလည်း ရှိရသည်။ သို့မှသာ လက်ထပ် စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးခွင့် ရှိပြီး ဥပဒေအရ မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်သည်။ ယခုကာလတွင် ငွေကြေး တတ်နိုင်သူရော ၊ မတတ်နိုင်သူများပါ ရုံးတက် လက်မှတ်ထိုးသည့် အလုပ်ကို အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပြုလုပ်လာကြောင်း တွေ့ရသည်။ ဥပဒေအရ တရားဝင်အောင် ပြုလုပ်သည့် သဘောဖြစ်သည်။ များသောအားဖြင့် မင်္ဂလာအခမ်းအနား မကျင်းပမီ တရာရုံးသို့ သွား၍ လက်မှတ် ထိုးကြလေ့ရှိသည်။

ညစာစားပွဲများ[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာ ဓလေ့မဟုတ်ဘဲ အနောက်တိုင်း ယဉ်ကျေးမှုကူးစက်မှု တစ်ရပ်သာဖြစ်၍ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများရှိ ငွေကြေး တတ်နိုင်သူများသာ ကျင်းပလေ့ရှိသော အခမ်းအနားဖြစ်သည်။ မြန်မာ့ ဓလေ့မဟုတ်သဖြင့် သတ်မှတ်ပုံစံ မရှိသလို သတ်မှတ် ထားသော အဝတ်အစားများလည်း သီးသန့်ရှိမနေပါ။ ပေါ့ပေါ့ ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ ရှိသလို မိတ်ဆွေ အပေါင်းအသင်းများနှင့် သီးသန့် ပျော်ပါးသည့် ပွဲမျိုးသာဖြစ်သည်။

မည်သို့ပင် ကျင်းပ ကြသည်ဖြစ်စေ မြန်မာလူမျိုးတို့ အနေဖြင့် ထိမ်းမြား မင်္ဂလာဆောင် ကျဉ်းမှုကို ဝါတွင်းကာလ တစ်လျှောက်တွင် ကျင်းပကြလေ့မရှိချေ၊ အဆိုပါ ဝါတွင်းကာလမှာ မြန်မာ ပြက္ခဒိန်အရ ဝါဆို-ဝါခေါင် နှင့်တော်သလင်း ဟူသော သုံးလတာကာလ ဖြစ်ပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဇူလိုင်လ လယ်ပိုင်းမှ အောက်တိုဘာ လ လယ်ပိုင်းခန့် အထိဖြစ်သည်။ အဆိုပါ ကာလကို ထိမ်းမြားမင်္ဂလာ မပြုအပ်သော ကာလအဖြစ် ရှေးအစဉ်အဆက် ကတည်းက ယူဆ သတ်မှတ်ခဲ့ကြသည်။[၁]

ထိမ်းမြား မင်္ဂလာ (၁၀)ပါး[ပြင်ဆင်ရန်]

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိသည်။[၂]

၁။ သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတို့သမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတို့သား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

၂။ ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)

၃။ သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၄။ သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အဝတ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၅။ သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကိုယ် တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။

၆။ ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၇။ အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

၈။ သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၉။ ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၁၀။ ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ချမ်းညိမ်း
  2. လမ်းပြကြယ်